Saturday, February 21, 2009

တနင်္သာရီတိုင်းအတွင်း ဒေသပြောင်းရွေ့ခံခဲ့ရသူများ အဖက်ဖက်ကပိုမိုဆိုးဝါးလာ

Kaowao

ယခုလမှစ၍ တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲ၊ ညောင်တုံးကျေးရွာနေ ဒေသခံများ ယခင်ရွာဟောင်းတွင် စိုက်ပျိုး ထားသည့် တောင်ယာစပါးများ ရိတ်သိမ်းသယ်ဆောင်နိုင်ရန် နယ်မြေခံ ခလရ ၁၀၃ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ရဲရင့်နိုင်ကို ရွာအကြီး အကဲက ကျပ်တစ်သိန်းခန့်တန် ပိဿာချိန် ၃၀ ဝက်တစ်ကောင်ပေးမှသာ ၃ ရက်စာ ရွာပြင်ပထွက်ခွင့် လက်မှတ်များ ထုတ်ပေးမည်ဟု မကြာခင်ရက်ပိုင်းတွင် မိသားစုအားလုံး ထိုင်းနယ်စပ်ကို ရောက်ရှိလာသော အမည်မဖေါ်လိုသည့် ဒေသခံတစ်ဦးက ပြောဆိုခဲ့သည်။


လွန်ခဲ့သည့် ဇန်နဝါရီလအတွင်းတွင် KNU နှင့် နအဖစစ်တပ်တို့ မကြာမကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာဝန်းကျင်များတွင် စစ်အစိုးရတပ်က မိုင်းများထောင်ထားသည့်အတွက် ရွာသားတွေအပြင်မထွက်ရဲကြပါ။ မကြာခဏဆိုသလို ဗုံးပေါက်ကွဲသံကြားနေရသဖြင့် ရွာသားသည်လည်း ရွာအပြင်ထွက်ရမည်ကို ကြောက်ရွံ့နေကြသည်။ သို့သော် မိမိတို့စားဝတ်နေရေး ပြေလည်စေရေးအတွက် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကိုလည်း ဂရုမပြုနိုင်၊ ယခင်ရွာဟောင်းတွင် စိုက်ပျိုးထားသည့် တောင်ယာစပါးများ ရိတ်သိမ်းသယ်ဆောင်နိုင်ရန် ကြိုးပမ်းလျှက်ရှိသည်။ မတတ်နိုင်သည့်အဆုံး ထိုအခြေအနေထက် အနည်းငယ်ပိုအဆင်ပြေကြမည်ဟု ယူဆရသည့် နီးစပ်ရာထိုင်းနိုင်ငံသို့ မိသားစုအလိုက် ပြောင်းရွေ့အလုပ် လုပ်ကိုင်လာခဲ့ကြသည်။

၁၉၉၇ ခု၊ ဖေဖေါ်ဝါရီလကစပြီး တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲရှိ ကမိကျေးရွာမှ အိမ်ခြေ ၆၀ ခန့်၊ လူဦးရေ ၄၀၀ ကျော်ကို နအဖစစ်တပ် အခြေချရာ ညောင်တုံးကျေးရွာသို့ အတင်းအဓမ္မ ပြောင်းရွှေ့စေခဲ့ပြီး ဖြစ်သည်။ ပြောင်းရွှေ့ခံခဲ့သူများ အိမ်ဆောက်လုပ်ရန် အိမ်မြေတစ်ကွက်ကို ခွင့်ပြုပေးခဲ့သော်လည်း စိုက်ပျိုးရန် မြေနေရာများမရှိသဖြင့် နေထိုင်လုပ်ကိုင်စားသောက်နိုင်ရန် များစွာအခက်အခဲ တွေ့ကြုံနေရဆဲဖြစ်သည်။ တခြားစီးပွားရေးအသက်မွေးဝမ်းကြောင်းပြုလုပ်ရန်မှာ ရွာအပြင်ထွက်ခွင့်ကိုလည်း ပိတ်ပင်ထားပါသည်။ ရွာပြင်ပထွက်ခွာလျှင် ခွင့်ပြုချက်လက်မှတ်မရှိပါက စစ်အစိုးရတပ်မှ အသေပစ်သတ်နိုင်သည့် အမိန့်ထုတ်ထားသည့်အတွက် ရွာသားများ အလွန်စိုးရိမ် ကြောက်ရွံ့နေကြရပါသည်။

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ-ထားဝယ် အာရှ အဝေးပြေးကားလမ်းမကြီးဖောက်လုပ်ရေးစီမံကိန်းကို ၁၉၉၇ ခု၊ ပြီလမှစ၍ K.T.D Kanchanaburi Tavoy Development နှင့် Kyaw Lynn Naing ကုမ္ပဏီတို့စတင်ဆောင်ရွက်ခဲ့ရာမှ KNU တပ်မဟာ ၄ ဒေသတွင် ကမ်းရိုးတန်းဒေသနှင့် တပ်မ ၅၅ စစ်အစိုးရတပ်များ အကြီးအကျယ်ထိုးစစ်ဝင်ခဲ့ရာ ထိုစဉ်က ပြောင်းရွေ့ခံရသည့်ရွာ ၁၀ ရွာ၊ လုံးဝ မီးရှို့ဖျက်ဆီးခံခဲ့ရသည်ရွာ ၁၇ ရွာရှိ အိမ်ခြေတစ်ထောင်ကျော်မှ လူဦရေ ၇၀၀၀ ခန့် ရှိခဲ့ကြောင်း ယခင်သတင်းများတွင်ဖေါ်ပြခဲ့ပြီးဖြစ်သည်။

No comments: