Thursday, February 19, 2009

မယ်တော်ဆေးခန်း နှစ် (၂၀) ပြည့် အခမ်းအနားကျင်းပ

Thursday, 19 February 2009 20:19 ရိုးမ ၃

မယ်တော်ဆေးခန်း နှစ် (၂၀) ပြည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး ထူးချွန်ဝန်ထမ်းများကို ရွေးချယ်၍ ဆုပေးခြင်းများ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အနာဂတ် မြန်မာဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးအတွက် တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဒီမိုကရေစီ အင်အား စုများ နှင့်အတူ ပူးပေါင်းပြီး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု အနာဂတ်တွင် လုပ်ဆောင်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ဒေါက်တာ စင်သီယာမောင်က ပြောသည်။

နှစ်ပေါင်း (၂၀) အတွင်း မယ်တော်ဆေးခန်းအနေဖြင့် လုပ်ဆောင်နိုင်ခဲ့မှုအခြေအနေများကို ဒေါက်တာ စင်သီယာမောင်က “ အခြေခံ အကျဆုံးက မိခင်တွေ လုံခြုံစိတ်ချတဲ့နေရာမှာ မီးဖွားခွင့်ရခဲ့တယ်၊ ငှက်ဖျားတိုက်ဖျက်ရေးကို အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ တယ်၊ တချိန်တည်းမှာ စစ်ဘေးဒဏ်ကြောင့် ကိုယ်လက်အင်္ဂါချို့ယွင်းသွားသူတွေအတွက် ခြေတုလက်တုတွေ၊ မျက်စိဝေဒနာသည်တွေကို အလင်းပြန်ရအောင် လုပ်ပေးနိုင်ခဲ့ပါတယ်၊ ကျန်းမာရေး ပညာရေးအတွက် စုပေါင်းလုပ်ဆောင်ခြင်းတွေကို အားလုံးက အသိမှတ်ပြု လာတဲ့အတွက် အောင်မြင်မှုရခဲ့ပါတယ်” ဟု ပြောသည်။

မယ်တော်ဆေးခန်း စတင်တည်ထောင်စဉ်က တနှစ်လျှင် လူနာ (၁၈၀၀) ခန့်သာ ဆေးကုသပေးခဲ့ရာမှ ၂၀၀၈ ခုနှစ်အတွင်း လူနာ တသိန်း ခန့်ကို ကုသပေးနိုင်ခဲ့ပြီး ထက်ဝက်ခန့်သည့် မြန်မာနိုင်ငံအတွင်းပိုင်းမှ လာရောက်ကုသသည့် လူနာများဖြစ်သည်။

“လူနာတွေများလာတာက အရင်ထက်စာရင် ပိုဆိုးလာတယ်၊ ၂၀၀၅ နောက်ပိုင်းမှ ရွာတွေစွန့်ခွာလာတာတွေ၊ ပြန်ဖို့ မျှော်လင့်ချက်မထား နိုင်တာတွေ ရှိတယ်၊ ဒါ့အပြင် ပိုမိုဆိုးရွားတဲ့ ရောဂါတွေကြောင့် များလာခြင်းဖြစ်တယ်၊ အခြေခံကတော့ ကျန်းမာရေးစောင့်ရှောက်မှုအရ ပြည်တွင်းပြည်ပမှာဖြစ်စေ ပြည့်ဝတဲ့ စောင့်ရှောက်မှုမရှိတဲ့အတွက် အခုလို တိုးလာတာပါ၊ ကျမတို့နိုင်ငံရဲ့ ထောက်ပံ့မှုက လူထုအတွက် အကျိုးမပြုနိုင်လို့ပဲ ဖြစ်ပါတယ်” ဟု ဒေါက်တာစင်သီယာမောင်က ပြောသည်။

မယ်တော်ဆေးခန်းအတွက် ပုံမှန်ရရှိသည့် အကူအညီအထောက်အပံ့များသည် လူနာ (၆၀) ရာခိုင်နှုန်းအတွက်သာ လုံလောက်မှုရှိပြီး အခြားလိုအပ်ချက်များကို နိုင်ငံတကာနှင့် ပုဂ္ဂလိကအလှူရှင်များက ထောက်ပံ့ပေးနေခြင်းဖြစ်သည်ဟု ဆက်လက်ပြောသည်။

အခမ်းအနားသို့ လူမှုအခြေပြုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် မြန်မာ့ဒီမိုကရေစီအရေးအတွက် လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျောင်းသားလူငယ်များ စုစုပေါင်း (၂၀၀၀) နီးပါး တက်ရောက်ခဲ့ပြီး ကရင့်ရိုးရာ ဒုံးယိမ်အကနှင့် ကျဘမ်းစကားပြောပြိုင်ပွဲများအပါအ၀င် ဖျော်ဖြေရေးအစီအစဉ်များကို ညပိုင်းအထိ ကျင်းပခဲ့သည်။

မယ်တော်ဆေးခန်းကို ၁၉၈၈ ခုနှစ် ဒီမိုကရေစီလူထုအုံကြွမှုကြီး ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၁၉၈၉ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်ရောက် ၈၈ မျိုးဆက်ကျောင်းသားများ ကူညီပံ့ပိုးမှုအပါအဝင် ဒေါက်တာ စင်သီယာမောင်၊ ဦးသိုက်စိုး၊ ဦးဝဏ္ဏ၊ ဦးချစ်ဝင်း၊ ဆရာမနော်ထူးနှင့် ဦးစိန်ဟန် စသည့်ပုဂ္ဂိုလ် (၆) ဦးက စတင်လုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။

No comments: