Wednesday, February 18, 2009

မမေ့သင့်သော ကလေးများနေ့

ကြည်ဝေ

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ရန်ကုန်၊ သာကေတ မြို့နယ်တွင်းရှိ မူလတန်း ကျောင်းတကျောင်းရဲ့ စာသင်ခန်းတခုမှာ ဖြစ်ပါတယ်။
"ဖေဖော်ဝါရီ ၁၃ မှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တထောင့်ကိုးရာ တဆယ့်ငါး
ရှေ့နေဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စုသား။
တထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်။
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်။
ကောင်းစေချင်တဲ့မှာစကား
ငါတို့ မမေ့အား။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်တို့ခေါင်းဆောင်။
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။

လွတ်လပ်ရေးရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို စပ်ဆိုထားတဲ့ “အောင်ဆန်းဇာနည်” ကဗျာလေးကို တတိယတန်း ကျောင်းသားတွေ ရွတ်ဆိုသံဟာ သွပ်မိုး၊ ပျဉ်ကာ စာသင်ခန်းလေး ထဲကနေ ညီညီညာညာ စီခနဲ ထွက်ပေါ်လာပါတယ်။

စာသင်ခန်းရဲ့ ညာဘက်ထောင့်က စားပွဲရှေ့မှာ ထိုင်နေတဲ့ ဆရာမကတော့ ကလေးတွေရဲ့ကဗျာ ရွတ်သံအပြီးမှာ ကဗျာအကြောင်း ရှင်းပြဖို့ စတင်ပါတော့တယ်။

ဒီကဗျာလေးဟာ မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင် လုပ်ပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်းကို စပ်ဆိုထားတဲ့ ကဗျာဖြစ်ကြောင်း ဆရာမက စတင်ပြောဆို လိုက်ပါတယ်။

ဆရာမ အသံဟာ သာမန် စကားပြောနေတဲ့ အသံမျိုးထက်ကို အနည်းငယ်နှိမ့်ပြီး စိုးရွံ့နေတဲ့ အသံမျိုးဖြစ်နေတဲ့ အတွက် နောက်ဆုံးတန်းမှာ ထိုင်နေတဲ့ ကျောင်းသား ကျောင်းသူ တချို့ဟာ ဆရာမအသံကို ကြားရအောင် ကိုယ်ကို ရှေ့ကိုင်းပြီး နားစိုက်ထောင်လာ ကြပါတယ်။

အသက် ၉ နှစ် ၁၀ နှစ် ၀န်းကျင်အရွယ် တတိယတန်း ကျောင်းသူ ကျောင်းသား လေးတွေဟာ ဆရာမ ပြောတာကို ခေါင်းလေး မော့ပြီး နားထောင်လိုက်၊ မြန်မာစာ ဖတ်စာအုပ် စာမျက်နှာ ၁၈ မှာ ပါတဲ့ ဗိုလ်ချုပ်ပုံကို ငုံ့ကြည့်လိုက်နဲ့ စိတ်ဝင်စားနေကြပါတယ်။

မြန်မာနိုင်ငံကို နယ်ချဲ့ လက်အောက်ကနေ ကယ်တင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဇူလိုင်လ ၁၉ ရက်နေ့မှာ မသမာသူတွေရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရကြောင်း ရှင်းပြအပြီးမှာ ဒီကနေ့ဟာ လွတ်လပ်ရေးရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ ဖြစ်တယ်ဆိုတာကို ဆရာမက ကလေးတွေကို ပြောပြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသော အားဖြင့် ဒီနေ့ကို မြန်မာနိုင်ငံရဲ့ ကလေးများနေ့ အဖြစ် သတ်မှတ် ထားကြောင်း ဆရာမပြောဖို့ ကျန်နေခဲ့တာ တွေ့ရပါတယ်။

“ဒီကဗျာ ကလေးတွေကို သင်တဲ့နေရာမှာ လိုအပ်တာထက် မပိုဖို့၊ ပြီးတော့ ဗိုလ်ချုပ် အကြောင်းကို သင်ပေမယ့် ဗိုလ်ချုပ်ရဲ့ မိသားစုဝင်တွေ အကြောင်းကို မပြောရဘူး ဆိုတဲ့ ညွှန်ကြားချက်လည်း ရှိတဲ့အတွက် ကျမတို့ ဒီကဗျာသင်တိုင်း သတိထားရပါတယ်” လို့ တတိယတန်း မြန်မာစာ သင်သူ ဆရာမလေးက ပြောပြပါတယ်။

ဗိုလ်ချုပ်ကဗျာကို သင်ရင်း ကျောင်းသားတဦးဦးက ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီး မေးလာတဲ့ အခါတိုင်း ဆရာမလေးက တက်ကြွစွာ ရှင်းပြတတ်ပေမယ့်၊ ဒီကဗျာရဲ့ စကားပြေကိုတော့ ကလေးတွေကို ရေးခိုင်းဖို့ မလိုအပ်ကြောင်း၊ စာမေးပွဲမှာလည်း ဒီကဗျာဟာ မေးလေ့ မရှိကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း သင်ကြားရင်းနဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို ပြောပြစရာ မလိုအပ်ကြောင်း သက်ဆိုင်ရာက ညွှန်ကြားချက်ထဲမှာ ပါတယ်လို့ ဆရာမလေးက ဆိုပါတယ်။

အစိုးရကျောင်းတွေမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီး သင်ကြားရတဲ့ သင်ခန်းစာတွေမှာ ဗိုလ်ချုပ် အောင်ဆန်း ရဲ့ စိတ်ဓာတ်၊ အနစ်နာခံမှု တွေကို ပေါ်လွင်စေတဲ့ သင်ခန်းစာ မျိုးတွေကို ဖြုတ်ချထားပြီး ဗိုလ်ချုပ်အောင်ဆန်းကို ယနေ့ ကလေးတွေအနေနဲ့ နားလည်သိမြင်ခြင်း မရှိအောင်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သမီးအဖြစ် တွဲလျက် မြင်ယောင်ခြင်း မရှိရလေအောင် ဆောင်ရွက်လျက် ရှိပါတယ်။

အသက် ၂၇ နှစ် အရွယ်သာရှိသေးတဲ့ မူလတန်းပြ ဆရာမလေးက ဒီနေ့ကို ဗိုလ်ချုပ်မွေးနေ့ ဖြစ်တယ်ဆိုတာ သိပေမယ့် ကလေးများနေ့ ဖြစ်တယ်ဆိုတာကို မသိကြောင်း၊ လူမှန်းသိတတ်စ အရွယ်ကတည်းက ဒီနေ့ကို ကလေးများနေ့ အဖြစ် အခမ်းအနား ပြုလုပ်ခဲ့တာမျိုးကို မကြုံတွေ့ခဲ့ရဘူးကြောင်း ပြောပြပါတယ်။

“ကျမအဖွားတို့ ခေတ်တုန်းကတော့ ဒီနေ့ကို အခမ်းအနားတွေ ဘာတွေလုပ်ခဲ့တယ်လို့ ပြောဖူးတယ်၊ ကျမတို့ ခေတ်ကျတော့ အဲဒါမျိုးတွေမရှိတော့ဘူး၊ အခု ခေတ်ကြတော့ ပိုဆိုးတာပေါ့” လို့ အသက် ၃၅ နှစ်အရွယ် ကျောင်းသား မိခင်တဦးက ပြောပြပါတယ်။

ဗိုလ်ချုပ် မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကို ကလေးများနေ့အဖြစ် သတ်မှတ်ရတဲ့ ရည်ရွယ်ချက်က ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုလိုတာကလည်း တကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းလို ထူးချွန်တဲ့၊ တိုင်းပြည် ချစ်တဲ့၊ ပြည်သူအတွက် အနစ်နာခံတတ်တဲ့ ခေါင်းဆောင် ကောင်းတွေ ပေါ်ထွက်လာစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖဆပလခေတ်မှာ စတင် သတ်မှတ်ခဲ့တယ်လို့ အသက် ၇၀ ၀န်းကျင်အရွယ် နိုင်ငံရေးသမားကြီး တဦးက ပြောပြပါတယ်။

“ဖဆပလ ခေတ်တုန်းကတော့ အခမ်းအနားတွေ ဘာတွေနဲ့ လုပ်ကြတာပဲ။ နေ၀င်းအစိုးရ ခေတ်မှာတော့ သိတဲ့အတိုင်းပဲ။ သူကလည်း ဗိုလ်ချုပ်ကို မနာလိုစိတ်က ရှိတော့ သေချာ လုပ်ပေးတာမျိုး မရှိတော့ဘူး” လို့ အဆိုပါ နိုင်ငံရေးသမားကြီးက ပြောပါတယ်။

မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က အစိုးရကျောင်းတွေမှာ ကလေးများနေ့အဖြစ် သီးသန့်ပွဲတွေ မလုပ်ခဲ့ပေမယ့် ပုဂ္ဂလိက ကျောင်းတွေမှာတော့ ကျောင်းအုပ် ဆရာကြီးများက ကလေးများနေ့ အခမ်းအနား တွေကို စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အားကစားပြိုင်ပွဲ စတဲ့ ပျော်ပွဲ ရွှင်ပွဲတွေ ထည့်သွင်းပြုလုပ် ပေးခဲ့တယ်လို့ သိရပါတယ်။

အာဏာရှင် စစ်အစိုးရ ခေတ်မှာတော့ အဆိုပါနေ့ကို လျစ်လျူရှုထားခဲ့ပြီး လုံးဝ မေ့လျော့ ပျောက်ပျက် သွားအောင် ပြုလုပ်နေတာ ဖြစ်တယ်လို့ နိုင်ငံရေးသမားကြီးက ဆိုပါတယ်။

စစ်အစိုးရ လက်ထက်မှာပဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးချုပ်မှာတော့ နှစ်စဉ် နှစ်တိုင်း ဗိုလ်ချုပ်မွေးနေ့မှာ ကလေးများနေ့ အခမ်းအနား ပြုလုပ်ခဲ့သလို အခုနှစ်မှာလည်း ပြုလုပ်တယ်လို့
အန်အယ်လ်ဒီ အဖွဲ့ဝင်တဦးက ပြောဆိုပါတယ်။

“အဓိက ရည်ရွယ်ချက်ကတော့ ဗိုလ်ချုပ်အောင်ဆန်း ကိုလည်း ဂုဏ်ပြုရင်း ကလေးတွေက ဗိုလ်ချုပ်အောင်ဆန်းလို စိတ်ဓာတ်မျိုး ဖြစ်လာအောင် ဒီနေ့မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေ၊ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းတွေ ဟောပြောပွဲတွေ လုပ်တယ်။ ပြိုင်ပွဲလေးတွေ လုပ်ပြီး ဆုပေးပါတယ်” လို့ သူက ဆက်ပြောတယ်။

အန်အယ်လ်ဒီရုံးက ကလေးများနေ့ အခမ်းအနားကို တက်ရောက်ခဲ့သူ ကလေးမိခင် တဦးကလည်း အစိုးရကျောင်း တွေမှာတော့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း မသင်ပေးတဲ့အတွက် ကလေးတွေဟာ ဗိုလ်ချုပ်အောင်ဆန်းဟာ ဘယ်လို ခေါင်းဆောင်မျိုးလဲ ဆိုတာကိုတောင် မသိကြောင်း၊ အဲဒါကြောင့် ကလေးတွေကို ဗိုလ်ချုပ်အောင်ဆန်း အကြောင်း သိစေချင်လို့ ခုလို အခမ်းအနား ကျင်းပရာကို ခေါ်လာခဲ့ခြင်း ဖြစ်ကြောင်း ပြောပြပါတယ်။

“ကျမ သားကို ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်မျိုး ဖြစ်စေချင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ကျမတို့ အားလုံး ချစ်ခင် ကြည်ညိုတယ်ဆိုတာ ဘာကြောင့်လဲ ဆိုတာ သားကို ပြချင်တယ်။ အဲဒါကြောင့် သားကို ခေါ်လာခဲ့တာ” လို့ အဆိုပါ မိခင်က ပြောဆိုပါတယ်။ ။

No comments: