Wednesday, February 18, 2009

သမိုင်းကဗ္ဗည်းတင်တဲ့ ခေါင်းဆောင်


ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွက် ပေးခဲ့သော ကတိတလုံးကို တည်အောင် လုပ်ပေးသွားသူ တယောက်သာ ယနေ့အချိန်ထိ သက်ရှိ ထင်ရှား ရှိနေသေး မည်ဆိုပါက အသက် ၉၄ နှစ်အရွယ် ရောက်နေမည် ဖြစ်ပေသည်။

"တနှစ်အတွင်း လွတ်လပ်ရေးရစေရမည်" ဟု တိုင်းပြည်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံဖွား တိုင်းရင်းသားတို့ကို ကတိပြုပြီးချိန်မှစကာ မဆုတ်မနစ်သော ဇွဲလုံလတို့ဖြင့် ကိုယ်ကျိုးမငဲ့ အသက်အန္တရာယ်အရေးပင် ထည့်မတွက်ဘဲ စွမ်းစွမ်းတမံ အားထုတ်ဆောင်ရွက်ကာ ပေးခဲ့သော ကတိအတိုင်း သူမွေးဖွားကြီးပြင်းခဲ့ရာ၊ သူနေထိုင်အသက်ရှင်ခဲ့ရာ၊ ကိုလိုနီနယ်ချဲ့နှင့် ဖက်ဆစ်စနစ်ဆိုးတို့အောက်မှ လွတ်မြောက်အောင် သူကိုယ်တိုင် ဦးဆောင်တိုက်ယူခဲ့ရာ၊ သူချစ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို အမှန်တကယ်ပင် လွတ်လပ်ရေးရအောင် ဆောင်ရွက်ပေးသွားခဲ့လေသည်။

သူသည် ထိုကတိအတွက် သူ့အသက်ကိုပင် ရင်း၍ ပေးသွားရခြင်း ဖြစ်လေသည်။ သူရယူပေးခဲ့သော လွတ်လပ်ရေးနှင့် လွတ်လပ်ခြင်း၏ အရသာကို သူ့ခမျာ ခံစားမသွားခဲ့ရရှာပါ။ သို့သော် သူချစ်သော၊ သူ့ကိုချစ်သော မြန်မာပြည်သားတို့ တပါးကျွန်အောက်ဘ၀မှ လွတ်မြောက်ခဲ့သည်ကပင် သူ့လိုလားချက် ဆန္ဒတခု ပြည့်ဝခဲ့ခြင်းဟု ဆိုနိုင်ပါသည်။ ထိုအတွက် သူ့တိုင်းပြည်နှင့် ပြည်သူလူထုက သူ့ကျေးဇူးတရားတို့ကို မမေ့မလျော့ အစဉ်သတိရနေမြဲ။ သူနှင့် အမှန်တကယ် ထိုက်တန်သော အာဇာနည်ဆိုသော ဂုဏ်ထူးဝိသေသကို ပေးအပ်ကာ ဦးညွှတ်ကာ အလေးအမြတ် ပြုနေကြဆဲ ဖြစ်ပါသည်။

၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် မွေးဖွားခဲ့သူဖြစ်၍ သူသာ ယနေ့ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်ထိ သက်ရှည်ကျန်းမာနေနိုင်ခဲ့ပါလျှင် ၉၄ နှစ်အရွယ် ရောက်နေမည်ဟု ဆိုရခြင်း ဖြစ်ပါသည်။ တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ရသော ၁၉၄၇ ခုနှစ် သူကျဆုံးချိန်တွင် သူ့အသက်မှာ ၃၂ နှစ်ကျော်သာ ရှိပါသေးသည်။ ထိုနေ့ထိုအချိန်ကစကာ သူ လူ့လောကမှ ထွက်ခွာသွားရသော်လည်း "လူသေသော်ငြား နာမည်မသေ" ဆိုသည့် လူစားထဲတွင် သူတယောက် အပါအ၀င် ဖြစ်ခဲ့ပါသည်။ သူသည် ဘယ်တော့မှ မသေသော နာမည်တလုံးကို ပိုင်ဆိုင်သွားသူ ဖြစ်လေ၏။ သူကား ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အမျိုးသားခေါင်းဆောင်ကြီး "ဗိုလ်ချုပ်အောင်ဆန်း" ပင် ဖြစ်ပါသည်။

တိုင်းပြည်လွတ်လပ်ရေးအတွက် နည်းပေါင်းစုံဖြင့် သူစွမ်းဆောင်ခဲ့သည်မှာ ၁၀ နှစ်တာမျှ တိုတောင်းလှသော ကာလသာ ဖြစ်သော်လည်း တိုင်းပြည်အတွက် သူစွမ်းဆောင်ပေးသွားခဲ့သည်များက အံ့မခန်းပင်။ ထိုစဉ်က ဒေသတွင်း နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် အခြားထွန်းသစ်စနိုင်ငံများမှ သူနှင့် ခေတ်ပြိုင်နိုင်ငံရေး ဆောင်ရွက်ကြသူ၊ အမျိုးသားခေါင်းဆောင်များ၊ လွတ်လပ်ရေး ဗိသုကာများနှင့်ယှဉ်လျှင် သူကား အသက်အငယ်ဆုံး။ သို့သော် သူ့အကြောင်းသိသူ အားလုံးက သူ့ကို မချီးကျူးဘဲ၊ မလေးစားဘဲ မနေနိုင်ခဲ့ကြပါ။ မြန်မာနိုင်ငံတွင်းမှ နိုင်ငံရေးဆောင်ရွက်ကြသူ သူနှင့် ခေတ်ပြိုင်များမှာလည်း ထိုခေတ်ထိုအခါက ဒိတ်ဒိတ်ကျဲများသာ ဖြစ်သည်။ သို့သော် သူဦးဆောင်မှု၊ သူချမှတ်သော လမ်းစဉ်နောက် တညီတညွတ်တည်း လိုက်ပါခဲ့ကြသူ များလှပေသည်။ ထိုထိပ်တန်း နိုင်ငံရေးခေါင်းဆောင်များကြားမှ ချွန်ထွက်လာခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် ခေါင်းဆောင်ကောင်းတယောက်အဖြစ် ပြည်သူလူထုက ယုံကြည်စွာ အပ်နှင်းမှုကို ခံခဲ့ရလေသည်။

သူ့အသက်အရွယ်နှင့် သူ့လုပ်ရည်ကိုင်ရည် စွမ်းဆောင်ချက်များ၊ သူဆောင်ရွက်နေသည်များအတွက် သူ့အသက်အန္တရာယ် ရှိနေခဲ့သော်လည်း သူမမှုခဲ့ပါ။ သူလုပ်စရာရှိသည်တို့ကို မကြောက်မရွံ့၊ နောက်မတွန့်ဘဲ လုပ်သွားခဲ့ပါသည်။ သူ့အကျိုးအတွက် ဘာမှမမျှော်ကိုးဘဲ စွန့်စားသွားသူတဦး ဖြစ်ပါသည်။ လူထုတရပ်လုံး ပါလာအောင် ထောက်ခံမှုရအောင် စွမ်းဆောင်နိုင်ခဲ့သော သူ၏ အရည်အချင်းကား သမိုင်းတွင် ပြောစမှတ် ဖြစ်ရပါသည်။ သူသည် တခါတရံ သူ့တိုင်းသူပြည်သားတို့အပေါ် အားမလိုအားမရစိတ်ဖြင့် ပြစ်တင်ဆူပူ ပြောဆိုတတ်ခဲ့သည်။ သို့သော် သူ့ကို ပြည်သူတို့က အမုန်းမဖက်စိတ် မကွက်သည့်အပြင် အပြစ်မမြင်ဘဲ အချစ်ပိုခဲ့ရပြန်လေသည်။ တည်ကြည်ခံ့ညားမှုနှင့် ပြတ်သားသော သူ့မျက်နှာသည် အပြုံးကို ရံဖန်ရံခါမှသာ မြင်တွေ့ရနိုင်သော်လည်း သူနှင့် ဆက်ဆံပြောဆိုဖူးသူ အားလုံးကို ဆွဲဆောင်သိမ်းသွင်းနိုင်သော အစွမ်းရှိသူတဦးဟု ဆိုနိုင်ပေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံသား အားလုံး၏ ကျေးဇူးရှင်ဟု အမှန်ပင် ဆိုအပ်သော ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ရည်တို့ကား ပြောမဆုံးပေါင် တခမ်းတဖွဲ့ဆိုရမည် ဖြစ်ပါသည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးတရားတို့ကို အစဉ်သတိတရ အောက်မေ့ကာ ဗိုလ်ချုပ်မြင်လိုခဲ့သော ဖွံ့ဖြိုးတိုးတက် အောင်မြင်စည်းလုံးသော ဒီမိုကရေစီနိုင်ငံတော်ကို မရောက်ရောက်အောင် ချီတက်ကာ အရအမိယူရမည့် တာဝန်ကို ကျနော်တို့ အစဉ်အဆက် လက်ဆင့်ကမ်း ဆောင်ရွက်နေရပေမည်။ ဗိုလ်ချုပ်နှင့်တကွသော အာဇာနည်ခေါင်းဆောင်များ အပါအ၀င် ကျနော်တို့၏ ဘိုးဘေးများ အသက်ပေါင်းများစွာ သွေးစက်ပေါင်းများစွာ ရင်းနှီးပေးဆပ်ကာ အရယူပေးခဲ့ပြီးဖြစ်သော လွတ်လပ်ရေးကို တန်ဖိုးထားလျက် မည်သည့်အာဏာရှင်၊ ဖိနှိပ်အုပ်ချုပ်မှုစနစ်ဆိုးကိုမျှ လက်မခံဘဲ ရဲရဲဝံ့ဝံ့ဖြင့် ကျရာကဏ္ဍမှ ပါဝင်တွန်းလှန်သွားကာ စည်းလုံးညီညွတ်မှုကို ပြကြရပေမည်။

၉၄ နှစ်မြောက် ကျရောက်ခဲ့ပြီဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အခါသမယတွင် ဗိုလ်ချုပ်၏ ကျေးဇူးတရားတို့ကို လှိုက်လှဲလေးနက်စွာ ပြန်လည်တသရင်း ဘယ်တော့မှ နာမည်သေမည် မဟုတ်သော အမျိုးသားခေါင်းဆောင်ကြီးအား အစဉ်ဦးညွှတ်နေမည်သာ ဖြစ်ပါသည်။

No comments: