Monday, July 27, 2009

မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်တွင်တရားမဝင်ကုန်ပစ္စည်း ဖမ်းဆီးရရှိမှု မြင့်မားလာ

NEJ / ၂၇ ဇူလိုင် ၂၀၀၉

တရုတ်-မြန်မာနယ်စပ် မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်တွင် တရားမဝင်သည့် ကုန်သွယ်မှုများကို ဖမ်းဆီးခဲ့ရာတွင် ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာရေးနှစ်၏ ပထမသုံးလတာအတွင်း ဖမ်းဆီးရမိသည့်ကုန်ပစ္စည်း တန်ဖိုးပမာဏများမှာ လစဉ်ဆက်တိုက် တိုးလာနေကြောင်း မှတ်တမ်းများအရ သိရသည်။

ဇူလိုင် (၁၁) ရက်က ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး မူဆယ်ကုန်သွယ်ရေး ဇုန်သို့ ရောက်ရှိလာစဉ် မူဆယ် ကုန်သွယ်ရေးဇုန် တာဝန်ခံမှ ကုန်သွယ်ရေးဇုန်၏ တိုးတက်မှုအခြေအနေကို စာရင်းဇယားနှင့်တကွ တင်ပြခဲ့သည့်မှတ်တမ်းများအရ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာရေးနှစ်အတွက် ဧပြီတွင် (၁၇.၃၉၃၇) သန်း၊ မေတွင် (၁၄၇.၅ဝ၉၉) သန်းနှင့် ဇွန်တွင် (၃၄၂.၁၈) သန်း တန်ဖိုးရှိ ကုန်ပစ္စည်းများ ဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်။

၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာရေးနှစ်တွင် ၂ဝဝ၈ ခု ဧပြီမှ ၂ဝဝ၉ ခု မတ်လအထိ ဖမ်းဆီးသည့်အမှုတွဲ (၉၄၇) ခုရှိခဲ့ရာ ဖမ်းဆီးရမိသည့် ကုန်ပစ္စည်းတန်ဖိုးပမာဏမှာ ကျပ် သန်းပေါင်း (၂၅၈၆.၆၄၂) ရှိခဲ့သည်ဟု ဖော်ပြထားသည်။

၂၀၀၅ နှင့် ၂၀၀၆ ခုနှစ်တို့တွင် နယ်စပ်ကုန်သွယ်ရေး (နကသ) နှင့် အကောက်ခွန်ဝန်ထမ်းများအပါအဝင် ကုန်သည်များအား လာဘ်ပေးလာဘ်ယူမှုများဖြင့် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့သည့်ကြားမှပင် ယခုကဲ့သို့ တရားမဝင်ကုန်သွယ်မှုများ တိုးပွားလာနေခြင်းဖြစ်ပြီး ကုန်သွယ်ရေးလုပ်ငန်းတွင် ချမှတ်ထားသည့် မလိုလားအပ်သည့် စည်းမျဉ်း၊ မူဝါဒများကြောင့် ယခုကဲ့သို့ မှောင်ခိုကုန်သွယ်မှု ရှိနေရခြင်းဖြစ်သည်ဟု နယ်စပ်ကုန်သည်တဦးက ပြောသည်။

၎င်းက “ဓာတ်မြေသြဇာပဲ နယ်စပ်မှာ လျှောက်လို့ရတယ်။ ကျန်တာ Normal trade ဆိုပြီး နေပြည်တော်အထိ သွားရတယ်၊ အနည်းဆုံး တပတ်လောက်ကြာတယ်။ ကုန်ပစ္စည်း အသစ်သွင်းမယ်ဆိုရင် အဲဒီပစ္စည်းတန်ဖိုး သူတို့ရုံးက စုံစမ်းပြီးတဲ့အချိန်ထိ စောင့်ရလို့ အနည်းဆုံး တလလောက်ဖြစ်သွားတယ်။ ဒါက လိုင်စင်မှာ အချိန်ကြာရတဲ့အပိုင်း။ နောက် ကုန်ပစ္စည်း သွင်းလာပြီဆိုပါစို့။ လိုင်စင်မှာ အနံ တမီတာရှိတဲ့ ပိတ်အုပ်ပေါ့၊ အချိန်က သိပ်မရှိဘူး။ သက်တမ်းက သုံးလတည်းရတာ။ အဲဒါဝယ်မရတော့ တမီတာထက်လျော့တဲ့ ပိတ်အုပ်ဝယ်သွင်းလာမယ်။ ကိုယ်က အခွန်ပိုဆောင်ပြီး သွင်းတာတောင် လက်မခံဘူး၊ အတိအကျလုပ်ခိုင်းတာ။ အဲဒီမှာ ကန်တော့တာတွေ၊ ဂါရ၀ပြုတာတွေ ဖြစ်လာတာပဲ” ဟု ပြောသည်။

ထိုသို့ လာဘ်ငွေမပေးချင်သည့် ကုန်သည်အချို့ကမူ မှောင်ခိုလမ်းကြောင်းမှတဆင့် ပစ္စည်းများသွင်းကြပြီး ပစ္စည်းများကို ဈေးလျှော့ရောင်းချနိုင်သဖြင့် ပုံမှန်အခွန်ငွေပေးဆောင် လုပ်ကိုင်နေသူများအနေဖြင့် ဈေးကွက်တွင် နစ်နာဆုံးရှုံးမှုများ ဖြစ်ကြရသည်ဟု အဆိုပါကုန်သည်က ပြောသည်။

မူဆယ်ကုန်သွယ်ဇုန်အား နယ်စပ်ဖြတ်ကျော် ပုံမှန်ကုန်သွယ်ရေး (Normal trade) လုံးလုံးလျားလျားဖြစ်စေလိုပြီး နယ်စပ်ကုန်သွယ်ရေး (border trade) ဆိုသည်ကို ပြောင်းလဲရမည်ဖြစ်ကြောင်း၊ မှောင်ခိုကုန်သွယ်မှု မရှိသင့်တော့ကြောင်း ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးက တာဝန်ရှိသူများ၊ ကုန်သည်ကြီးများနှင့် မူဆယ်မြို့ ကုန်သွယ်ရေးဇုန်၌ တွေ့ဆုံစဉ် တိုက်တွန်းသွားသည်။

စားသောက်ကုန်မှလွဲလျှင် တရုတ်ပြည်ဘက်မှ ဒီဗီဒီ၊ ဗီစီဒီ၊ အမ်ပီသရီး၊ အမ်ပီဖိုး၊ ကွန်ပျူတာပစ္စည်းများ၊ အ၀တ်အထည်၊ ဆိုင်ကယ်နှင့် ကားအပိုပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဆေးဝါးများ စသည့်လူသုံးကုန်ပစ္စည်းများကို မှောင်ခိုလမ်းကြောင်းမှ မြန်မာဘက်သို့ တင်သွင်းနေသည်။

မြန်မာဘက်မှ ရေထွက်ပစ္စည်း၊ သစ်သီးဝလံနှင့် ပဲ၊ နှမ်း၊ ပြောင်း၊ ကြက်သွန်နီ၊ ဆန်၊ ရာဘာ၊ ကြိမ်၊ ဇီးသီးခြောက်၊ ၀ဥခြောက်တို့ကို တရားဝင်လမ်းကြောင်းမှ တင်ပို့နေပြီး မှောင်ခိုလမ်းမှ သစ်၊ ကျောက်စိမ်း၊ အင်ကျင်းကျောက်တို့ကို အဓိကတင်ပို့နေသည်။

No comments: