Monday, July 27, 2009

စစ်တပ်နဲ့ စစ်အာဏာရှင်ကို ခွဲထုတ်ကြ

ဗိုလ်ထက်မင်း

ကချင်ပြည်နယ် မန်စီမြို့အခြေစိုက် ခမရ (၃၁၉) က တပ်ထောက်တာဝန်ခံ အရာခံ ဗိုလ်ထွန်းရွှေဟာ ပြီးခဲ့တဲ့ ဇွန်လ (၂၈) ရက်နေ့က တပ်တွင်း အိမ်ထောင်သည်လိုင်းခန်းမှာ ကြိုးဆွဲချကာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ပါတယ်။ ဒီသတင်းကို ပြင်ပ မပေါက်ကြားဖို့ စစ်အရာရှိကြီးတွေက အထူးထိန်းချုပ် မှာကြားထားကြောင်းလည်း သိရှိရပါတယ်။

မြန်မာ့တပ်မတော်အတွင်း အခြားအဆင့် အားလုံးထဲမှာ ရာထူးအကြီးဆုံးနဲ့ အမြင့်ဆုံးသူများဟာ ဒု-အရာခံဗိုလ်နဲ့ အရာခံဗိုလ်များပင် ဖြစ်ကြပါတယ်။ သူတို့ကို Non Commission officer လို့ ခေါ်ကြပြီး ပြန်တမ်းဝင် မဟုတ်တဲ့ အရာရှိများလို့ သတ်မှတ်ကြပါတယ်။ သူတို့ဟာ ရထားတွဲစီးရင် အရာရှိများနည်းတူ အထက်တန်းတွဲမှာ စီးခွင့်ရသူများ ဖြစ်ကြပါတယ်။ တပ်ခွဲတွေမှာ တချို့အရာခံဗိုလ်များဟာ တပ်စုတစုကို အရာရှိမပါဘဲ သီးခြားအုပ်ချုပ်ခွင့် ရရှိပြီး တချို့တပ်ခွဲရုံးမှာတော့ တပ်ခွဲမှူးများနဲ့ ပူးတွဲစီမံခွင့် ရသူများလည်း ဖြစ်ကြပါတယ်။ အရာခံဗိုလ်များရဲ့ အရေးပါမှု အရာရှိများနဲ့ ဆက်ဆံမှုတွေကို ဒီဆောင်းပါးမှာ တင်ပြသွားပါမယ်။

တပ်ရင်းအရာခံဗိုလ် ‘မာ’ မှ ကောင်းမှ တပ်ရင်းရဲ့တိုက်ခိုက်မှု၊ စည်းကမ်းသေဝပ်မှု ကောင်းတယ်လို့ ပြောစမှတ် ပြုကြပါတယ်။ တပ်ရင်းအရာခံဗိုလ်ဟာ တပ်ရင်းမှူးရဲ့ လမ်းညွှန်ချက်ကိုလည်း အကောင်အထည်ဖော်ရပါတယ်။ တပ်ရင်းအရာခံဗိုလ်ဟာ အိမ်ထောင်သည်လိုင်းများ စည်းကမ်းသေဝပ်မှု၊ နောက်တန်းလုံခြုံမှုနဲ့ သက်သာချောင်ချိရေး စတာတွေကို တာဝန်ယူကြရသလို ဗဟိုကင်းကိုလည်း ကြီးကြပ်ပေးရသူ ဖြစ်ပါတယ်။

ဒါ့အပြင် တပ်ရင်းအရာခံဗိုလ်များဟာ စစ်သည်များကို တန်းစီလူစစ်ရာမှာ ကြပ်မတ် ပေးကြရပါတယ်။ ဒါ့ကြောင့် ရဲဘော်များ အနေနဲ့ တပ်ရင်းအရာခံဗိုလ်ကို ချစ်နေရင် သိပ်ပြီး မကောင်းသလို ကြောက်ရွံ့ရိုသေမှ ကောင်းတယ်လို့ အရာရှိတွေက ယူဆကြပါတယ်။ ဒါဘာလို့ ခေါ်တဲ့ တပ်တွင်းဆန္ဒထုတ်ဖော်ပွဲများမှာလည်း တပ်ရင်းအရာခံဗိုလ်တွေဟာ အစစအရာရာ စီစဉ်ကြပ်မတ်ပေးကြရပါတယ်။ ဒါ့အပြင် တပ်ရေးဗိုလ်ကြီးနဲ့ အနီးကပ်လက်တွဲကာ အသေးစိတ်တာဝန်ယူ တင်ပြ ဆောင်ရွက် ကြရပါတယ်။ တပ်တွင်းက စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းတွေကိုလည်း အရာခံဗိုလ်တွေက တာဝန်ယူ ကြပ်မတ် ဆောင်ရွက်ပေးကြရပါတယ်။



ရဲဘော်တွေအား အရာခံဗိုလ်အိမ်တွေနဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း အပါအ၀င် အပိုလုပ်ငန်းတွေကို လုပ်အားပေးခိုင်းစေရာမှာ နာမည်ကြီးလို့ တချို့ ရဲဘော်တွေက အရာခံဗိုလ် လာတာတွေ့ရင် ဝေးဝေးက ရှောင်ပြေးသွားလေ့ ရှိကြတာကိုလည်း တွေ့ရပါတယ်။ တပ်ရင်းအရာခံဗိုလ်ဟာ လစဉ်ရိက္ခာစား စာရင်းချုပ်ကို တာဝန်ယူကာ ရေးဆွဲပေးကြရပါသေးတယ်။ ဒါ့အပြင် အရာခံဗိုလ်တွေဟာ တပ်တွင်းက သာရေး၊ နာရေး၊ လူမှုရေး စတဲ့လုပ်ငန်းရပ်များကိုလည်း တပ်ရင်းမှူးကတော် ညွှန်ကြားတဲ့အတိုင်း ဦးစီးကာ လုပ်ကိုင်ပေးကြရပါတယ်။

အလားတူ RQ လို့ခေါ်တဲ့ တပ်ထောက်အရာခံဗိုလ်တဦးဟာ တပ်ရင်းတရင်းလုံးရဲ့ စစ်ထောက်ပိုင်းဆိုင်ရာ ရိက္ခာခဲယမ်း၊ စက်သုံးဆီတွေကို ကိုင်တွယ်ရပါတယ်။ တပ်ရဲ့  ထမင်းအိုးကြီးကို ကိုင်တွယ်ရသလို လောဘကြီးတဲ့ တပ်ရင်းမှူး၊ တပ်ထောက် ဗိုလ်ကြီးတို့နဲ့ နှစ်ပါးသွားရရင်တော့ ဆီပူလောင်သလို ဒုက္ခရောက်ပြီသာ မှတ်ပေတော့ပါပဲ။ တပ်ထောက်အရာခံဗိုလ်တွေဟာ တပ်ထောက်ဗိုလ်ကြီးကို တာဝန်ခံရပြီး အထက်အရာရှိတွေနဲ့ “ရိုက်စား” လုပ်တဲ့နေရာမှာလည်း တဦးကိုတဦး မဖော်ကြဘဲ ဝေစားမျှစား လုပ်ကြသူတွေ ဖြစ်သလို အဆင်မသင့်ရင်လည်း ဓားစာခံ ဖြစ်ကြရပါတယ်။

တချို့ အရာခံဗိုလ်များဟာ တပ်မှာ အနေကြာ နှစ်ကြာလာတာနဲ့အမျှ စားဝတ်နေရေး ကျပ်တည်းမှုကြောင့် လစာနဲ့ မလောက်ငမှု ကြုံတွေ့ရကာ သားသမီးများ ပျက်စီးနေကြတာကိုလည်း တွေ့ရှိရပါတယ်။ တချို့အရာခံဗိုလ်တွေကတော့ မိမိတို့ရဲ့အိမ်များ၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများ ဖြစ်ကြတဲ့ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်း၊ စားသောက်ဆိုင် လုပ်ငန်းကိစ္စများမှာ စစ်သည် ရဲဘော်တွေရဲ့ လုပ်အားကိုရယူပြီး ကိုယ်ကျိုးစီးပွားအတွက် အသုံးချ ခိုင်းစေတာကိုလည်း တွေ့ရပါတယ်။ ဒီအတွက် တပ်ရင်းမှူးကိုလည်း ပံ့ပိုးပေးထားတာမျိုးနဲ့ ဝေစားမျှစား လုပ်ကြပါတယ်။

တပ်ဟောင်းများက အရာခံဗိုလ်တွေအနေနဲ့ သက်သောင့်သက်သာရှိကြပေမယ့် တပ်အသစ်များကို ရောက်သွားတဲ့ အရာခံဗိုလ်တွေမှာတော့ ဒုက္ခဆင်းရဲမျိုးစုံ ကြုံတွေ့ကြရပါတယ်။ အရာခံဗိုလ်တွေဟာ အထက်ကပေးတဲ့ တပ် တည်ဆောက်ရေး တာဝန်ကို ထမ်းဆောင်ရာမှာ ရရှိထားတဲ့ ပစ္စည်းကိရိယာ မပြည့်စုံမှု၊ ငွေကြေး မလုံလောက်မှုတို့ကြောင့် နီးစပ်ရာ ကျေးရွာ ရပ်ကွက်များက ရွာသားတွေကို အဓမ္မလုပ်အားပေး ခေါ်ယူခိုင်းစေပြီး အလွယ်လမ်း လိုက်ခဲ့ကြရတာလည်း တွေ့ရှိရပါတယ်။ အရာခံဗိုလ်တွေဟာ အထက်က တာဝန်မယူမှုကြောင့် ကြုံသလို ဖြေရှင်းလုပ်ကိုင်နေရလို့ စိတ်မွန်းကျပ်မှုများနဲ့ အတူ ထွက်ပေါက်မရှိဘဲ အာဏာရှင်တွေအလိုကျ လှုပ်ရှားနေကြရပါတယ်။

တချို့ကိစ္စရပ်တွေမှာ အဲဒီ တပ်ထောက် အရာခံဗိုလ်တွေဟာ စားကွက် ရိုက်စား ‘ခွင်’ များနဲ့ ပတ်သက်ပြီးတော့ တပ်ထောက် ဗိုလ်ကြီး၊ တပ်ရင်းမှူးတို့နဲ့ သဟဇာတ ဆက်ဆံရေး အဆင်မပြေမှုများ ဖြစ်တတ်ကြပါတယ်။ တပ်ရင်းမှူး၊ တပ်မှူးများရဲ့ စိတ်ကြိုက်အလေးပေးမှုနဲ့ လုပ်ရည်ကိုင်ရည်အပေါ်မှာ မူတည်ပြီး တချို့တပ်များမှာ တပ်ရင်းအရာခံဗိုလ်ဟာ အစွမ်းထက် နေသလို တချို့ တပ်များမှာလည်း ဘေးဖယ် ကျဉ်ထားခြင်း ခံရတာကို တွေ့ရှိရပါတယ်။

အရာရှိတွေဟာ တပ်ရင်းတခုမှာ သိပ်ကြာကြာမနေရဘဲ အကြောင်းအမျိုးမျိုးနဲ့ ပြောင်းရွှေ့ သွားကြရပေမယ့် အရာခံဗိုလ်တွေ အနေနဲ့ကတော့ တပ်ရင်းတွေမှာ စွဲမြဲစွာ နေရလေ့ရှိတာမို့ တပ်ရင်းတခုလုံးကို အပ်ကျမတ်ကျ သိရှိနေတဲ့အပြင် စစ်သည် ရဲဘော်တွေနဲ့လည်း နီးနီးစပ်စပ်ရှိကြတာမို့ အောက်ခြေတပ်မတော်သားတွေကို ပြည်သူ့ဘက်ရပ်တည်ဖို့ ထိုးဖောက် စည်းရုံးရာမှာ အရာခံဗိုလ်များအား အဓိကပစ်မှတ်ထားသင့်ပါတယ်။ အထူးသဖြင့် ဒီမိုကရေစီဆိုတာ စစ်အာဏာရှင်တွေ ၀ါဒဖြန့်ထားသလို မဟုတ်ဘဲ တိုင်းပြည်အတွက် တပ်မတော်အတွက် အလွန်လိုအပ်နေကြောင်း သိရှိနားလည်ဖို့ တပ်ရင်းတွေမှာ အဓိကဖြစ်တဲ့ အရာခံဗိုလ်များကတဆင့် စည်းရုံးလှုံ့ဆော်ပါက ထိရောက်အောင်မြင်နိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သတ်မသေရဲဘဲ စစ်အာဏာရှင်စနစ်နဲ့ စစ်အာဏာရှင်တွေကို နာကြည်းမုန်းတီးနေတဲ့ အရာခံဗိုလ်တွေလည်း အမြောက်အမြားရှိကြပါတယ်။ ပြေးစရာမြေမရှိ၊ ထွက်လို့လည်းမရဘဲ ကြိတ်မှိတ်လုပ်နေကြရတဲ့ အရာခံဗိုလ်တွေနဲ့ အောက်ခြေတပ်မတော်သားတွေရဲ့ဘ၀ကို စစ်အာဏာရှင်တွေက သတင်းအမှောင်ချထားပါတယ်။

တပ်မတော်အတွင်း အောက်ခြေမှာ ဘယ်လိုဖြစ်ပျက်နေသလဲဆိုတာ တပ်မတော် စစ်ဆေးရေးအရာရှိချုပ် ဗိုလ်ချုပ် လွန်းမောင် ကိုယ်တိုင် လျှို့ ဝှက်ဆင်းကာ အမှတ်မထင် ၀င်ရောက်စစ်ဆေးပြီး ဗိုလ်သန်းရွှေကို အစည်းအဝေးတခုမှာ တင်ပြခဲ့တာကတော့ ရဲဘော်တွေ ခွက်ပျောက်နေပါတယ်ဆိုတဲ့ စကားနဲ့အတူ တိုင်းမှူးတွေအားလုံးလည်း မျက်စိမျက်နှာ ပျက်ကုန်ကြပါတယ်။ ဗိုလ်သန်းရွှေက တိုင်းမှူးတွေ၊ တပ်မမှူးတွေကို လှိမ့်ဆူရာ စစ်အာဏာရှင် ထိပ်သီးတချို့မှ ကိုလွန်းမောင် အမှန်အတိုင်း ဒီလိုလျှောက်ပြောရင်တော့ ခင်ဗျားကို တိုင်းမှူးတွေက ထမင်းတောင် ကျွေးချင်တော့မှာမဟုတ်ဘူးလို့ ဟန့်သလိုလို ၀ိုင်းပြောပြီး တားခဲ့ကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒါကိုကြည့်ရင် စစ်အာဏာရှင်တွေ အကြောက်ဆုံးက တပ်တွင်းစည်းလုံးရေးပြိုကွဲမှာကိုသာ ဖြစ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာဖိအားနဲ့ ပြည်တွင်းပြည်ပက နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ဗိုလ်သန်းရွှေက ဂရုမစိုက်သလို အစည်းအဝေးတွေမှာလည်း တို့တပ်မတော်ကြီး စည်းစည်းလုံးလုံး ရှိနေသမျှ ဘယ်လိုအန္တရာယ်မှ မကျရောက်နိုင်ဘူးလို့ အမြဲပြောလေ့ရှိပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီဘက်တော်သားတွေအနေနဲ့ တပ်မတော်သားတွေကို စစ်အာဏာရှင်တစ်စုရဲ့  လက်ထဲက ဆွဲထုတ်ကြဖို့ ထိထိရောက်ရောက် စီမံကိန်းချကာ ဆောင်ရွက်ရန် အရေးကြီးဆုံးအချိန်ကို ရောက်နေပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

No comments: