Thursday, July 30, 2009

ပြိုင်ဘက်နဲ့ ရန်သူ ...

ကလိုစေးထူး

ကျနော်က First-11 ဂျာနယ်တွေရဲ့ ပရိသတ်တယောက်ဆိုတော့ အပတ်စဉ် ထွက်သမျှ Eleven ဂျာနယ် လေးမျိုးစလုံးကို ပုံမှန် ဖတ်ဖြစ် နေကျပါ။

ပြီးခဲ့တဲ့နှစ်ကပေါ့...။

တရက်မှာတော့ အပတ်စဉ်ထုတ် အားကစားဂျာနယ်အသစ်ကို သွားဖတ်ရင်းနဲ့ အားကစားဆောင်းပါးရှင် ဆရာကြီး ခင်မောင်ထွေး (ပျဉ်းမနား) ရေးတဲ့ `ပြိုင်ဘက်ဟာ ရန်သူမဟုတ်´ ဆိုတဲ့ ဆောင်းပါးကို သွားဖတ်မိတယ်။

ဆရာကတော့ ဘောလုံးအားကစားနဲ့ သက်ဆိုင်တဲ့ ဆောင်းပါးတွေသာ အရေးများသူမို့ အဲဒီဆောင်းပါးမှာလည်း ဘောလုံးအားကစားနဲ့ ဆက်နွယ်တဲ့ အကြောင်းအရာကိုသာ အခြေပြုရေးခဲ့တာပါပဲ။ အဲဒီတုန်းက ဆရာရေးခဲ့တာက အင်္ဂလန် ပရီးမီးယားလိဂ် ချဲလ်ဆီးအသင်းရဲ့ နည်းပြ စကိုလာရီကို ထုတ်ပယ်ပစ်လိုက်တာကို မန်ချက်စတာ ယူနိုက်တက်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်က မဖြစ်သင့်တဲ့အကြောင်း နည်းပြအချင်းချင်း ဖေးမတဲ့စကား ပြောပေးခဲ့တာကို ချီးကျူးပြီးတော့ အခြေခံရေးခဲ့တယ်လို့ မှတ်မိတယ်။ နောက်တော့ အင်္ဂလန် ပရီးမီးယားလိဂ်မှာ ချဲလ်ဆီး ကလပ်အသင်းမှာ ကစားတဲ့ လမ်းပတ်၊ လီဗာပူမှာ ကစားတဲ့ စတီဖင်ဂျာရတ်နဲ့ မန်ယူမှာကစားတဲ့ ရူနီတို့ဟာ သူတို့ကလပ်အသင်း အချင်းချင်း တွေ့ဆုံကစားကြတဲ့အခါ အသည်းပေါက်မတတ် ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ကစားလေ့ရှိပေမယ့် အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ကစားရပြီဆိုရင်တော့ စည်းလုံးညီညွှတ်လှစွာနဲ့ပဲ နိုင်ငံအသင်းရလဒ်ကောင်းဖို့ အားတက်သရော အတူတကွ ကစားကြတာကို ဆရာရေးခဲ့တာကို ဖတ်ခဲ့ရပါတယ်။

အဲဒါတွေကို ဥပမာပေးလို့ ဆရာ ရေးသွားတာရဲ့ အနှစ်ချုပ်က `ပြိုင်ဘက်ဟာ ရန်သူ မဟုတ်ဘူး´ ဆိုတဲ့ အယူအဆပါ။

***

နိုင်ငံရေးနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို ရေးကြတဲ့ အခါမှာပဲဖြစ်ဖြစ်၊ အတွေ့အကြုံကို အခြေခံတဲ့ စာတွေကိုပဲ ဖြစ်ဖြစ် ဒီဘက်ဟိုဘက် မီဒီယာတွေမှာ အသောင်းသောင်း အပြောင်းပြောင်း ရေးကြတဲ့အခါမှာ `ရန်သူ´ `ရန်သူ့ကို´ `ရန်သူ့လူ´ စသဖြင့် သုံးနှုန်းရေးသားတာတွေကို မကြာခဏဆိုသလို တွေ့မိဖတ်မိ ကြမှာပါပဲ။

အဲဒီလို သုံးနှုန်းရေးသားတဲ့ `ရန်သူ´ ဆိုတဲ့ စကားလုံးကိုတွေ့တော့ ကျနော် စဉ်းစားမိတာက ရန်သူဆိုတာက ဘယ်သူတွေကို ကျနော်တို့ သတ်မှတ်မှာလဲ၊ ကျနော်တို့နဲ့ မတူသူလား၊ ကျနော်တို့နဲ့ မတူတဲ့ လူတိုင်းကရော ကျနော်တို့ရဲ့ တကယ့်ရန်သူပဲလား ဆိုတာတွေကို ဆက်စပ်တွေးတောမိပြန်တယ်။

ဒါမှမဟုတ် ကျနော်တို့ဟာ ပြိုင်ဘက်ကို ရန်သူလို့ သတ်မှတ်မိနေတာလား။ တကယ့်ရန်သူကိုရော ပြိုင်ဘက်လို့ သတ်မှတ်မိနေပြန်တာလား ဆိုတာကလဲ စဉ်းစားစရာ...။

***

သေချာစေ့ငုံအောင် စဉ်းစားလိုက်ရင်တော့ `ပြိုင်ဘက်´ ဆိုတာဟာ လုံးဝ ရန်သူ မဟုတ်ပါဘူး။ မတူတဲ့ အမြင်ကိုယ်စီနဲ့ စွမ်းဆောင်ရည်ကိုယ်စီ ရှိလို့သာ လျှောက်နေတဲ့ လမ်းကြောင်း ကွဲပြားချင် ကွဲပြားနေပါစေ၊ ရည်ရွယ်ရာ ပန်းတိုင် တူနေတယ်ဆိုရင် ကျနော်တို့နဲ့ မတူသူ တဘက်လူဟာ ပြိုင်ဘက်ပဲ ဖြစ်သင့်ပါတယ်။

ပြိုင်ဘက်တွေမှာလည်း ပုံစံအမျိုးမျိုး ရှိနေပြန်ပါသေးတယ်။ စောစောက ရေးခဲ့တဲ့ ဘောလုံးစကားအရ ဆက်စပ်ပြောရရင် ချဲလ်ဆီးနဲ့ မန်ယူ မတူတဲ့ ကလပ်နှစ်ခုမှာတုန်းက အသည်းပေါက်အောင် ယှဉ်ပြိုင်ခဲ့ကြတဲ့ ကစားသမားတွေဟာ နိုင်ငံလက်ရွေးစင်အတွက် အတူတူကစားရရင်တော့ ချဲလ်ဆီးတို့၊ မန်ယူတို့မှာ ကစားတုန်းက ထားခဲ့တဲ့ စိတ်ဓာတ်တွေကို မေ့ဖျောက်ပြီးတော့ မိမိနိုင်ငံအသင်း အောင်မြင်ဖို့အတွက် စည်းလုံးဖို့ စိတ်ထားက ရှိရပါတော့မယ်။

ဒီတော့ စွဲကိုင်ထားတဲ့ အယူအဆ၊ ပါဝင်နေတဲ့ အဖွဲ့အစည်း မတူဘူးဆိုတာ တခုထဲနဲ့တော့ ကိုယ်နဲ့ ဆန့်ကျင်ဘက်ကို ကျနော်တို့တွေ `ရန်သူ´ လို့ မသတ်မှတ်စကောင်းဘူးလို့ တွေးစရာ ရှိပါတယ်။

သို့သော်...။
***

ချဲလ်ဆီးနဲ့ မန်ယူအသင်းတွေမှာ တဘက်စီ ကစားတုန်းကလည်း ဒီလူတွေဟာ ရန်တစောင်စောင်နဲ့ ကစားခဲ့ပြီးပြီ။ နိုင်ငံတကာ အသင်းအတွက် ကစားရတဲ့ အခါကျတော့လည်း `ဒီကောင်၊ ငါနဲ့ ကလပ်ချင်းတူတာ မဟုတ်ဘူး၊ အခု တသင်းထဲ ကစားတုန်း ဒီကောင့်ကို ပုံစံပေးရမယ်´ ဆိုတဲ့ စိတ်ထားမျိုးကို ဆက်သယ်သွားရင်တော့ နိုင်ငံအသင်းအတွက်ပါ သွားထိခိုက်ပါတော့မယ်။

အဲဒီကနေ ဆက်စပ်ပြီး တွေးကြည့်ချင်ပါတယ်။

နိုင်ငံတခုအတွက် စစ်တပ်ဆိုတာ ရှိအပ်၊ ရှိသင့်တဲ့ အဆင်တန်ဆာတခု ဖြစ်တဲ့အတွက် နိုင်ငံနဲ့ ပြည်သူအပေါ် ကာကွယ်ဖို့ အလို့ငှာ နိုင်ငံတိုင်းမှာ စစ်တပ်တွေ ရှိကြရတယ်။ စစ်တပ်တွေရဲ့ တာဝန်ဟာ သူ့ပြည်သူကို ကာကွယ်ဖို့နဲ့ နိုင်ငံကို စောင့်ရှောက်ဖို့ပါ။ ဒီတော့ ကိုယ့်ပြည်သူတွေနဲ့ နိုင်ငံအပေါ်ကို ကာကွယ်နေရိုးမှန်ရင်တော့ ဒီစစ်တပ်ဟာ သူ့ကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေအတွက် ရန်သူ ဖြစ်လာစရာ မရှိပါဘူး။ မတူတဲ့ အမြင်တွေရှိလို့သာ ဆန့်ကျင်နေရမယ်၊ သူတို့ကို ပြိုင်ဘက်လို့ သတ်မှတ်ရုံသာ ရှိပါတယ်။

ဒါပေမဲ့ ကိုယ့်ပြည်သူ ကိုယ်သတ်ပြီး နိုင်ငံတခုလုံးကို ငါ့သား၊ ငါ့သမီး၊ ငါ့ဆွေမျိုး၊ ငါ့မိဘ ဆိုတဲ့ `ငလေးလုံး´ အတွက်ကိုပဲ ရည်ရွယ်ထားတဲ့ စစ်တပ်မျိုးကိုကျတော့ ပြိုင်ဘက်လို့ သတ်မှတ်ဖို့က အတော်ခက်ပါတယ်။ အဲဒီလို လမ်းစဉ်မျိုးကို ယုံကြည်သက်ဝင်နေတဲ့ စစ်ယူနီဖောင်းဝတ် မှန်သမျှဟာလည်း ကျနော်တို့အတွက်တော့ ရန်သူသာ ဖြစ်လာမှာပါပဲ။

ဟော ...၊ ဒီမိုကရေစီကို ယုံကြည်သက်ဝင်ပါတယ်လို့ တွင်တွင်ပြောပြီးတော့ မိမိယုံကြည်တဲ့ဝါဒအတိုင်း ဖြစ်လာအောင် ကိုယ်တိုင်က ကြိုးစားရမယ့်အပြင် ကိုယ့်လို ယုံကြည်သူတွေ ပိုများလာအောင်၊ ဒီမိုကရေစီဝါဒကို အခြေခံပြီး တိုင်းပြည်အကျိုးရှိမယ့် အရာတွေကို ဦးစားပေး မစဉ်းစားဘဲ ကိုယ်ကျိုးတခုထဲကိုသာ ကြည့်တဲ့လူတွေ၊ အဖွဲ့အစည်းမျိုးတွေကို ကျတော့ပြန်တော့လည်း ဘောလုံးစကားပြောရရင် တသင်းထဲ ကစားနေရင်တောင် အသင်းကစားဖော်လို့ သတ်မှတ်ဖို့ ခက်သလို အသင်းမတူရင်လဲ ပြိုင်ဘက် မဖြစ်လာနိုင်ပြန်ပါဘူး။

***

`ခင်ဗျား ကျနော့်ကို ရန်သူတယောက်လို သတ်မှတ်တယ် မဟုတ်လား´

ဒီစကားကို ကျနော်လုံးဝ မနှစ်သက်ပြီး အရင်ကရော အခုအချိန်ထိ ဆန့်ကျင်နေဆဲ မြန်မာစစ်တပ်ရဲ့ စစ်ဗိုလ်တယောက်က မေးခဲ့ဖူးတယ်။ `ရန်သူလို့ သတ်မှတ်ရမယ့် အရာတွေကို ခင်ဗျားလုပ်နေရင်တော့ ရန်သူပေါ့ဗျာ´ လို့ပဲ ပြန်ဖြေဖြစ်ခဲ့ပါတယ်။

ရန်သူလို့ သတ်မှတ်ရမယ့် အရာတွေက ဘာတွေလဲလို့ မေးစရာ ရှိလာပြန်ပါလိမ့်မယ်။

ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြပြီး ကိုယ့်ကိုလည်း ဘာမှပြန်မလုပ်နိုင်တဲ့ ကိုယ့်တူသားအရွယ် ကျောင်းသားလေးရဲ့ ကျောကုန်းကို ဗြန်းခနဲနေအောင် ဝါးရင်းတုတ်နဲ့ ရိုက်ချပစ်လိုက်တဲ့ လူမျိုး၊ ငြိမ်းချမ်းစေလိုတဲ့ ဆန္ဒနဲ့ လူဝတ်ကြောင်ဖြစ်တဲ့ ကိုယ့်ကို ပြန်လည်ဦးချရှိခိုးနေတဲ့ ဘုရားသားတော် သံဃာတွေကို ရိုက်နှက်ဝံ့တဲ့ လူမျိုးဟာ ကျနော်တို့အတွက် ပြိုင်ဘက်ဖြစ်လာစရာအကြောင်း မရှိပါဘူး။ အဲဒီလို စိတ်ထားမျိုးနဲ့ လူမျိုးတွေဟာ ဟိုး အောက်လက်ငယ်သားကနေ အကြီးဆုံး ခေါင်းဆောင်ပိုင်းအထိ ရန်သူပါပဲ။

ဝတ်ထားတာက စစ်ယူနီဖောင်း ဖြစ်နေပေမယ့် သူ့အတွေးထဲမှာ ကိုယ့်ပြည်သူ၊ ကိုယ့်နိုင်ငံအတွက် အကျိုး တကယ်ရှိမယ့် အရာတွေကို ဦးစားပေးစဉ်းစားပြီး တကယ်လည်း လက်တွေ့လုပ်နေတဲ့ လူဟာတော့ အမြင်မတူလို့ ပြိုင်ဘက်ဖြစ်နေတာကလွဲရင် ရန်သူလို့ သတ်မှတ်စရာ အကြောင်းမရှိဘူးလို့ မြင်မိပါတယ်။ တကယ်ဆို ကျနော်တို့တွေဟာ ရန်သူကို ရန်သူလို တကယ်ကိုပဲ ခွဲခြားသိမြင်တတ်ဖို့ ဆင်ခြင်ပိုင်းခြားသင့်ပါတယ်။ ကိုယ်နဲ့ မတူတဲ့ မြင်မြင်ကရာကို `ရန်သူဟေ့´ ဆိုပြီး လက်ညှိုးထိုးလိုက်ရင် အားလုံးအတွက် အကျိုးရှိမယ့် ပြိုင်ဘက်ကောင်းကို ဆုံးရှုံးသွားနိုင်ပါတယ်။

ဒီထက်ပိုပြီး တွေးကြည့်ပါမယ်။

`ဟေ့၊ ငါတို့ စစ်တပ်မှ စစ်တပ်ဟေ့။ တခြားလူတွေ၊ အဖွဲ့တွေက ငါတို့စစ်တပ် အုပ်ချုပ်နေတာလောက် တိုင်းပြည်ကောင်းအောင် ဘယ်လိုမှ လုပ်နိုင်မှာမဟုတ်ဘူး၊ ဒီတော့ ငါတို့ကို ဆန့်ကျင်တာနဲ့ ဆန့်ကျင်တဲ့ ကောင်တွေ မှန်သမျှ အသေသာ မှတ်ပေတော့´ ဆိုတဲ့ စစ်သားဟာ ကျနော်တို့ပြည်သူတွေအတွက် ထာဝရ ရန်သူ ဖြစ်နေပါလိမ့်မယ်။ အဲဒီစိတ်ထားမျိုးနဲ့ စစ်ခေါင်းဆောင်ကတော့ အကြီးဆုံး ရန်သူပေါ့။

***
တကယ်တော့...။

အမြင်မတူရင်နေပါစေ။ အတွေးမတူရင်နေပါစေ။

ကျနော်တို့တကယ်လိုအပ်နေတာ ပြိုင်ဘက်ကောင်းတွေပါ။ ရန်သူ မဟုတ်ပါဘူး။


No comments: