Friday, July 31, 2009

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၅ ဦး အဖမ်းခံရ

ကိုဝိုင်း သောကြာနေ့၊ ဂျူလိုင်လ 31 ရက် 2009


မဇ္ဈိမ (ချင်းမိုင်)။ ။ ဒေါ်အောင်ဆန်းစုကြည် တရားခွင်အပေါ် မကျေနပ်ဖြစ်ကာ ဆူပူအုံကြွမှာစိုး၍ လက်ဦးမှု ရယူသည့် အနေဖြင့် အာဏာပိုင်များက အနည်ဆုံး နိုးကြားတက်ကြွသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၅ ဦးကို ယနေ့ နံနက်တွင် ဖမ်းဆီးလိုက်သည်။


အန်အယ်ဒီ စည်းအဖွဲ့ဝင်များ ဖြစ်ကြပြီး မန္တလေးတိုင်း တောင်တွင်းကြီးမြို့နယ်မှ ဦးပါလေး၊ ဦးစိုး၊ ဦးကျော်နိုင်နှင့် မန္တလေးတိုင်း ရေနံချောင်းမြို့မှ ဦးတင့်လွင်၊ ဦးသန်းအောင်တို့ အဖမ်းခံရသည်။

“ညက တနာရီလောက်ပေါ့။ ဧည့်စာရင်းစစ်တယ် ဆိုပြီးတော့ စကားလေး နည်းနည်းပြောချင်လို့ လိုက်ခဲ့ပါလို့ ခေါ်သွားတာလေ။ ခေါ်သွားတဲ့နေရာက ရဲရိပ်သာလို့ ထင်ရတာပဲ။ အတိအကျတော့ မသိဘူး။ နောက်ပြီးကျတော့ အိပ်ယာလိပ်တို့ ဘာတို့တော့ ရဲက လာပြန်တောင်းသွားတယ်။ သူတို့လာတာ ယူနီဖောင်း အပြည့်အစုံပဲ။ ၇ ယောက် လောက်ရှိမယ်။ ဆိုင်ကယ် ၄ စီးလောက် ရှိမယ်” ဟု ဦးစိုး၏ မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။

ဦးကျော်နိုင်နှင့် ဦးစိုးတို့အား ၎င်းတို့နေထိုင်ရာ တောင်တွင်းကြီးမြို့ နေအိမ်များမှ ဖမ်းခေါ်သွားခြင်း ဖြစ်သည်။

ဦးပါလေးကိုမူ ၎င်းနေထိုင်ရာ တောင်တွင်းကြီးမြို့နယ် ချောင်းနက်ကျေးရွာတွင် တောင်တွင်းကြီးမြို့မှ ရဲအချို့အပါအဝင် ဆတ်သွားရဲစခန်းမှူး ဦးကျော်နိုင်၊ နယ်ထိန်း ကိုဇော်မင်းနိုင်၊ ချောင်းနက်ကျေးရွာဥက္ကဋ္ဌ ဦးဝင်းရွှေ၊ ရာအိမ်မှူးတို့က လာရောက် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူက ပြောသည်။

“ကိုပါလေးကို မနေ့ည ၁၂ နာရီခွဲ၊ အကိုပြောတဲ့ ကိုစိုးက ည ၁ နာရီ၊ ကိုကျော်နိုင်ကတော့ ဘယ်အချိန်လဲ မသိဘူး။ အားလုံး ကို မနေ့ညကပဲ ခေါ်သွားတာ” ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့နှင့် လွတ်မြောက်ရေးအတွက် ဆွမ်း၊ ဆီမီးကပ်လှူခြင်း၊ ဘုရားတက် ဝတ်ပြုဆုတောင်းခြင်းတို့ကို တက်ကြွစွာ လုပ်ဆောင်နေသူများ ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်အား အမိန့်ချမှတ်မည့် ယနေ့တွင် တစုံတရာ လှုပ်ရှားမည်ကို စိုးရိမ်သောကြောင့် အာဏာပိုင်များက လက်ဦးမှုယူခြင်း ဖြစ်နိုင်သည်ဟု အန်အယ်ဒီနှင့် ဒေသခံများက ယူဆနေကြသည်။

မန္တလေးတိုင်း ရေနံချောင်းမြို့မှ အန်အယ်ဒီ မြို့နယ်စည်းအဖွဲ့ဝင် ဦးတင့်လွင်နှင့် ဦးသန်းအောင်တို့ ၂ ဦးကိုလည်း အာဏာပိုင်များက ယမန်နေ့ညတွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အန်အယ်ဒီက ပြောသည်။

ရေနံချောင်းမြို့နယ်စည်း ဒေါ်သန်းသန်းဌေးက “ဦးတင့်လွင်ကို ည တနာရီခွဲလောက်က လာခေါ်သွားတယ်လို့ သူ့အမျိုးသမီးက ပြောပါတယ်။ ဦးသန်းအောင်ကို ၂ နာရီခွဲ လာခေါ်သွားတယ်လို့ သူ့ညီလေးက ပြောတယ်။ ကျမတို့ ရေနံချောင်းက အာဏာပိုင် အဖွဲ့အစည်းက ခေါ်တာပါပဲ။ ဒါပေမဲ့ ရေနံချောင်းမှာတော့ မရှိဘူးလို့ သိရတယ်” ဟု မဇ္ဈိမကို ပြောသည်။

ယနေ့န့က်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ရည်ရွယ်၍ အန်အယ်ဒီ အဖွဲ့ဝင်များက ဦးဆောင်ပြီး ရေနံချောင်းမြို့တွင် ပန်း၊ ဆီမီး၊ ဖယောင်းတိုင်၊ အမွှေးတိုင်များကို နေရာခွဲ လူခွဲ၍ ကပ်လှူဆုတောင်းခဲ့ကြကြောင်း သိရသည်။

မိထ္ထီလာမြို့၌လည်း ယနေ့နံနက်ပိုင်းတွင် ဖောင်တော်ဦးဘုရားသို့ အန်အယ်ဒီအဖွဲ့ဝင်အချို့ သွားရောက်ပြီး ဒေါ်စု လွတ်မြောက်ရေးအတွက် ဘုရားရှိခိုး ဆုတောင်းခဲ့ရာ လမ်း၌ မိထ္ထီလာခရိုင် အတွင်းရေးမှူး၊ မယက ဥက္ကဋ္ဌ၊ ခရိုင်ရဲ အပါအဝင် ကြံဖွံ့နှင့် စွမ်းအားရှင် စုစုပေါင်း ၄ဝ ဦးခန့်က ဝါးဆစ်ပိတ် လက်ကိုင်တုတ်များကို ကိုင်ဆောင်ထားကြပြီး စောင့်ကြည့်ခဲ့သော်လည်း ကိုယ်ထိလက်ရောက် နှောင့်ယှက်ခြင်း မရှိကြောင်း မိထ္ထီလာမြို့နယ် အန်အယ်ဒီအတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက မဇ္ဈိမကို ပြောသည်။

No comments: