Friday, July 31, 2009

အာဏာပိုင်များက အဖွဲ့ချုပ်ဝင်များကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွား

ဖြိုးကြီး Friday, 31 July 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို အာဏာပိုင်များက အကြောင်းပြချက်မရှိဘဲ ခေါ်ဆောင်သွားသဖြင့် မိသားစုဝင်များ စိုးရိမ်ပူပန်နေလျှက်ရှိသည်။

မကွေးတိုင်း၊ အောင်လံမြို့မှ အဖွဲ့ချုပ်ဝင် ဦးအေးမြင့်နှင့် ကိုမင်းမောင်တို့ကို ယမန်နေ့ ည (၁) နာရီခန့်က မြို့နယ်ရဲမှူး ဦးစိုးသန်း ဦးဆောင်သည့်အဖွဲ့က ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူတဦးက ပြောသည်။

“မိသားစုတွေကို ဘာမှတော့ ပြောမသွားဘူး၊ ည (၁) နာရီလောက်က ဧည့်စာရင်းစစ်သလိုနဲ့ လိုက်ခဲ့ဖို့ ခေါ်သွားတယ်၊ ခေါ်သွားသူရဲ့နာမည်တွေ မှတ်ထားတာရှိတယ်၊ ကိုမင်းမောင်ရဲ့ အမျိုးသမီးက ခေါ်သွားတဲ့အကြောင်း လက်မှတ်ထိုးခိုင်းတော့ သူတို့က လက်မှတ်မထိုးပေးဘူး” ဟု ပြောသည်။

ကိုမင်းမောင်ကို လာရောက်ခေါ်ဆောင်စဉ်က မြို့နယ်မှူး ဦးစိုးသန်း၊ ဒုရဲအုပ် ကျော်ထူးနှင့် အင်အား ၁၀ ယောက်ခန့် ပါဝင်ပြီး ယနေ့နံနက်ပိုင်းတွင် မိသားစုဝင်များက သက်ဆိုင်ရာ ရဲစခန်းသို့ သွားရောက်မေးမြန်းခဲ့သော်လည်း အခြေအနေ တစုံတရာမသိခဲ့ရကြောင်း ဆက်ပြောသည်။

“ဒီမနက်ရော၊ နေ့လည်ကရော သွားမေးတော့ စခန်းမှာမရှိဘူး ပြောတယ်၊ ဘယ်မှာထားလဲ ဆိုတော့လည်း မသိဘူးပြောတယ်၊ စခန်းမှူးကို မေးတော့လည်း မရှိဘူး၊ နေပြည်တော်အစည်းအဝေးသွားတယ်လို့ပဲ ပြောတယ်၊ အခုချိန်ထိ ဘယ်မှာရှိတယ်ဆိုတာ မသိရသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် ရေနံချောင်းမြို့မှ ဦးမြင့်ဝေ၊ ဦးတင့်လွင်၊ ဦးသန်းအောင်၊ ကိုခင်ဝင်း၊ တောင်တွင်းကြီးမှ ဦးစိုး၊ ကိုပါလေး၊ ကိုကျော်နိုင်၊ မြို့သစ်မှ ဦးသာအောင် (လွှတ်တော်ကိုယ်စားလှယ်)၊ ဇင်မမထွန်း၊ ဦးသန်းမြင့်၊ ဒဂုံမြို့သစ်မှ ကိုထိန်ဝင်း၊ မခင်ဝင်းကြည်၊ မင်းဘူး စကုမှ ဦးသောင်းစိုး၊ နေမျိုးကျော်၊ ပွင့်ဖြူမြို့မှ ကိုအောင်တင်လင်း၊ ကိုအောင်ဝင်း၊ ဒေါပုံမှ ကိုနေလင်းကျော်၊ သာကေတမှ ကိုနေလင်းစိုး၊ ဒေါ်နော်အုံးလှ၊ စမ်းချောင်းမှ ဦးညွန့်လှိုင်၊ ပခုက္ကူမှ ဦးပိုက်ကို၊ ကိုကျော်မြင့်အေး၊ ကိုဌေးဝင်း တို့ကိုလည်း ယမန်နေ့ ညပိုင်းက အာဏာပိုင်များ ဖမ်းဆီးခဲ့သည်။

No comments: