Tuesday, July 21, 2009

နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးကို ဝင်ရောက်စစ်ဆေးဒု-ရဲအုပ် (၁) ဦးနှင့် ပွဲစား (၂၇) ဦးကို ဖမ်းဆီးထား

NEJ / ၂၁ ဇူလိုင် ၂၀၀၉

ရန်ကုန်မြို့ ပန်းဆိုး တန်းရှိ နိုင်ငံ ကူး လက်မှတ် ထုတ်ပေး ရေးရုံး နှင့် ပြည်တွင်း အခွန်ဦးစီး ဌာနရုံး တို့ကို နေပြည် တော်မှ အထူး အဖွဲ့ ၀င် ရောက် စစ်ဆေး မှုများ ပြုလုပ် နေပြီး ဒု-ရဲအုပ် (၁) ဦးနှင့် ပတ်စ်ပို့ ပွဲစား (၂၇) ဦးကို ဖမ်းဆီး စစ်ဆေး နေကြောင်း သိရသည်။


နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ ဒု-ရဲအုပ်တဦးက “ရုံးက လူကြီးတွေ ကျနော်တို့ကို ပြောတာကတော့ နေပြည်တော်က တပ်မတော် အရာရှိတချို့ ထွက်ပြေးတိမ်းရှောင်နေတာ ရှိတယ်။ တချို့ ရိုးရိုးသာမန်ပတ်စ်ပို့လုပ်ပြီး ရန်ကုန်လေဆိပ်ကနေပဲ နိုင်ငံခြား ထွက်သွားခဲ့တယ်လို့ ဆိုတယ်။ ဒီအထဲမှာ ယူကရိန်းက နျူကလီးယား သိပ္ပံပညာ လေ့လာခဲ့တဲ့ အရာရှိငယ် တယောက်လည်း ပါသွားတယ်လို့ ပြောတယ်။ အဲဒါကြောင့် အသည်းအသန် ခုလို နေပြည်တော်က အထူးအဖွဲ့ ဆင်းလာပြီး ဖမ်းဆီးစစ်ဆေးနေတာလို့ သိရတယ်” ဟု ပြောသည်။

နေပြည်တော်မှဆင်းလာသည့် စသုံးလုံး၊ စီအိုင်ဒီနှင့် အခြားအဖွဲ့ဝင်များပါသည့် အထူးအဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင် (၁၇) ရက်မှ စတင်ကာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် မှတ်ပုံတင်အတု၊ သန်းခေါင်စာရင်းအတုနှင့် ပတ်စ်ပို့စာအုပ်လုပ်သည့် ကိစ္စများကို အဓိကထားစစ်ဆေးပြီး ယင်းကိစ္စများနှင့်ဆက်စပ်နေသည့် ပွဲစားများကိုပါ လိုက်လံရှာဖွေ ဖမ်းဆီးစစ်ဆေးနေကြောင်း ၎င်းက ပြောသည်။

ပုံစံ (၁၉) ထုတ်ပေးရာ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးသို့လည်း ယမန်နေ့က အထူးအဖွဲ့ရောက်လာပြီး လူစာရင်းတောင်းကာ တယောက်ချင်း စစ်ဆေးရေးစတင်နေပြီဖြစ်ကြောင်း ယင်းရုံးမှ ဦးစီးအရာရှိတဦးက အတည်ပြုပြောကြားသည်။

နေပြည်တော်မှ တပ်မတော်အရာထမ်းအချို့ တိမ်းရှောင်ထွက်ပြေးသည့်ကိစ္စနှင့်ပတ်သက်၍ “ပြီးခဲ့တဲ့တလလောက်တုန်းက နေပြည်တော် စစ်ရုံးချုပ်က တပ်ကြပ်ကြီးစာရေးအဆင့် စုစုပေါင်း (၁၁) ဦး ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရတယ်။ တချို့က ခွင့်နဲ့သွားပြီး ပြန်မလာတာရှိသလို တချို့ကတော့ ပျဉ်းမနားဘက်ကို အားလပ်ချိန် ထွက်သွားပြီး ပြန်မလာတော့တာ။ သူတို့ထဲမှာ ရုရှားပြန်တချို့လည်း ပါတယ်လို့ သိရတယ်” ဟု နေပြည်တော် စစ်ရုံးချုပ်နှင့်နီးစပ်သည့် တပ်မတော်အရာရှိဟောင်း တဦးက ခေတ်ပြိုင်သို့ ပြောသည်။

ထွက်ပြေးသွားသည့် တပ်မတော်အရာထမ်းများ၏ မိဘ၊ ဆွေမျိုး နေအိမ်များကို ၀င်ရောက်စစ်ဆေးမှုများ လုပ်ခဲ့သော်လည်း ထူးခြားသည်ဟု မကြားသိရကြောင်း၊ ရန်ကုန် ပတ်စ်ပို့ရုံးကို နေပြည်တော်က အထူးအဖွဲ့ ဝင်ရောက်ဖမ်းဆီး စစ်ဆေးနေခြင်းသည် ယင်းတပ်မတော်သားများ ထွက်ပြေးမှုနှင့် ဆက်စပ်နိုင်ကြောင်း ၎င်းက ပြောသည်။

“အခုလို ထွက်ပြေးသွားတဲ့ တပ်ကြပ်ကြီးစာရေးအဆင့် တပ်မတော်သားတွေထဲမှာ တပ်မတော်မှတ်တမ်းရုံးကလည်း ပါတာကြောင့် လောလောဆယ် အင်တာနက်နဲ့ နိုင်ငံခြားသတင်းဌာနတွေမှာ ပျံ့နှံ့နေတဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့ မြောက်ကိုရီးယား လျှို့ဝှက်ခရီးစဉ်မှတ်တမ်း၊ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ ရုရှားခရီးစဉ်မှတ်တမ်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အိန္ဒိယ ခရီးစဉ်မှတ်တမ်း၊ ဗိုလ်ချုပ်ဌေးဦးရဲ့ အစည်းအဝေးမှတ်တမ်း စတာတွေဟာ သူတို့ဖြန့်ဖြူးတာဖြစ်နိုင်တယ်” ဟု အဆိုပါ တပ်မတော်အရာရှိဟောင်းတဦးက သုံးသပ်သည်။

ရန်ကုန် ပန်းဆိုးတန်း နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးသည် တနိုင်ငံလုံးမှ ပြည်သူများ၊ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ သံတမန်များအား ပတ်စ်ပို့ထုတ်ပေးသည့် လာဘ်ပေးလာဘ်ယူ အများဆုံး ရုံးတရုံးဖြစ်ပြီး တာဝန်ကျရဲနှင့် လဝက ဝန်ထမ်းများ ဝင်ငွေအဖြောင့်ဆုံး ရုံးလည်းဖြစ်သည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့်ပတ်သက်၍ နအဖစစ်အစိုးရက အခက်အခဲပေါင်းစုံ ဖန်တီးထားသည့်အတွက် လာဘ်ပေးလာဘ်ယူမှုများ ပေါ်ပေါက်နေခြင်းဖြစ်ပြီး ငွေတတ်နိုင်သူ မည်သူမဆို မှတ်ပုံတင်အတု၊ သန်းခေါင်စာရင်းအတု စသည်များပြုလုပ်နိုင်ကာ တရားဝင် နိုင်ငံကူးလက်မှတ်တခုအထိ ပြုလုပ်နိုင်သည်ဟု မြို့ခံများက ပြောသည်။

ယခုကဲ့သို့ နေပြည်တော်အထူးအဖွဲ့၏ စစ်ဆေးဖမ်းဆီးမှုများသည် မကြာခင် မြို့နယ်အဆင့် လဝကရုံးများနှင့် ပြည်တွင်းအခွန် ဦးစီးဌာနရုံးများအထိ ပျံ့နှံ့သွားနိုင်သည်ဟု ၀န်ထမ်းများက ပြောဆိုနေကြသည်။

No comments: