Wednesday, July 22, 2009

ဂျူလိုင်လလယ် SSA – စစ်အစိုးရတပ် တိုက်ပွဲ၌ ဗိုလ်ကြီးအဆင့်ဒဏ်ရာဖြင့် ထွက်ပြေး

သျှမ်းသံတော်ဆင့်


ဂျူလိုင် ၁၅ ရက်နေ့ SSA နှင့် ဗမာ့ တပ်မတော် တိုက်ပွဲ၌ စစ် အစိုးရ ဘက်မှ ဗိုလ်ကြီး တယောက် ဒဏ်ရာ ဖြင့် ထွက်ပြေးလွတ် မြောက် သွားကြောင်း၊ ဖမ်းဆီး ရမိခဲ့ သည့် ရခိုင် အမျိုးသား တပ်သား တဦး ကပြောကြောင်း SSA သတင်း ရပ်ကွက် ကဆိုသည်။


“တိုက်ပွဲစဖြစ်တာ မနက် ၁၁း၀၀ နာရီ - ၁၈း၀၀ နာရီအထိ၊ ခမရ ၅၁၅ ဘက်က ဒဏ်ရာတွေနဲ့ထွက်ပြေးလွတ်မြောက် သွားတဲ့အထဲမှာ ဗိုလ်ကြီးကောင်းစံ အပါအ၀င် ၁၄ ယောက်ရှိတယ်။ လူသေအလောင်း ၁၁ လောင်းတွေ့ရတယ်။ အရှင်တယောက်ဖမ်းမိတယ်၊ မျှားခေါ်ခံရလို့ တပ်ထဲရောက်လာတဲ့ ရခိုင်လူမျိုးလို့ပြောတာဘဲ” ဟု SSA တပ်မှူးတဦး ကဆိုသည်။

တိုက်ပွဲအတွင်း အဖမ်းခံရသည့် ရခိုင်အမျိုးသား တပ်သားသိန်းအောင် သည် ပိုက်ဆံ ၂ သိန်းရလိုငြား စစ်တပ်ထဲဝင်လာ ခဲ့ရခြင်းဖြစ်ကြောင်း၊ သို့သော် စစ်သက် ၄ နှစ်ကျော် ၅ နှစ်ရလာသော်လည်း တပြားမှမရကြောင်း၊ လစာငွေလည်း ဟိုကြေး ဒီကြေး လစဉ်အဖြတ်ခံရသဖြင့် လစာအပြည့်အ၀ခံစားသည့်လ တလမှမရှိခဲ့ကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်ဟုဆို၏။

“ကျနော်တို့ သူ့ကိုသနားလို့ ထမင်းအ၀ကျွေးပြီး၊ သူ့အတွက် အ၀တ်အစားသစ်တစုံ နဲ့ခရီးစရိတ် ကျပ် ၁ သိန်း တောင် ထပ်ပေးလိုက်တယ်။ သွားလိုရာသွားပါဆိုပြီး လွတ်လိုက်ပြီ” ဟု အဆိုပါတပ်မှူးက သျှမ်းသံတော်ဆင့်သို့ပြောပြ၏။

တိုက်ပွဲ ၇ နာရီကြာဖြစ်နေစဉ် အစိုးရတပ်က အင်အားဖြည့်တင်း/စစ်ကူပေးခြင်း၊ တိုက်ပွဲပြီးဆုံးသွားသည့်တိုင် ယနေ့အထိ နယ်မြေရှင်းလင်းခြင်း၊ တန်ပြန်စစ်ဆင်ရေးလုပ်လာခြင်း မရှိသည်မှာထူးခြားကြောင်း၊ “ကျနော်ထင်တာ က အဓိကအကြောင်း ရင်း ၂ ရပ်ရှိမယ်။ ပထမတချက်က အာဇာနည်နေ့အချိန်အခါနဲ့တိုက်ဆိုင်လို့ မြို့တွင်းလုံခြုံရေးသွားယူတာလည်းဖြစ်မယ်၊ ဒါမှမဟုတ် နည်းဗျူဟာ သစ်ပြောင်းဖို့ ပြင်ဆင်နေတာလဲဖြစ်နိုင်တယ်” ဟု အမည်မဖေါ်လိုသည့် ဒေသခံတဦးက သုံးသပ်ပြ ပါသည်။

သျှမ်းပြည်အလယ်ပိုင်းလဲချား (လိုင်းခ) အခြေစိုက် ခမရ ၅၁၅ တပ်ရင်းမှူးမှာ ဗိုလ်မှူးပေါ်ဆန်းအောင် (ချင်းအမျိုးသား) ဆိုသူဖြစ်ကြောင်း၊ အဆိုပါတပ်မှာ လစဉ်နှင့်အမျှ တပ်ပြေး ၄-၅ ယောက် ရှိကြောင်း လဲချားဒေသခံများက ပြောပါသည်။

၂၀၀၉ မေ ၂၁ မှ စ၍ SSA တောင်ပိုင်းတပ်ဖွဲ့နှင့် နအဖ စစ်တပ်အကြား တိုက်ပွဲကြီးငယ် အကြိမ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်အစိုးရတပ်ဘက်က (ဗိုလ်ကြီး၊ ဗိုလ်မှူးအဆင့်အထိပါဝင်) ၂၀ ကျော်သေ၊ SSA က လက်နက်ကြီးငယ် ၃၀ ကျော် သိမ်းဆည်းရမိကြောင်း၊ SSA ဘက်မှ ( ၂၀၀၈ နိုဝင်ဘာ မှ ၂၀၀၉ ဂျွန် အထိ SSA ၏ ခြောက်လပတ်အစည်းအဝေး မှတ်တမ်းအရ) တပ်မတော်သား ၂ ယောက် နှင့် လက်နက် ၁ လက် ဆုံးရှုံးသည်ဟု ဆိုပါသည်။

No comments: