Saturday, July 25, 2009

နအဖ စစ်အစိုးရ၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစီရင်ရေး အသုံးချမှု


တရားမစွဲမီ အခြေအနေ

NLD ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့်အဖွဲ့သည် အထက်မြန်မာပြည် ပါတီစည်းရုံးရေးလုပ်ငန်းအတွက် သွားရောက်ဆောင်ရွက်ရာ ဒီပဲယင်းမြို့နယ်၊ ကျီရွာအနီး၌ ၃၀-၅-၂၀၀၃ ရက်နေ့တွင် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ကြရပြီးနောက် ၃၁-၅-၂၀၀၃ ရက်နေ့မှစ၍ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၀ (က) နှင့် ၁၀ (ခ) တို့အရ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ကို အရေးယူခဲ့ခြင်း ဖြစ်သည်။ ယင်းဥပဒေပုဒ်မတို့သည် ၁၉၇၄ ခုနှစ် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အဆိုပါဥပဒေများကို ၁၉၇၅ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၃ အရ ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။


အစိုးရအဖွဲ့အနေဖြင့် နိုင်ငံသားတဦး၏ မူလအခွင့်အရေးများကို လိုအပ်သလို ကန့်သတ်မိန့် ချမှတ်နိုင်သည့် ကိစ္စဖြစ်၍ ၀န်ကြီးအဖွဲ့သည် မိမိကိုယ်စား ဗဟိုအဖွဲ့ကို ဖွဲ့စည်းပြီး လုပ်ကိုင်ဆောင်ရွက်စေခဲ့သည်။ ဗဟိုအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးတို့က အဖွဲ့ဝင်အဖြစ် ပါဝင်ဖွဲ့စည်းထားသည်။ ဗဟိုအဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၁၀ (က) အရ ၃၁-၅-၂၀၀၃ ရက်နေ့မှ ၂၇-၁၁-၂၀၀၃ ရက်နေ့အထိ ၆ လ ဖမ်းဆီးချုပ်နှောင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နေထိုင်မကောင်းဖြစ်၍ ၁၇-၉-၂၀၀၃ ရက်နေ့မှာ အာရှတော်ဝင်ဆေးခန်းသို့ ပို့ဆောင်ကုသခဲ့ပြီး ၂၆-၉-၂၀၀၃ ရက်နေ့ ဆေးရုံမှပြန်ဆင်းရချိန်တွင် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ ပို့ပေး၍ ၂၇-၁၁-၂၀၀၃ ရက်နေ့ ဖမ်းဆီးချုပ်နှောင်ကုန်ဆုံးမည့် ရက်အထိ ထားခဲ့သည်။

ထို့နောက် အများပြည်သူ အေးချမ်းသာယာရေးကို ဆက်လက်ထိခိုက်ရန် အလားအလာရှိသည့်အတွက် ပုဒ်မ ၁၀ (ခ) အရ ၂၈-၁၁-၂၀၀၃ မှ ၂၇-၁၁-၂၀၀၄ ရက်နေ့အထိ ၁ နှစ် ကန့်သတ်တားဆီးမိန့်ဖြင့် နေအိမ်တွင် တားဆီးထားပြန်သည်။ ဗဟိုအဖွဲ့အနေဖြင့် လုပ်ထုံးလုပ်နည်း ပုဒ်မ ၄၆ (င) အခွင့်အာဏာအရ ပုဒ်မ ၁၀ (က) မှ ပုဒ်မ ၁၀ (ခ) သို့ ပြောင်းလဲတားဆီးမှု ပြုလုပ်ခဲ့ပါသည်။

ဗဟိုအဖွဲ့သည် ၎င်း၏ အခွင့်အာဏာ ကုန်ဆုံးပြီးနောက် ဆက်လက်တားဆီးရန် လိုအပ်သဖြင့် ယင်းဥပဒေပုဒ်မ ၁၄ အရ အစိုးရ၀န်ကြီးအဖွဲ့၏ ကြိုတင်ခွင့်ပြုမိန့်ဖြင့် တကြိမ်လျှင် ၁ နှစ်ထက် မပိုစေဘဲ ပုဒ်မ ၁၀ (ခ) ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်တားဆီးမိန့်များ ဆက်လက်ထုတ်ခဲ့သည်။ ထို့အပြင် စစ်အစိုးရက ချုပ်နှောင်ချိန်ကို လိုသလို တွက်ထားသည်။

ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီနှင့် ပြည်ထဲရေးဗဟိုအဖွဲ့ဝင် ရဲသတင်းတပ်ဖွဲ့မှူး ရဲမှူးချုပ်မြင့်သိန်းတို့က ထုတ်ဖော်ရှင်းလင်းသော သတင်းစာရှင်းလင်းပွဲတွင် တွက်ပြပုံမှာ---
(က) ၂၈-၁၁-၂၀၀၄ မှ ၂၇-၁၁-၂၀၀၅ ရက်နေ့အထိ ပထမအကြိမ် - ၁ နှစ်
(ခ) ၂၈-၁၁-၂၀၀၅ မှ ၂၇-၅-၂၀၀၆ ရက်နေ့အထိ ဒုတိယအကြိမ် - ၆ လ
(ဂ) ၂၈-၅-၂၀၀၆ မှ ၂၇-၅-၂၀၀၇ ရက်နေ့အထိ တတိယအကြိမ် - ၁ နှစ်
(ဃ) ၂၈-၅-၂၀၀၇ မှ ၂၇-၅-၂၀၀၈ ရက်နေ့အထိ စတုတ္ထအကြိမ် - ၁ နှစ်
(င) ၂၈-၅-၂၀၀၈ မှ ၂၇-၅-၂၀၀၉ ရက်နေ့အထိ ပဉ္စမအကြိမ် - ၁ နှစ်

စုစုပေါင်း ၄ နှစ်နှင့် ၆ လသာ ရှိသေးသည်ဟု ဆိုသည်။ ကန့်သတ်တားဆီးမိန့်ကို စုစုပေါင်း ၅ နှစ်အထိ ထားနိုင်သည့်အတွက် နောက်ထပ် ၆ လ တားဆီးနိုင်သေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်နေသည်ကို အလေးအနက်ထား စဉ်းစားနေချိန်၌ ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း တရားမ၀င် ၀င်ရောက်လာသည့် အမေရိကန်နိုင်ငံသား Mr. John Willam Yettaw ကို ၂ ရက်ဆက်တိုက် နေထိုင်ခွင့်ပြုခြင်း၊ လက်ခံစကားပြောခြင်း၊ အစားအသောက်များ ကျွေးမွေးခြင်းစသည့် ကူညီမှုများ ပြုလုပ်ခဲ့သည့်အတွက် တည်ဆဲဥပဒေပုဒ်မ ၂၂ အရ တရားစွဲဆိုခဲ့ရခြင်း ဖြစ်သည်ဟု ၁၆-၅-၂၀၀၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲ၌ ပါရှိသည်။

ဤသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ပုဒ်မ ၁၀ (က) နှင့် ၁၀ (ခ) တို့အကြောင်း ရှင်းပြမှုတွင် အစိုးရ၀န်ကြီးအဖွဲ့ ကိုယ်စား ဗဟိုအဖွဲ့၏ အမိန့်အရ ပုဒ်မ ၁၀ (က) ဖြင့် ၃၁-၅-၂၀၀၃ ရက်နေ့မှ ၂၇-၁၁-၂၀၀၃ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်မှု ၆ လအပြင် ပုဒ်မ ၁၀ (ခ) ကန့်သတ်တားဆီးမှု ၂၈-၁၁-၂၀၀၃ ရက်နေ့မှ ၂၇-၁၁-၂၀၀၄ ရက်နေ့အထိ ၁ နှစ်တို့ကို ဘာကြောင့် ထည့်သွင်းမရေတွက်ရပါသလဲ။ ဗဟိုအဖွဲ့သည် အစိုးရ၀န်ကြီးအဖွဲ့ကိုယ်စား ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ဖမ်းဆီးချုပ်နှောင်ခံရသည့်နေ့ရက်မှ ကန့်သတ်တားဆီးမိန့် ကုန်ဆုံးသည့်နေ့အထိ တဆက်တစပ်တည်း ဖြစ်နေပါသည်။ အဆိုပါ ပုဒ်မ၁၀ (ခ) အရ ကန့်သတ်တားဆီးမိန့် ၁ နှစ်ကိုလည်း ထည့်သွင်းရေတွက်ခွင့် မပြု၊ ချန်လှပ်ငြင်းပယ်ထားခြင်းမှာ ဥပဒေမဲ့ ပြုကျင့်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ကြောင်း ထင်ရှားသည်။

အာဏာပိုင်အဖွဲ့အစည်းသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဒ်မ ၁၀ (က) ၊ ၁၀ (ခ) နှင့် ပတ်သက်၍ ဖမ်းဆီးချုပ်နှောင်မှု၊ ကန့်သတ်တားဆီးမှုများကို ပွင့်လင်းစွာ ကြိုတင်ထုတ်ဖော် ကြေညာအသိပေးခြင်း မရှိခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အများပြည်သူတို့ဘက်မှ ခွင့်ပြုကာလ ၅ နှစ် ကျော်လွန်လျက်ရှိကြောင်း အငြင်းပွားလျက် ရှိနေကြပါသည်။

အမှုဖြစ်စဉ်နှင့် ထွက်ဆိုချက်များ
ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၇ အရ ယင်း၏ မူလအခွင့်အရေးများကို ကန့်သတ်မိန့်ထုတ်ပြန်၍ ပုဒ်မ ၁၀ (က) အရ ဖမ်းဆီးချုပ်နှောင်မိန့်၊ ပုဒ်မ ၁၀ (ခ)၊ ၁၁ တို့အရ တားဆီးမိန့်နှင့် ပုဒ်မ ၁၃၊ ၁၄ တို့အရ ဆက်လက်တားဆီးမိန့်များ ထုတ်ပြန်ပြီး ကန့်သတ်တားဆီးထားရာ၌ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား Mr. John Willam Yettaw မှာ ၃၀-၁၁-၂၀၀၈ ရက်နေ့ ညအချိန် ခြံအနောက်ဘက် အင်းယားကန်အတွင်းမှ ရေကူးသွားရောက်ကာ ခြံဝ၌ ဒေါ်ခင်ခင်ဝင်း၊ မ၀င်းပပတို့နှင့် တွေ့ရှိ၍ Book for Mormon အမည်ရှိ စာအုပ်အား ဒေါ်အောင်ဆန်းစုကြည် ဖတ်ရှုရန် ချထားပေးခဲ့ကြောင်း၊ အလားတူ ၃-၅-၂၀၀၉ ရက်နေ့ညအချိန်တွင် အင်းယားကန်အတွင်း ရေကူးပြီး ဒေါ်အောင်ဆန်းစုကြည် ခြံအတွင်း တိတ်ဆိတ် ၀င်ရောက်၍ ၅-၅-၂၀၀၉ ရက်နေ့အထိ နေအိမ်အတွင်း နေထိုင်ခွင့်ပြုခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်မှ Mr. John Willam Yettaw နှင့် လက်ခံစကားပြောခဲ့ခြင်း၊ အစားအသောက်များ ကျွေးမွေးခြင်း၊ ဒေါ်ခင်ခင်ဝင်းနှင့် မ၀င်းပပတို့မှလည်း ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်မှုအပေါ် အားပေးကူညီခဲ့ကြောင်း၊ ထိုသို့ ကန့်သတ်တားဆီးမိန့်များအား လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်သူ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ ဖြင့်လည်းကောင်း၊ ထိုသို့ ဖောက်ဖျက်ကျူးလွန်ခြင်းကို အားပေးကူညီသော ဒေါ်ခင်ခင်ဝင်း၊ မ၀င်းပပနှင့် Mr. John Willam Yettaw တို့ ၃ ဦးအား ယင်းဥပဒေပုဒ်မ ၂၂ ၊ ပြစ်မှုပုဒ်မ ၁၀၉ အရလည်းကောင်း အမှုဖွင့်အရေးယူပေးရန် ဒုရဲမှူးဇော်မင်းအောင်မှ ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှူးထံသို့ ၁၁-၅-၂၀၀၉ ရက်နေ့တွင် တိုင်ကြားရာမှ ပေါ်ပေါက်လာသော အမှုဖြစ်ပါသည်။

ယင်းအမှုကို ရန်ကုန်မြောက်ပိုင်းခရိုင်ခုံရုံး တရားသူကြီးဦးသောင်းညွန့် (ဥက္ကဋ္ဌ) နှင့် ဦးညီညီစိုး (အဖွဲ့ဝင်) တို့က ပြစ်မှုကြီးမှုအမှတ် ၄၇၊ ၂၀၀၉ဖြင့် လက်ခံစစ်ဆေးခဲ့ပါသည်။ တရားလိုရဲမှူးဇော်မင်းအောင်မှ တိုင်ချက်ပါအတိုင်း ထွက်ဆိုခဲ့ပြီးနောက် ဆက်လက်ထွက်ဆိုရာ၌ ဒေါ်အောင်ဆန်းစုကြည်ပေါ် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကန့်သတ်တားဆီးမိန့် ထုတ်ထားခဲ့ရာ၌ သံရုံးများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးပါတီများနှင့် ဆက်နွယ်သူများနှင့် မဆက်သွယ်ရန်၊ နေအိမ်မှပြင်ပသို့ ထွက်ခွာခွင့် လုံးဝမပြုရန်နှင့် အခြားသို့ စာဖြင့်သော်လည်းကောင်း၊ စကားပြောကြေးနန်းဖြင့်သော်လည်းကောင်း ဆက်သွယ်ခြင်း မပြုရန်၊ ၂၈-၅-၂၀၀၈ ရက်နေ့မှ ၂၇-၅-၂၀၀၉ ရက်နေ့အထိ ဆက်လက်တားဆီးမိန့် ပြုလုပ်ခဲ့ကြောင်း၊ အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ဖြင့် ၅ ကြိမ် ထုတ်ခဲ့သော တားဆီးမိန့်နှင့် ဆက်လက်တားဆီးမိန့်များမှာ စုစုပေါင်း ၄ နှစ်နှင့် ၆ လ ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်ကို တားဆီးကန့်သတ်ထားပြီး ဖြစ်သည့်အတွက် ယခုကဲ့သို့ နိုင်ငံခြားသားအား ညအိပ်နေထိုင်ခွင့်ပြုခြင်း၊ လက်ခံစကားပြောခြင်း၊ တွေ့ဆုံစကားပြောခြင်းတို့မှာ ကန့်သတ်မိန့်ကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း၊ Mr. John Willam Yettaw ပေးခဲ့သော စာရွက်စာတမ်း (စာအုပ်)ကို လက်ခံခဲ့ခြင်းသည်လည်း တားဆီးမိန့်ပါစာဖြင့် ဆက်သွယ်ခြင်းကို ဖောက်ဖျက်ခြင်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ခြံဝင်းအတွင်း အတူနေထိုင်သူ ဒေါ်ခင်ခင်ဝင်းနှင့် မ၀င်းပပတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်အား တားဆီးမိန့်ထုတ်ပြန်ထားသည်ကို သိရှိသူများဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ပြုလုပ်ဆောင်ရွက်မှုများကို အားပေးခဲ့သူများဖြစ်ကြောင်း၊ Mr. John Willam Yettaw သည် ယခုအမှု ဖြစ်ပေါ်ရာတွင် အဓိက ဆောင်ရွက်အားပေးသူ တဦးဖြစ်ကြောင်း၊ သို့ဖြစ်၍ ကန့်သတ်တားဆီးမိန့်များကို လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်သူ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေပုဒ်မ ၂၂ အရလည်းကောင်း၊ ဖောက်ဖျက်ကျူးလွန်ခြင်းကို အားပေးကူညီခဲ့ကြသော ဒေါ်ခင်ခင်ဝင်း၊ မ၀င်းပပနှင့် Mr. John Willam Yettaw တို့အား ယင်းဥပဒေပုဒ်မ ၂၂၊ ပြစ်မှုပုဒ်မ ၁၀၉ အရလည်းကောင်း တရားစွဲဆိုရခြင်းဖြစ်ကြောင်း ထွက်ဆိုသည်။

အင်းယားကန်အတွင်း အဖမ်းခံရသည့်အဖြစ်ကို မည်သူတို့က စီမံညွှန်ကြားခဲ့ပါသလဲ။ ပြည်ပ အစိုးရဆန့်ကျင်ရေး အဖွဲ့အစည်းများ၏ ပယောဂကြောင့်ဟု ရဲချုပ်မှ စွပ်စွဲထားသောကြောင့် ယင်းသို့ Mr. Yettaw အဖမ်းခံရအောင် စီမံပေးခဲ့သော ပြည်တွင်းပြည်ပရောက် နအဖ ဘက်တော်သားများ၏ နောက်ကွယ်က ကြိုးကိုင်၍ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မှုကျူးလွန်သူအဖြစ် ကျရောက်အောင်၊ ထပ်မံချုပ်နှောင်ထားစေနိုင်အောင် လုပ်ကြံစီမံချက် ဖြစ်နေကြောင်း လူအများက ယုံကြည်နေကြပါသည်။

ဒေါ်အောင်ဆန်းစုကြည်က ၂၆-၅-၂၀၀၉ ရက်စွဲဖြင့် ခရိုင်တရားရုံး ခုံအဖွဲ့သို့ အပြစ်မရှိကြောင်း ကိုယ်တိုင် ထုချေရေးသား လျှောက်လဲတင်ပြရာ၌ ''၃၀-၁၁-၂၀၀၈ ရက်နေ့၊ အမည်မသိသေးသော ပထမအကြိမ် (Mr. Yettaw) အိမ်ခြံဝင်း အတွင်းသို့ ၀င်ရောက်လာခဲ့ခြင်း ကိစ္စကို အတူနေသူ ဒေါ်ခင်ခင်ဝင်းထံမှတဆင့် ကြားသိရ၍ ယင်းအကြောင်းကို စစ်ဆေးရန် လာခွင့်ရသူ ဒေါက်တာ တင်မျိုးဝင်းမှတဆင့် အာဏာပိုင်များထံ သတင်းပို့ခဲ့သော်လည်း စုံစမ်းစစ်ဆေး မေးမြန်းခြင်း မပြုခဲ့သည့်အပြင် အရေးယူဆောင်ရွက်ကြောင်းလည်း မသိခဲ့ရကြောင်း၊ ခြံဝင်းအတွင်းသို့ လူဝင်ရောက်မှုရှိပါက အာဏာပိုင်များထံ ချက်ချင်း သတင်းပို့ရမည်ဟု သတိပေးခဲ့ဖူးခြင်းလည်း မရှိ၊ Mr. Yettaw ဒုတိယအကြိမ် ၄-၅-၂၀၀၉ ရက်နေ့နံနက်ပိုင်း ၀င်ရောက်လာသည်ကို တွေ့မြင်သိရှိ၍ ပြန်ထွက်သွားရန် ပြောခဲ့ရာ၌ မိုးလင်း၍ ပြန်ထွက်လျှင် အဖမ်းခံရနိုင်သဖြင့် ညရောက်လျှင် ပြန်မည်ပြောခဲ့ပြီး ညရောက်သောအခါ ကျန်းမာရေး အခြေအနေအရ တညအိပ်ခွင့်ပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း၊ ယခုအချိန်တွင် များစွာသော ကျမ၏ လုပ်ဖော်ကိုင်ဘက်၊ ရဲဘော်ရဲဘက်များသည် ဥပဒေ၏ ကာကွယ်မှုနှင့် သက်ညှာမှုတို့ကို မခံစားရဘဲ နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရပါသည်။ ထို့ကြောင့် ကျွန်မအနေဖြင့် မည်သူ့ကိုမျှ အဖမ်းအဆီး၊ အချုပ်အနှောင် မခံရစေရန် ကျမ တွန်းမပို့နိုင်ဟူသော နိုင်ငံရေးခံယူချက်အရ ခေတ္တခိုလှုံခွင့် ပေးခဲ့ခြင်းသာဖြစ်ပါသည်။ လစဉ်ဆေးစစ်ရန် ၇-၅-၂၀၀၉ ရက်နေ့တွင် ဒေါက်တာ တင်မျိုးဝင်း ရာက်လာပါက ယင်းသို့ ကျူးကျော်ဝင်ရောက်မှုကိစ္စကို တင်ပြရန် ရည်ရွယ်ထားပါသော်လည်း ထိုနေ့က ဒေါက်တာ တင်မျိုးဝင်း လာခွင့်မရတော့ဘဲ ရဲတပ်ဖွဲ့ဝင်များသာ ရောက်လာခဲ့ခြင်း ဖြစ်ပါသည်။

ကျမအပေါ် စွဲဆိုထားသည့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ အရ တားဆီးမိန့်၊ ကန့်သတ်မိန့်များ ချိုးဖောက်သည်ဟု စွပ်စွဲထားမှုနှင့် ပတ်သက်၍ တရားလိုပြသက်သေများ၏ ထွက်ဆိုချက်များအရ ဖောက်ဖျက်ခြင်း မရှိကြောင်း ထင်ရှားနေပါသည်။ ၁၉၇၄ ခုနှစ် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားတဦး၏ မူလအခွင့်အရေး ကန့်သတ်မှုပုဒ်မ ဖြစ်၍ ၁၉၈၈ ခု အာဏာသိမ်းသည့်နေ့မှစ၍ အာဏာတည်ခြင်းမရှိတော့သည့် ပုဒ်မများအရ ကန့်သတ်မိန့်တို့မှာလည်း တရားဝင်မှု မရှိပါ။ ယခု အမှုအရင်းခံ အကြောင်းအရင်းများမှာ လုံခြုံရေးလစ်ဟင်းမှု၊ (သို့မဟုတ်) လုံခြုံရေးဖောက်ဖျက်မှု ဖြစ်သော်လည်း ယခုအချိန်အထိ လုံခြုံရေးဆိုင်ရာ တာဝန်ရှိမှုအတွက် အရေးယူခြင်းမရှိဘဲ ကျမကိုသာ အရေးယူ တရားစွဲဆိုခြင်းမှာလည်း ဘက်လိုက်ဆောင်ရွက်ခြင်း ဖြစ်ပါသည်'' ဟု ဖော်ပြခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်း၊ မ၀င်းပပတို့ဘက်မှ လိုက်ပါဆောင်ရွက်သော ရှေ့နေများက တရားလိုကို ပြန်လှန်စစ်မေးမှုတွင် ''၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက်လာသော ပြဋ္ဌာန်းဥပဒေဖြစ်၍ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုယ်တိုင် ၄၆ နှစ်မြောက် တော်လှန်ရေးနေ့ ၂၇-၃-၁၉၉၃ တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိတော့ကြောင်း မိန့်ခွန်းပြောကြားထားတာ ရှိသည်ကို သိသလား" ဟု မေးမြန်းရာ၌ ''တရားလိုမှ မသိရှိပါ'' ဟု ဖြေဆိုပြီး န၀တ ၏ ၂၄-၉-၁၉၈၈ ရက်စွဲပါ ကြေညာချက် အမှတ် ၆/ ၈၈ အရ အာဏာအရပ်ရပ်ကို တာဝန်ယူခဲ့သည့် ၁၈-၉-၁၉၈၈ ရက်နေ့တွင် တည်ဆဲဥပဒေအားလုံးကို ရုပ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်း မရှိသရွေ့ အတည်ဖြစ်သည် ဆိုသောကြောင့် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တည်ရှိနေကြောင်းသာ ဖြေပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း နအဖ မှ အတည်ပြုထားပြန်သဖြင့် မြန်မာနိုင်ငံတွင် ဖွဲ့စည်းအုပ်ချုပ်ပုံနှစ်ခု ဖြစ်နေတာလားဟု မေးမြန်းချက်ကို တရားသူကြီးက အလှမ်းကွာဝေးသည့်အတွက် ယခုအမှုနှင့်မဆိုင်၍ မေးမြန်းခွင့် မပြုကြောင်း အမိန့်ချမှတ်ခဲ့ပါသည်။ စစ်ဆေးလျက်ရှိသော တရားရုံး တရားသူကြီးများသည် အုပ်ချုပ်ရေး အာဏာပိုင်၏ အလိုကျ ဘက်လိုက်စစ်ဆေးနေသော တရားစီရင်ရေး ချိနဲ့ယိမ်းယိုင်မှုပင် ဖြစ်ပါသည်။

ဥပဒေအရ ကန့်သတ်တားဆီးမိန့်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အားပေးကူညီခြင်းတို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်ပါ ၄ ဦးတို့အပေါ် စွပ်စွဲတရားစွဲနေချိန်မှာပင် ၂၅-၆-၂၀၀၉ ရက်နေ့၊ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ Mr. John Willam Yettaw ၀င်ရောက်လာမှုကို လုံခြုံရေးဆိုင်ရာတို့အား ချက်ချင်းအသိပေး အကြောင်းကြားခြင်းမရှိ၊ ပူးပေါင်းဆောင်ရွက်ခြင်း မရှိမှုတို့ကြောင့် ဖြစ်ရကြောင်း ရှင်းပြပါသည်။ လုံခြုံရေးပျက်ကွက်မှုကို ၀န်မခံဘဲ Mr. Yettaw ၏ ပထမအကြိမ် ၀င်၊ ထွက်ရာ လမ်းကြောင်းရှင်းလင်း၍ လွတ်မြောက်သွားခဲ့ခြင်း၊ ဒုတိယအကြိမ်တွင်လည်း ပထမအကြိမ်ဝင်ခဲ့သော လမ်းကြောင်းအတိုင်း ၀င်ခဲ့ပြီး ပြန်အထွက်၌ အချိန် ၅ နာခန့်ကြာ အင်းယားကန်မှ ရေကူးသွားရသော လမ်းကြောင်းအသစ်ကို ရွေးချယ်လျက် ဖမ်းဆီးခံရမှု ပေါ်ပေါက်လာစေခြင်းဖြင့် ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ရုံးတင်တရားစွဲဆိုပြီး ပြစ်ဒဏ်စီရင်နိုင်ရန် ဆောင်ရွက်မှု ဖြစ်ပါသည်။

သုံးသပ်ချက်
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံအထက်ပိုင်းသို့ နိုင်ငံရေး စည်းရုံးရေးခရီး ထွက်ခဲ့ရာ၌ လူထုထောက်ခံမှုများ တိုး၍ရရှိနေသည့်အတွက် နအဖ အစိုးရအနေဖြင့် စိုးရိမ်တုန်လှုပ်မှုရှိလာသည်။ ထို့ကြောင့် အစိုးရအာဏာပိုင်များ ကြီးကြပ်စီစဉ်သော ၃၀-၅-၂၀၀၃ ရက်နေ့ ဒီပဲယင်း အရေးအခင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသတ်ဖြတ်ရန် စီစဉ်ထားခဲ့ခြင်းမှ လက်မတင် လွတ်မြောက်လာနိုင်ခဲ့သော်လည်း ၃၁-၅-၂၀၀၃ ရက်နေ့တွင် အာဏာပိုင်တို့က ဖမ်းဆီးချုပ်နှောင်လိုက်ပါသည်။ ထို့ကြောင့် ယခုအမှုသည် နိုင်ငံရေးအရ လုပ်ကြံသော နိုင်ငံရေးအမှုဟု ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ခံယူ၍ သဘောထားမှတ်ချက်ပေးပါသည်။

နအဖ အစိုးရသည် တရားစီရင်ရေးကို ကျင့်သုံးရာတွင် သူ့စစ်ဖိနပ်ကြိုး ချည်နှောင်ပေးနေရသော အဖွဲ့အစည်းတခုကဲ့သို့ သဘောထားသည်။ နိုင်ငံရေးနှင့် ပတ်သက်သောအမှု (သို့မဟုတ်) ရဲသတင်းတပ်ဖွဲ့မှ တရားစွဲဆိုသော အမှုတိုင်း၌ မူလတရားရုံးများသည် မိမိသဘောဖြင့် ဆုံးဖြတ်ခြင်း မပြုရဘဲ အထက်သို့ တင်ပြ၍ အမြင့်ဆုံးပြစ်ဒဏ်များ ချမှတ်ပေးရန် ညွှန်ကြားထားပါသည်။ ပြစ်မှုပုဒ်မ ၂ ခု၊ ၃ ခု ဖြင့် ပုဂ္ဂိုလ်တဦးတည်းအပေါ် တွဲစွဲထားသော အမှုများတွင်လည်း ပြစ်ဒဏ်ကို တပေါင်းတည်းပေးနိုင်ပါလျက် သီးခြားစီ အပြစ်ပေးရမည်ဟု မှာကြားထားပါသည်။

မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု (Rule of Law) ဆိတ်သုန်းခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပါ၍ ယခုအမှုတွင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ပြဋ္ဌာန်းဥပဒေကို မည်သို့ပင်ခိုင်မာသော ခုခံဖြေရှင်းချက် ပေးနိုင်လင့်ကစား ပြစ်ဒဏ်ချမှတ်ခြင်း ခံရမည်မှာမလွဲပါ။ လာမည့် မြန်မာနိုင်ငံ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့် မရအောင် နအဖ မှ စီမံချက်ချထားပြီး ဖြစ်ပါသတည်း။

No comments: