Friday, July 24, 2009

(၁၀) သိန်းလာဘ်ယူကာ ဒီဂျစ်တယ်ဖုန်းလိုင်းသစ်များ လုပ်ပေး

ဝီရ / ၂၄ ဇူလိုင် ၂၀၀၉

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ အသုံးပြုရန် အဆင်မပြေတော့သည့် အင်နယ်လော့ (Analog) ဖုန်းလိုင်းဟောင်းများအား ဒီဂျစ်တယ်စနစ် ပြောင်းလဲတပ်ဆင်ပေးရာတွင် ဆက်သွယ်ရေးဝန်ထမ်းများက လာဘ်ငွေယူကာ ဖုန်းလိုင်းမရှိသူများအတွက် လည်း လိုင်းသစ်များ ချပေး နေသည်။

ယခင် ဖုန်းလိုင်းအဟောင်း (၂၁၊ ၂၂၊ ၂၃) အစဂဏန်း သုံးစွဲနေသူများကိုသာ ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲပေးမည်ဟု ဆက်သွယ်ရေးဌာနက ကြော်ငြာထားသော်လည်း ဖုန်းလိုင်းမရှိသူများထံမှ ကျပ်ငွေ (၁၀) သိန်းယူပြီး နားလည်မှုဖြင့် ဖုန်းသစ်များ ချပေးနေကြောင်း မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်သားတဦးက ပြောသည်။

၎င်းက “(၁၀) သိန်းပေးရင် နားလည်မှုနဲ့ လုပ်ပေးနေတယ်။ ဆက်သွယ်ရေးဝန်ထမ်းတွေကိုယ်တိုင်ပဲ၊ ပွဲစားမလိုဘူး။ အဲဒါကြောင့် လျှောက်လွှာတင်သွင်းရမယ့် ကောင်တာမှာတောင် ‘လျှောက်လွှာလာရောက် တင်သွင်းခြင်း မပြုသူများ၏ လိုင်းဟောင်းများအား ဖြတ်ပစ်မည်’ ဆိုပြီးတော့ စာကပ်ထားတယ်။ ဆိုလိုတာက ကြိုးလဲဖို့ ပိုက်ဆံ (၄) သိန်းခွဲ လာမသွင်းရင် လိုင်းဟောင်းကို ဖြတ်မယ်ဆိုတဲ့သဘောပေါ့။ လာမလျှောက်တဲ့လိုင်းတွေကို ပြန်ရောင်းတာပေါ့” ဟု ပြောသည်။

မြိုင်သာယာရပ်ကွက်မှ ဖုန်းလိုင်းများအတွက် ဒီဂျစ်တယ်စနစ် ပြောင်းလဲရာတွင် သတ်မှတ်နှုန်းမှာ (၄) သိန်းခွဲဖြစ်ပြီး လာရောက်တပ်ဆင်သည့်အချိန်တွင် ကေဘယ်လ်ကြိုးအရှည်ပေါ်မူတည်၍ နောက်ထပ် ကျပ်ငွေ (၂) သိန်းမှ (၃) သိန်းအထိ ထပ်မံပေးဆောင်ရမည်ဟု ၎င်းက ပြောသည်။

ဒီဂျစ်တယ်စနစ် လိုင်းပြောင်းရန် နောက်ဆုံးလျှောက်လွှာ တင်သွင်းရက်ကို ယခုလကုန်သတ်မှတ်ထားသော်လည်း ဖုန်းခလက်ကျန်များရှင်းရန် ကြန့်ကြာနေသည့်အတွက် သြဂုတ် (၁၅) ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း သိရသည်။

ဖုန်းမရှိသေးသည့်အိမ်များအတွက် တိုးတိုးတိတ်တိတ် လုပ်ဆောင်ပေးနေသည့်ကြေး ကျပ် (၁၀) သိန်းမှာ လိုင်းရရှိရန် အတွက်သာဖြစ်ပြီး အခြားကြိုးသစ်သွယ်ရန်အတွက် ထပ်ပေးရမည်ဖြစ်သဖြင့် (၁၀) သိန်းအထက် ကုန်ကျမည်ဖြစ်ကြောင်း အခြားမြို့ခံတဦးက ပြောသည်။

No comments: