Sunday, July 26, 2009

စစ်တွေမှ ဆန်ဆိုင်များ ဆန်ကုန်သည်အသင်း မ၀င်လျှင် ရောင်းချခွင့် ပိတ်ပင်မည်

Narinjara News 7/26/2009

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ဆန်ကုန်သည် အသင်းမ၀င်လျှင် ဆန်ရောင်းချခွင့်ကို ပိတ်ပင်သွားမည် ဖြစ်ကြောင်း စစ်တွေမြို့နယ် အသင်းခွဲမှ စာထုတ်ပြန်သည်။

အဆိုပါ စာအား စစ်တွေမြို့နယ် အသင်းခွဲ ဥက္ကဌမှ နာမည် မပါ လက်မှတ်မထိုးဘဲ ထုတ်ပြန်ထားသည်ဟု သိရသည်။

အမည်မဖေါ်လိုသူ တဦးက "၁၉-၇-၀၉ နေ့မှာ ပြုလုပ်တဲ့ အစည်း အဝေးကောက်နုတ်ချက်များဆိုပြီး ကျနော်တို့ဆီကို လူတတိုင်က လာပြီး စာရွက်တွေကို ဖြန့်ဝေပါတယ်။ စာထဲမှာပါတဲ့ အဓိက အကြာင်းအရာကတော့ စစ်တွေမှာ ရှိတဲ့ ဆန်ဆိုင်တွေ အားလုံး ဆန်အသင်းကို ၀င်ရမယ်။ မ၀င်ရင် ဆန်ရောင်းခွင့်ကို တားမြိတ် ပိတ်ပင်တယ် ဆိုပြီး ပါရှိပါတယ်" ဟု ပြောသည်။

ယခုထုတ်ပြန်ချက်ထဲတွင် ဆန်၊ ဆန်ခွဲ နှင့် ဖွဲ့နု ရောင်းသည့် ဆိုင်များ အားလုံး အကျုံး ၀င်ပြီး အသင်းဝင်ကြေးတွေကို သြဂတ်စ်လ တရက်နေ့မှ စတင်ကောက်ခံသွားမည် ဖြစ်ကြောင်း စာထဲတွင် ဖေါ်ပြထားသည်ဟု သူက ပြောသည်။

" အသင်းဝင်တာက ပြဿနာ မဟုတ်ပါ။ အခု ပြဿနာက အသင်းဝင် တဦးဟာ တလကို အသင်းဝင်ကြေး ကျပ် ၁၀၀၀၀ စီပေးရမယ်ဆိုပြီး စာထဲမှာ ပါလာပါတယ်။ အသင်းဝင်ကြေးကို သြဂတ်စ်လ တရက်နေ့က စပြီး စတင်ကောက်ခံမယ်။ သုံးရက်အတွင်း မပေးရင် ဆန်ရောင်းချခွင့်ကို ရပ်ဆိုင်းမယ် ဆိုပြီး ပါလာပါတယ်။"

၎င်းပြင် ထုတ်ပြန်ချက် စာရွက်ထဲတွင် သူတို့ ချမှတ်သော စည်းကမ်းများကို မလိုက်နာပါက အထက် အာဏာပိုင် အဖွဲ့အစည်းများသို့ တင်ပြပြီး အရေးယူသွားမည် ဖြစ်ကြောင်း ပါရှိသည်ဟုလည်း သိရသည်။

စစ်တွေ ဈေးကြီးနှင့် အနီးပတ်ဝန်းကျင် တ၀ိုက်တွင် ဆန်ဆိုင်ပေါင်း ၈၅ ဆိုင်ရှိပြီး အဆိုပါ အမိန့်စာ ထုတ်ပြန်ပြီးနောက် ဆန်ဆိုင်များတွင် ဆန်ဈေးများ မြှင့်တက်သွားခဲ့သည်ဟု သိရသည်။

ယခင်က ပေါ်ဆန်းမွှေး တအိတ် ကျပ် ၁၈၀၀၀ ရှိရာကနေ ချက်ချင်း ကျပ် ၂၅၀၀၀ ထိမြှင့်တက်သွားခဲ့သည်ဟု စစ်တွေ မောလိပ်ရပ်ကွက်မှ အမည်မဖေါ်လိုသူ ရွှေပန်းထိမ် တဦးက ပြောသည်။

No comments: