Thursday, July 23, 2009

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၂)


(၄၉)
၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ …. နံနက်စောစောပင် မော်လမြိုင်မြို့ တောင်လေးလုံး ကျောင်းတိုက်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များက အာရုံဆွမ်း ဆက်ကပ်လှူဒါန်း၏။

အရုဏ်ဆွမ်း လှူဒါန်းပြီးမှ … ကျိုက်မရောသို့ သွားကြ၏။

ကျိုက်မရောနှင့် မော်လမြိုင်ကမဝေး….။

လမ်းဘေး ဝဲယာတလျှောက်တွင် ထန်းပင်များက စီတန်း၍ အုပ်အုပ်ဆိုင်းဆိုင်း….။ နှင်းရည်ဆွတ်ဖြန်းထားသဖြင့် ထန်းရွက်များက စိုအိ၍ နေသည်။ မော်လမြိုင်နှင့် ကျိုက်မရောအကြား ရွာဆက်များက စိတ်၏။ လမ်းတလျှောက်လုံး လူထုက လမ်းဘေးမှထွက်၍ ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုကြ၏။ နှုတ်ဆက်ကြ၏။ ထောက်ခံအားပေးကြ၏။

ကျိုက်မရောတွင် အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပြီး ဒေါ်အောင်ဆန်းစုကြည်တို့ မော်လမြိုင်သို့ ပြန်ခဲ့ကြသည်။

မော်လမြိုင်တွင်က NLD ၏ ရုံးခန်းဖွင့်ပွဲ နှစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ပြီး ဆိုင်းဘုတ်တင်ပေးရမည်။ ပြီးလျှင် … မဟာမိတ်အဖွဲ့အစည်းများနှင့် တွေ့ဆုံရမည်။

မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီပါတီ၊ ဒီမိုကရက်တစ် တက္ကသိုလ်ဘွဲ့ရနှင့် ကျောင်းသားဟောင်းများအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ မဟာမိတ်လူငယ်များ အစည်းအရုံး၊ ပြည်သူ့ဒီမိုကရေစီပါတီ ….. ရုံးများသို့ သွားရောက်၍ တွေ့ရဆုံမည်။

မော်လမြိုင်သို့ ပြန်ရောက်ပြီး ….. စစ်ကဲကုန်းရပ်ရှိ NLD ရုံး၌ အဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့၏။ အဖွဲ့ဝင်များက ဦးအောင်ကြီးကိစ္စအား မေးမြန်းကြ၏။ ဒေါ်အောင်ဆန်းစုကြည်က ….

“ဒီကိစ္စနဲ့ ပတ်သက်လို့ လုံးလုံး စိတ်ဓာတ်မကျပါနဲ့။ နောင်လည်း ဒီလို ဥက္ကဋ္ဌမျိုး ကျမတို့ အဖွဲ့ချုပ်မှာ မရှိရအောင်၊ မပေါ်လာရအောင် အားလုံး ကူညီကြပါ။ ကျမတို့ အဖွဲ့ချုပ်မှာ မရှိရအောင်၊ မပေါ်လာရအောင် အားလုံးကူညီကြပါ။ ဒီလို အားလုံးကူညီကြပါလို့ ကျမ ဘာဖြစ်လို့ပြောလဲဆိုတော့ ကျမတို့အဖွဲ့ချုပ်ဟာ ဒီမိုကရေစီနည်းကျကျ ဖွဲ့ထားတဲ့ အဖွဲ့ချုပ်ပါ။ အခုဆိုရင် နေရာတော်တော်များများမှာ ရပ်ကွက်ညီလာခံတွေ စတော့မယ်။ ဒီရပ်ကွက်ညီလာခံတွေမှာ ဆိုလို့ရှိရင် ကိုယ်စားလှယ်တွေ ရွေးထုတ်ရမယ်။ အဲဒီတော့ ရပ်ကွက်ကိုယ်စားလှယ်တွေ ရွေးထုတ်တဲ့ အဆင့်ကစပြီးတော့ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းကို လေးစားမယ့် သူများကိုသာ ရွေးချယ်ပါ”

မွန်းလွဲ ၂ နာရီခန့်တွင် ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့သည် မော်လမြိုင်မြို့ပေါ်ရှိ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီရုံးသို့ ရောက်ရှိခဲ့ကြ၏။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဝင် လူငယ်ရဲဘော်များနှင့် တွေ့၏။ ဆွေးနွေး၏။ ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က …..

“ကျမငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ကဗျာလေးတပုဒ် ရှိပါတယ်။ ဒီကဗျာကတော့ အင်္ဂလိပ်ဘာသာက ပြန်ထားတဲ့ကဗျာပဲ။ လူငယ်များနဲ့လည်း အင်မတန်မှ စပ်ဟပ်တယ်လို့ ကျမထင်ပါတယ်”
“ကျွန်ုပ်ကို ယုံသောသူများကြောင့် ဖြောင့်မတ်မည်။
ဂရုစိုက်သောသူများကြောင့် သန့်ရှင်းမည်။
ဆောင်ရွက်ရန်များသောကြောင့် ခွန်အားနှင့်ပြည့်မည်။
ပင်ပန်းခံရများသောကြောင့် ရဲရင့်မည်။
မိတ်ဆွေမဲ့သူနှင့် ရန်သူကို မိတ်ဖွဲ့မည်။
ပေးကမ်းကြောင်းမေ့လျက် စွန့်ကြဲပေးကမ်းမည်။
ခွန်အားနည်းကြောင်းသိလျက် စိတ်နှိမ့်ချမည်။
ရွှင်လန်းချစ်ခင်မော်ကြည့်လျက် ထူးပင့်မည်” တဲ့…။

“ပြောတဲ့ကိစ္စအားလုံးဟာ မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ် ဖြစ်ရမယ်။ ဒီလိုလုပ်မှပဲ ကိုယ့်အပေါ်မှာ ယုံကြည်တဲ့ သူတွေရဲ့ ယုံကြည်ချက်ဟာ မပျက်သွားဘူး”
လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဝင် ရဲဘော်များနှင့် ဆွေးနွေးပြီးနောက် …. လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီရုံးပေါ်မှပင် ရုံးရှေ့၌ စုရုံးရောက်ရှိနေကြသည့် လူထုကြီးအား ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက်စကားပြော၏။



“ဒီလို ကျမတို့ကို လာပြီးကြိုဆိုတာ အများကြီး ကျေးဇူးတင်ပါတယ်။ ကျမတို့ လူထုနဲ့ တွေ့ဆုံရတယ်ဆိုရင် အမြဲပဲ ဝမ်းသာတယ်။ ဒါကြောင့်မို့လို့ လူထုနဲ့ မတွေ့ဆုံချင်တဲ့ အစိုးရများကို ကျမတို့ နားမလည်နိုင်ဘူး။ လူထုကို အားမကိုးတာဟာ အင်မတန်မှ ဉာဏ်နည်းတဲ့ အစိုးရပဲလို့ ကျမ ထင်တယ်။ ဒီလို ပြည်သူလူထုကို အားကိုးမှ ကျမတို့ တိုးတက်နိုင်မှာပါ။ ကျမ ပြည်သူလူထုကို အတန်တန်မှာချင်တာကတော့ ညီညွှတ်ကြပါ၊ ညီညွှတ်ကြပါ။ ဇွဲသတ္တိနဲ့ ကိုယ်လိုချင်တာကို ရအောင်ယူကြပါ။ ဒီမိုကရေစီရမလား၊ ရမလားလို့ မေးနေမယ့်အစား ရတဲ့အထိ အားလုံး ဝိုင်းပြီးတော့ ကူညီမယ်ဆိုတဲ့ ဇွဲနဲ့ ကျမတို့ကို ကူညီကြပါ။ ကျမတို့အနေနဲ့လည်း ပြည်သူလူထုအနောက်ကနေပြီးတော့ ထောက်ပံ့နိုင်တဲ့အခါကျရင် ထောက်ခံသင့်တဲ့နေရာမှာ ထောက်ခံပေးမယ်။ ပံ့ပိုးပေးမယ်။ အရှေ့ကနေပြီးတော့ ကာကွယ်သင့်တဲ့နေရာမှာ အရှေ့ကနေပြီးတော့ ကာကွယ်ပေးပါ့မယ်။ ပြည်သူလူထု အင်အားမရှိဘဲနဲ့တော့ ကျမတို့ ဘယ်လိုမှ မအောင်မြင်နိုင်ပါဘူး။ အဲ့ဒီတော့ ကျမတို့ အဖွဲ့ချုပ်ရဲ့ လုပ်ငန်း၊ ဒီမိုကရေစီလှုပ်ရှားမှုကြီးကို အောင်မြင်စေချင်တယ်ဆိုလို့ရှိရင် ပြည်သူလူထုအားလုံးကနေပြီးတော့ ထောက်ခံကြပါ။ အားပေးကြပါ။ ကျမတို့က အားကိုးနေရတဲ့ သူတွေပါလို့” …

သောင်းနှင့်ချီသော လူထုကြီးက၊ ဒေါ်အောင်ဆန်းစုကြည်အား သြဘာပေးကြ၏။

“ဒေါ်အောင်ဆန်းစုကြည်…ကျန်းမာပါစေ..”

လူထုကြီးက ဒေါ်အောင်ဆန်းစုကြည်အမည်အား ဟစ်ကြွေးရင်း လှိုက်လှိုက်လှဲလှဲ ထောက်ခံကြောင်း ပြသနေကြ၏။

အချိန်ကမရ….။ ရှေ့ဆက်ရမည့် တနေ့တာ အစီအစဉ်များက ရှိသေး၏။ တိုတိုနှင့်ပင် လူထုအား နှုတ်ခွန်းဆက် ဟောပြောရင်း အဆုံးသတ်လိုက်၏။ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရုံးမှ ပြန်၍ထွက်ခဲ့ကြသည်။ NLD ရပ်ကွက်ရုံးတရုံး၏ ဆိုင်းဘုတ်တင်ပွဲသို့ သွားကြ၏။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင် ဆိုင်းဘုတ်တင်ပေးရသည်။ ဆိုင်းဘုတ်တင်ပွဲပြီးသည့်နောက် …. မော်လမြိုင်မြို့နယ် NLD ရုံးသို့ ချီတက်ကြပြန်သည်။ မော်လမြိုင်မြို့နယ် NLD ရုံးက … မော်လမြိုင်မြို့ အောက်လမ်းမကြီးပေါ်တွင် ရှိသည်။ အချိန်က ညနေ … ၄ နာရီ ကျော်စပြုပြီ။

တနေကုန်မရပ်မနား လှုပ်ရှားသွားလာနေခဲ့ရ၏။ မော်လမြိုင်မြို့နယ် NLD ရုံး၌ အဖွဲ့ဝင်များ၊ စည်းရုံးရေးမှူးများနှင့်တွေ့၍ တပ်မတော်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး၏။

“တပ်မတော်ဆိုတာ ပြည်သူလူထုရဲ့ အစေခံဖြစ်ဖို့ဆိုတာ ဖေဖေ ပြောခဲ့ပါတယ်။ ပြည်သူလူထုဟာ တပ်မတော်ရဲ့ အစေခံမဖြစ်စေရဘူး။ တပ်မတော်ဟာ ပြည်သူလူထုရဲ့ အစေခံဖြစ်ရမယ်ဆိုပြီးတော့ ဒီလိုရည်မှန်းချက်နဲ့ တည်ထောင်ခဲ့တဲ့ တပ်မတော်ဖြစ်ပါတယ်။ ဖေဖေ့ရည်ရွယ်ချက်အတိုင်း ပြည်သူလူထုတို့ အားကိုးရာ၊ လဲလျောင်းရာ၊ ကိုးကွယ်ရာ တပ်မတော်ကြီး ဖြစ်စေချင်တယ်။

ဒါနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့ တပတ်လောက်တုန်းက မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ ဆိုင်းဘုတ်တင်ပွဲတခုမှာ ပြောခဲ့ပါတယ်”

“စစ်နည်းဗျူဟာ၊ ဘယ်လိုသာလည်း
စွဲကိုင်လက်နက်၊ ဘယ်လိုထက်လည်း
ပြည်သူ့နှလုံး၊ မသိမ်းကြုံးလျှင်
ပြည်သူ့ခွန်အား ၊ မကိုးစားလျှင်
ဓားသွားလည်းကြွေ၊ လှံလည်းခွေအံ့”…. တဲ့။

“အဓိပ္ပာယ်ကတော့ တပ်မတော်တခုဟာ ဘယ်လောက်ပဲ လက်နက်အင်အား ကောင်းကောင်း၊ ပြည်သူလူထုရဲ့ ထောက်ခံမှုမရှိရင် ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်တခု မဖြစ်နိုင်ဘူး။ သူတို့ရဲ့ ဓားသွားများဟာလည်း ထက်သင့်သလောက် မထက်နိုင်ဘူး။ လှံများဟာလည်း စွမ်းသင့်သလောက် မစွမ်းနိုင်ဘူး။ တပ်မတော်ရဲ့ အင်အားဟာ စွမ်းရည်ရှိဖို့ဆိုရင် ပြည်သူလူထုရဲ့ ထောက်ခံမှု လိုပါတယ်။ ကျမတို့ကလည်း ဒီလိုတပ်မတော်ကြီး ဖြစ်စေချင်ပါတယ်။ အခုဆိုလို့ရှိရင် ဘယ်ပဲသွားသွား ဆောင်ပုဒ်ကလေးတွေ မြင်ရတယ်။ ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်တဲ့။ ကျမကလည်း မေးလိုက်ချင်ပါတယ်။ ဘယ်သူတွေက ခွဲနေလို့လဲ။ ကျမတို့တော့ ကွဲစေချင်တဲ့စိတ် လုံးလုံး မရှိပါဘူး…”

ဆွေးနွေးပွဲက …. နေညိုမှပင် ပြီးပြတ်တော့၏။ ရုံးပေါ်မှကြည့်လျှင် သံလွင်မြစ်ပြင်အား မြင်ရ၏။ သံလွင်က နီညိုညို …. ညိုညစ်ညစ်။ သံလွင်သည် မိုင်ထောင်ချီခရီးအား နှင်လေရင်း ….. မုတ္တမပင်လယ်ဝသို့ ဆိုက်ရောက်၏။ မြစ်တို့က …. အဆုံး၌ ပင်လယ်အတွင်းသို့သာ ဝင်ကြလေ၏။ အချိန်တော့ ပေးရမည်။ ပြီးလျှင် ….. “အား” လို၏။ “ဇွဲမာန်” တို့ လို၏။ မြစ်လယ်မှ ခေါင်းဆေးကျွန်းငယ်သည် … မှောင်ရည်ယှက်သန်းမှုအောက်၌ တဖြည်းဖြည်း ဝါး၍ဝါး၍ ….၊ အမြင်တွင် ကွယ်ပျောက်လုလု….။

ပြန်ကြားရေးအဖွဲ့ဝင်တဦးက ဒေါ်အောင်ဆန်းစုကြည်အား ဒီနေ့ထုတ် လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာအား ပြ၏။ ရှေ့မျက်နှာဖုံးတွင်က စာလုံးမည်းကြီးနှင့် မနေ့က ရန်ကုန်သို့ အလည်အပတ်ရောက်ခဲ့သည့် ထိုင်းကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာဗလစ် ယောင်ချာယွတ်၏ သတင်းအား ဖော်ပြထား၏။

ချာဗလစ်က အာဏာသိမ်း စစ်အုပ်စုနှင့် ပထမဦးဆုံး လာပြီး လက်ဆွဲနှုတ်ဆက်သည့် နိုင်ငံတကာမှ ခေါင်းဆောင်တဦး….။ ဗိုလ်ချုပ်ကြီး ချာဗလစ်က ဗိုလ်ချုပ်မှူးကြီးစောမောင်အား အလေးပြုနေသည့် ဓာတ်ပုံကို ရှေ့မျက်နှာဖုံးတွင်ပင် ခြောက်ကော်လံအပြည့် ဖော်ပြထား၏။

ဗိုလ်ချုပ်ကြီး ချာဗလစ်အား အာဏာသိမ်းစစ်အုပ်စုက ကာကွယ်ရေးဝန်ကြီးဌာန၊ ဒဂုံရိပ်သာတွင် ဧည့်ခံ၍ တွေ့ဆုံကြသည်။ ဗိုလ်ချုပ်ကြီး ချာဗလစ်က …..

“လေးစားအပ်သော အကိုကြီးခင်ဗျား …. ပထဆုံးအနေနဲ့ နိုင်ငံတော်သမ္မတကြီး၊ နိုင်ငံတော် ဝန်ကြီးချုပ်လို့ ခေါ်ရမလား၊ ဒါမှမဟုတ် နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးလို့ ခေါ်ဆိုရမလားဆိုတာ ကျနော် မသိပါဘူး။ ဒါပေမဲ့ ကျနော့်ကို ရင်းနှီးတဲ့အနေနဲ့ ညီငယ်လို့ ခေါ်စေချင်ပါတယ်။ အကိုကြီးနှင့်တကွ မြန်မာညီအကိုများ အားလုံးဟာ ပြည်ထောင်စု မြန်မာနိုင်ငံတော် ငြိမ်းချမ်းရေးနှင့် တိုးတက်ဖွံ့ဖြိုးရေးအတွက် အစွမ်းကုန် အလုပ်လုပ်နေကြပါတယ်။ ကျနော်တို့ကို အခုလို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပြီး ပျုပျူငှာငှာ ဧည့်ဝတ်ပြုတဲ့အတွက် အကိုကြီးနဲ့ ညီအကိုများကို ကျေးဇူးတင်ခွင့်ပြုပါခင်ဗျာ။ ထိုင်း-မြန်မာနယ်စပ်မှာ ကျောင်းသားများရှိနေတဲ့အတွက် ကျနော်တို့ များစွာ စိုးရိမ်ပူပန်မိပါတယ်။ ကျောင်းသားအားလုံး ပြန်လာပြီး အနာဂတ် မြန်မာနိုင်ငံအတွက် ပညာဆက်လက်သင်ကြားဖို့ဆိုတာကို ကျနော်တို့ ထောက်ခံပါတယ်။ ဒါ့ကြောင့် ကျောင်းသားများ ပြန်လာရေးအတွက် ကျနော်တို့ အစွမ်းကုန်ကြိုးစားပေးပါမယ်။ လေးစားအပ်တဲ့ အကိုကြီးအတွက် ဆုမွန်ကောင်း တောင်းပေးဖို့ ညီအကိုများ မိတ်ဆွေများ လူကြီးလူကောင်းများကို ဖိတ်ခေါ်ပါတယ်။ ဗိုလ်ချုပ်ကြီးစောမောင် သက်တော်ရာကျော် ရှည်ပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ”

ဗိုလ်ချုပ်ကြီး ချာဗလစ်၏ ဘန်ကောက်ပြန် ခရီးတွင်မူ …. ကျွန်းသစ်တန်ချိန် တသိန်းခြောက်သောင်း၊ သစ်မာတန်ချိန် ငါးသိန်း ခုတ်လှဲထုတ်ယူခွင့်နှင့် မြန်မာ့ရေပိုင်နက်အတွင်း နှစ်စဉ် ငါးတန်ချိန် နှစ်သိန်းခွဲ ဖမ်းယူခွင့်တို့ ရရှိသွားခဲ့၏။


(၅ဝ)
၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်စောစောမှာပင် … ဒေါ်အောင်ဆန်းစုကြည်တို့ မော်လမြိုင်မှ မုဒုံသို့ စည်းရုံးရေးခရီး ဆက်ကြ၏။ ၁၆ ရက်နေ့ ခရီးစဉ်၌ ဖားအောက်၊ ကမာဝက်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျုံကဒက်၊ ကျိုက်ခမီတို့၌ ဆွေးနွေးပွဲများ ပြုလုပ်မည်။ လူထုဟောပြောပွဲများ ကျင်းပမည်။ မော်လမြိုင်မှစ၍ ထွက်ကတည်းက ဒေါ်အောင်ဆန်းစုကြည်သည် ရွှင်ပြ၍နေသည်။ စိတ်အားထက်သန်နေမှုက ဒေါ်အောင်ဆန်းစုကြည်၏ မျက်ဝန်း၌ ပေါ်၍နေသည်။ ဒေါ်အောင်ဆန်းစုကြည် မျက်ဝန်းနှစ်စုံက ကြယ်စင်များအလား …. အရောင်တဖျက်ဖျက်နှင့် …. လျှပ်ပြတ်တောက်ပ၍နေသည်။

ဤနေ့၊ ဤခရီး၌ မွန်လူမျိုးများ၏ ယဉ်ကျေးမှုနယ်ပယ်သို့ ဝင်ရမည်။ မွန်စာပေ၊ မွန်ဘာသာစကား၊ မွန်ယဉ်ကျေးမှုတို့နှင့် ထဲထဲဝင်ဝင် တွေ့ထိဆက်ဆံခွင့်ရမည်။ ဤအတွက်ပင် …. ဖြစ်မည်။ ဒေါ်အောင်ဆန်းစုကြည်၏ မျက်ဝန်းက ရွှန်းလဲ့တောက်ပ၍နေခြင်း…..။ ဖားအောက်သို့လွန်သော် … ယိုးကိုးဘုရားသို့ဝင်၍ ဒေါ်အောင်ဆန်းစုကြည် ဖူးမျှော်ကြည်ညို၏။ မွန်လူထုက ယိုးကိုးဘုရားရင်ပြင်၌ ပြည့်ပြည့်သိပ်သိပ် ….။ ဒေါ်အောင်ဆန်းစုကြည်က … ယိုးကိုးဘုရားရင်ပြင်မှာပင် စကားပြော၏။

“မွန်လို အခုမပြောနိုင်တာကိုလည်း တောင်းပန်ပါတယ်။ မွန်လိုပြောနိုင်ရင်တော့ ပိုပြီးတော့ ကောင်းမှာပေါ့လေ။ ဒါပေမဲ့ အခုတော့ ဗမာလိုပဲ ပြောပါရစေ။ ကျမတို့ စည်းရုံးရေးခရီး ထွက်တယ်ဆိုတာ တတိုင်းပြည်လုံးက ပြည်သူလူထုက ထောက်ခံမှ ဒီမိုကရေစီလှုပ်ရှားမှုဟာ အောင်မြင်နိုင်မယ်ဆိုတာ ယုံကြည်လို့၊ ပြည်သူလူထုအပေါင်းက ဒီလှုပ်ရှားမှုကြီးကို ထောက်ခံစေချင်လို့ ကျမတို့ စည်းရုံးရေးခရီး ထွက်ခဲ့တာပဲ။ တော်တော်များများက ဒီမိုကရေစီကို လိုချင်ကြတယ်။ ဒါပေမဲ့ ဒီမိုကရေစီရအောင်လို့ ဘယ်လိုလုပ်ရမယ် ဆိုတာကို မသိကြဘူး။ တကယ်တော့ ဒီမိုကရေစီရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ရှင်းရှင်းလေးပါ။ အားလုံးကနေ ညီညီညွှတ်ညွှတ်နဲ့ မရမနေလုပ်မယ်။

အထူးသဖြင့် ကျေးလက်တောရွာ ပြည်သူလူထုက ကြောက်နေကြတယ်။ ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံလို့ရှိရင် သူတို့အတွက် အန္တရာယ်ရှိမလား ဆိုပြီးတော့ ကြောက်နေကြတယ်ဆိုတာ ကျမ နားလည်ပါတယ်။ အခုချိန်မှာ ကျမတို့ဟာ ကြောက်ဖို့ မလိုတော့ပါဘူး။ ကျမ အမြဲပဲ သတိပေးတယ်။ သတ္တိရှိတယ် ဆိုတာဟာ ကြောက်စိတ်မရှိဘူးလို့ ပြောလိုတာ မဟုတ်ပါဘူး။ ကြောက်စိတ်ရှိလျက်နဲ့ မှန်တာကို လုပ်ရဲတာဟာ သတ္တိပါပဲ။ အဲ့ဒီတော့ ကြောက်ကြောက်နဲ့ပဲ အများအကျိုးအတွက် လုပ်သင့်တဲ့ ကိစ္စများကို လုပ်သွားကြပါ”

ယိုးကိုးရင်ပြင်မှ နံနက် ၉ နာရီကျော်ကျော်လောက်တွင် ခရီးစဉ်အား ဆက်၍ထွက်ကြ၏။ မုဒုံမြို့အား ဖြတ်ကနဲ …. ဖြတ်၍သွား၏။ ဦးတည်ချက်က သံဖြူဇရပ်၊ ကျိုက္ခမီ … ပြီးမှ ပြန်လှည့်၍ မုဒုံသို့ ဝင်မည်။ ကမာဝက်ရွာ ဆရာတော်အား သင်္ကန်း၊ ထီး၊ ဖိနပ် …. အစရှိသည့် လှူဖွယ်အစုစုတို့အား လှူမည်။ ဖူးမျှော်မည်။

မုဒုံနှင့် သံဖြူဇရပ်အကြား ကားလမ်းက ကြက်ပေါင်စေးခြံများ၏ အလယ်မှဖြတ်၍ ဖောက်ထား၏။ ကြက်ပေါင်စေးပင်များက နှင်းတို့နှင့် စိုစိုလွင်လွင် ….။ ပင်စည်၏ အရင်းအထက်နားမှ ပင်စည်အား ဝိုက်၍ ရစ်ထားသော အရာနှင့် ရာဘာစေးခံသည့် စဥ့်ခွက်ငယ်လေးများအား တွေ့ရ၏။ ရာဘာစေးခြစ်သည့် လုပ်သားတို့က …. ကားလမ်းဘေးသို့ထွက်၍ ဒေါ်အောင်ဆန်းစုကြည်တို့အား လက်များဝှေ့ယမ်း၍ နှုတ်ဆက်ကြသည်။ ကြက်ပေါင်စေးခြံများက ပင်ရင်းတွင် ရှင်း၍ပြောင်နေသည်။ ခြုံနွယ်ပိတ်ပေါင်း မရှိ…..။ မြက်ခင်းစိမ်းစိမ်းပါးပါးနှင့်…..။

အပင်များက အစိတ်အကျဲ အကွာအဝေးညီပြီး အပင်တန်းတို့က ဖြောင့်တန်း၍ ညီသည်။ အမြင်ရှုထောင့်အသွင် ပြောင်းသော်လည်း ကြက်ပေါင်းစေးပင်တို့က ဖြောင့်ဖြောင့်တန်းတန်း စီစီရီရီနှင့်ပင် တွေ့ရ၏။

သံဖြူဇရပ်မြို့အဝင်၌ ဟင်္သာအရုပ်ကြီးနှင့် မြို့အဝင်ဆိုင်းဘုတ်အား တွေ့ရ၏။ သံဖြူဇရပ်လူထုက … ဒေါ်အောင်ဆန်းစုကြည်တို့အား လမ်းဘေးဝဲယာမှ ကြိုဆိုကြ၏၊ နှုတ်ခွန်းဆက်ကြ၏။ ဒေါ်အောင်ဆန်းစုကြည်တို့က ယာဉ်တန်းအား ဖြေးဖြေးမောင်းနှင်ကာ …. ကားပေါ်မှပင် လူထုအား ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆက်၏။

“စိတ်ချမ်းသာ …ကိုယ်ကျန်းမာစေကြောင်း” ဆုတောင်းပေး၏။
အစီအစဉ်က …. ကျိုက္ခမီသို့ အရင်သွားမည်။ ကျိုက္ခမီက အပြန်တွင်မှ …. သံဖြူဇရပ်အဖွဲ့ချုပ်ရုံးသို့ ဝင်ကြမည်။ ဒေါ်အောင်ဆန်းစုကြည်တို့၏ မော်တော်ယာဉ်တန်းက သံဖြူဇရပ်စစ်သင်္ချိုင်း၏ အရှေ့မှကပ်၍ ဖြတ်မောင်းသွားသည်။ သံဖြူဇရပ်စစ်သင်္ချိုင်းက သေမင်းတမန် မီးရထားလမ်း ဖောက်လုပ်ရာတွင် ကွယ်လွန်ခဲ့သည့် သူများအား မြှုပ်နှံရာသချိုင်္င်း…..။ ဖက်ဆစ်တို့၏ ပြတိုက်….။ ရက်စက်မှု၊ လူသားချင်း စာနာမှုကင်းမဲ့ရာတို့၏ နိမိတ်ပုံ…..။

ကျိုက္ခမီသို့ … နံနက် ၁၁ နာရီမထိုးမီတွင် ရောက်၏။ ကျိုက္ခမီ ရေလယ်ဘုရားသို့ ဦးစွာသွားရောက်၍ ရှိခိုးပူဇော်မည်။ ပြီးလျှင် ….. ကျိုက္ခမီအဖွဲ့ချုပ်ရုံးသို့ သွားမည်။ ထိုမှ ….. ကျုံကဒက်ရွာသို့ ဆက်မည်။

ကျိုက္ခမီရေလယ်ဘုရားသို့ ဒေါ်အောင်ဆန်းစုကြည်တို့ သွားရောက်၍ ဖူးမြော်၏။ ရေလယ်ဘုရားတွင် ဒေါ်အောင်ဆန်းစုကြည်က တည်ကြည်လေးနက်စွာနှင့် သစ္စာဆို၏။

“မိမိတို့၏ အခွင့်အရေးများ ချောချောမောမောနှင့် အောင်မြင်ပါစေကြောင်း၊ တပည့်တော်မ မှန်ကန်သော သစ္စာစကားကြောင့်…၊ တပည့်တော်မ ဆောင်ရွက်နေသော ဒီမိုကရေစီအခွင့်အရေး အောင်မြင်ပါစေကြောင်း၊ တပည့်တော်မ သစ္စာပြုသည့်အတိုင်း တပည့်တော်မ ဆောင်ရွက်နေသော ဒီမိုကရေစီအခွင့်အရေး အောင်မြင်ပါစေသား…”


No comments: