Friday, July 24, 2009

ရမ်းဗြဲဥက္ကဌ အကောက်ကြမ်း၍ လူထုများ ဒုက္ခရောက်

Narinjara News

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် မယက ဥက္ကဌကြီး ဦးအောင်ကျော်ဇော ငွေအကောက် ကြမ်းသဖြင့် မြို့နယ်နေ လူထုမှာ အထူး ဒုက္ခ ရောက်နေ ကြရသည်ဟု သတင်းရရှိသည်။

အမည်မဖေါ်လိုသူ ရမ်းဗြဲမြို့ခံ တဦး အပြောအရ ဇွန်လ တလတည်းအတွင်းတွင်ပင် ရမ်းဗြဲမြို့နယ် မယက ဥက္ကဌမှ အနည်းဆုံး လူ (၅)ဦးထံမှ ငွေများကို မတရား တောင်းခံ ကောက်ယူခဲ့သည်ဟု ပြောသည်။

“ဦးအောင်ချစ်သန်းဆိုတဲ့ ကားပိုင်ရှင်ပေါ့နော်။ ရန်ကုန်နဲ့ ရမ်းဗြဲအကြား ပြေးဆွဲနေတဲ့ လူစီးကား သီးသန့် ပိုင်ရှင်ပါ။ မယက ဥက္ကဌက သူ့မှာ ငွေလိုအပ်တယ်ဆိုပြီး အတင်း ငွေ (၁)သိန်း အတင်း ကောက်ယူသွားပါတယ်။ မပေးရင် ကားလိုင်စင်တွေကို အကြောင်း အမျိုးမျိုးပြပြီး သိမ်းဆည်းသွားနိုင်တယ်ဆိုတော့လည်း ပေးလိုက်ရတာပေါ့။”

ဦးအောင်ချစ်သန်းကဲ့သို့ တခြား ကားပိုင်ရှင်များကိုလည်း ခေါ်ယု ခြိမ်းခြောက်သဖြင့် မယက ဥက္ကဌထံသို့ ငွေများပေးလိုက်ရသည်ဟု သူက ပြောသည်။

“ ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ် စပါးတုံကျေးရွာမှ BM ကားပိုင်ရှင် ဦးထွန်းဝေမှ ကျပ်ငွေ တသိန်းနဲ့ ရမ်းဗြဲ အမှတ် (၁) ရပ်ကွက်က ထွေလာဂျီပိုင်ရှင် ဦးညိုဝင်းဆီက တသိန်းစီ ပေးလိုက်ရပါတယ်။ သူတို့ကို ဥက္ကဌက တွေ့ဆုံဖို့ခေါ်တဲ့အခါ နောက်ကျတဲ့အတွက် ဒဏ်ရိုက်တာ ဆိုပြီး ကောက်ယူ သွားတာ ဖြစ်တယ်လို့ သိရပါတယ်။”

၎င်းပြင် ရမ်းဗြဲ အမှတ် (၅) ရပ်ကွက်မှ ရယက ဥက္ကဌ ဦးသန်းကျော် ထွေလာဂျီနှင့် ကိုသန်းမင်းနိုင် ဆိုက်ကားတို့ မယက ဥက္ကဌ ဆိုင်ကယ်နှင့် သွားနေစဉ် ရှေ့မှ ဖြတ်သန်း သွားသဖြင့် ဒဏ်ငွေ ၅၀၀၀ စီရိုက်ခဲ့သည်ဟု သိရသည်။

ရမ်းဗြဲမြို့မှ ပေးပို့သော သတင်းအရ အဆိုပါ ငွေများကို မယက ဥက္ကဌ ရံပုံငွေ အတွက် မယက ဥက္ကဌ ကိုယ်ပိုင်ဖွင့်သော ဘဏ်ငွေစာရင်းတွင် သွင်းပေးခဲ့ရသည်ဟု သိရသည်။

ယခုကဲ့သို့ ငွေတောင်းခံ ကောက်ယူမူ ကြမ်းတမ်းနေသဖြင့် မယက ဥက္ကဌ တောင်းသော ငွေကို မပေးနိုင်သဖြင့် ကျောက်နီမော် ရယက ဥက္ကဌ ဦးစံကျော်မှာလည်း များမကြာခင်က ဥက္ကဌ ရာထူးမှ နုတ်ထွက် သွားခဲ့သည်ဟုလည်း အဆိုပါ ရမ်းဗြဲ မြို့ခံက ပြောသည်။

ယခုကဲ့သို့ ဆိုးသွမ်းနေသော မယက ဥက္ကဌကို နေပြည်တော်ထိ ရမ်းဗြဲမြို့နယ်သူ မြို့နယ်သားများမှ တိုင်ကြားသော်လည်း တစုံတရာ စစ်ဆေး အရေးယူခြင်း မရှိသဖြင့် ဒေသခံများ အနေဖြင့် မယက ဥက္ကဌ အကြောင်း အမျိုးမျိုးပြ တောင်းခံသည့် ငွေကိုသာ ပေးနေကြသည်ဟု ဒေသခံများက ပြောသည်။

No comments: