Friday, July 24, 2009

ဒေါ်စု တရားခွင် ပြီးဆုံး

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009


ဒေါ်အောင်ဆန်းစုကြည်၏ အမှုနှင့် ပတ်သက်၍ အပြီးသတ် လျှောက်လဲကြသည့် ယနေ့ တရားခွင်သည် ညနေ ၅ နာရီတွင် ပြီးဆုံးသွားသည်။

ဒေါ်အောင်ဆန်းဆုကြည်၏ ရှေ့နေများအား အာဏာပိုင်များက ကားဖြင့် လိုက်ပို့ပေးနေသည်ဟု အင်းစိန်ထောင်ရှေ့ ရောက်ရှိနေသူ ရှေ့နေ တဦးက ပြောသည်။

အင်းစိန်ထောင်ရှေ့တွင် ရောက်ရှိနေကြသည့် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံအားပေးသူ ပြည်သူများ ပြန်သွားကြပြီ ဖြစ်သည်။

ဒေါ်စုတရားခွင်ကို တရားရုံးက လာမည့် တနင်္လာနေ့ (ဇူလိုင်လ ၂၇ ရက်နေ့) နံနက် ၁၀ နာရီသို့ ရွှေ့ဆိုင်းလိုက်သည်။
---------------------------


ဒေါ်စုလွတ်မြောက်ရေး ဆုတောင်းသူများ ရဲက ခေတ္တထိန်းသိမ်း

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ၁၀ ဦးက ရန်ကုန် ရွှေတိဂုံဘုရားသို့ သွားရောက်၍ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုတောင်းပွဲ ပြုလုပ်ရာ ရဲက ခေါ်ယူ၍ ခေတ္တမျှ ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် သူမ၏ ရှေ့နေများက ရန်ကုန် အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ အပြီးသတ် လျှောက်လဲချက်ပေးသည့် ယနေ့တွင် အဆိုပါ ထိန်းသိမ်းမှုမျိုး ကြုံတွေ့ရခြင်း ဖြစ်သည်။

ဆုတောင်းပွဲတွင် ပါဝင်လှုပ်ရှားသူတဦးဖြစ်သူ ဒေါ်နော်အုန်းလှက အခြေအနေ အသေးစိတ်ကို ပြောဆိုထားပါသည်။

''အန်တီတို့ ဘာမှလုပ်လို့ မရဘူး။ အခု ဆန္ဒပြရင်လည်း ဖမ်းမှာပဲလေ။ လမ်းလျှောက်ရင်လည်း ဖမ်းတာပဲ။ အာဇာနည်နေ့တုန်းကလည်း လမ်းလျှောက်လို့ ဖမ်းတယ်။ ဒီနေ့လည်း အဖမ်းခံရတာပဲလေ။ ဒီနေ့ ဘုရားတက်တယ်။ ဘုရားတက်တယ်ဆိုတာက ဒီနေ့က ဒေါ်အောင်ဆန်းစုကြည် ရုံးထုတ်ရက် ဖြစ်တယ်လေ။ ပဋ္ဌာန်းကို ရွှေတိဂုံ ဘုရားမှာ ရွတ်တယ်။ မြို့နယ် ၇ မြို့နယ်ပေါင်းပြီးတော့ ကိုယ့်ခေါင်းဆောင်ကို လွတ်စေချင်လို့ ဆုတောင်းပွဲ လုပ်တာလေ။ ပြန်လာတော့ အင်းစိန်ထောင်ရှေ့ကို ပြန်လာတဲ့အခါမှာ မရောက်ဘူး''။

''ဘတ်စ်ကား ၄၈ အထူးကားပေါ်ကနေ ဘုရင့်နောင် ရဲစခန်းကို ခေါ်သွားတယ်။ အဲဒီကနေ ၁ နာရီခွဲမှာ ပြန်လွတ်တာ။ ပြန်လွတ်လို့ အန်တီတို့ ထောင်ရှေ့ရောက်နေတာ။ အန်တီနဲ့အတူ အမျိုးသမီး ၅ ယောက် အမျိုးသား ၅ ယောက် ပါတယ်။ အန်တီတို့နဲ့အတူ ကားသမားလည်း မပြန်ရဘူး၊ ခရီးသည်တွေလည်း မပြန်ရဘူး။ အန်တီတို့ ပြန်လွတ်မှာပဲ သူတို့လည်း ပြန်ကြရတယ်။ ခရီးသည် ၄ ယောက်နဲ့ ၈ ယောက်ကြား ရှိတယ်။ အန်တီတို့ကားထဲမှာ တချို့ ဝန်ထမ်းတွေ ပါတယ်။ တယောက်ဆို နေမကောင်းဘူး။ အမျိုးသမီးတယောက်ဆို ကလေးတွေ ကျန်ခဲ့တယ်။ ဘယ်ကိုမှလည်း မသွားခိုင်းဘူး။ အန်တီကတော့ မေးလိုက်တယ်။ လွှတ်လိုက်ပါလား၊ သူတို့မှာလည်း အလုပ်ရှိတယ်ပြောတော့ ပေးမလွှတ်ဘူး''။

''အန်တီတို့ ကားစီးလာတာလည်း အဖမ်းရတယ်။ အန်တီတို့နိုင်ငံမှာ ဘာမှလုပ်လို့ မရဘူး။ ဒီနေ့ဆိုရင် ဘာမှလည်း မဟုတ်ဘူး။ အန်တီက စခန်းမှူးကို မေးတယ်။ ကျမတို့ ဒီကို ဘာလို့ခေါ်တာလဲ မေးတော့။ သူတို့က ဘာပြောလဲဆိုတော့ ရောက်လာလို့ မေးတာပါ။ ရောက်တယ်ဆိုတာက ခေါ်ခိုင်းတဲ့သူရှိလို့ ရောက်လာတာပေါ့။ စခေါ်တာက ကားပေါ် ခါးပိုက်နှိုက်ပါတယ်ဆိုပြီး ခေါ်သွားတာ။ ခါးပိုက်နှိုက် ပါတယ်ဆိုရအောင်က ဒီကားပေါ် အန်တီသိသလောက် ရဲနဲ့ အန်တီတို့ပဲ ပါတယ်။ ကားပေါ်မှာ ခါးပိုက်နှိုက်ပါတယ် ဆိုရအောင်က စဉ်းစားလို့ မရဘူး။ ပွင့်ပွင့်လင်းလင်း ပြောပါ။ ကျမတို့ ဒေါ်အောင်ဆန်းစုကြည် ရုံးထုတ်လာတာကို မကြိုက်လို့ ခေါ်ထားတာဆိုရင်လည်း ရတယ်။ ပွင့်ပွင့်လင်းလင်းပြောပေါ့ ဆိုတော့မှ ၁၅ မိနစ်ကြာမှ ရဲစခန်းက ပြန်လွှတ်လိုက်တယ်''။

--------------------------------------------------------------------------

ထောက်ခံအားပေးသူများ အင်းစိန်ထောင်ရှေ့ စုဝေးရောက်ရှိနေ

မဇ္ဈိမသတင်းဌာန သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် အင်းစိန်ထောင်အတွင်း အပြီးသတ် လျှောက်လဲချက်ပေးနေရာ၊ ထောင်ရှေ့တွင် အန်အယ်ဒီ ပါတီဝင်များနှင့် ထောက်ခံအားပေးသူများ စုဝေးရောက်ရှိနေသလို၊ အာဏာပိုင်များကလည်း လုံခြုံရေး ထူထပ်စွာ တိုးမြှင့်ချထားသည်။

မျက်မြင်သက်သေတဦးအဆိုအရ တရုတ်လုပ် FAW ထရပ်ကား အနည်းဆုံး ၁ဝ စီးခန့်တွင် ယူနီဖောင်းဝတ်ကာ၊ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားးသည့် ရဲသားများ တင်ဆောင်ထားပြီး၊ ထောင်အနီးရှိ လမ်းထောင့်တနေရာတွင်လည်း အနည်းဆုံး အချုပ်ကား နှစ်စီး ရပ်ထားကြောင်း သိရသည်။

ထောင်သို့ သွားရာလမ်းတလျှောက်တွင်လည်း ရဲများက သံဆူးကြိုး အတားအဆီးများ ချထားသည်။
---------------------------------------------------------------------------

ဦးဝင်းတင် အင်းစိန်ထောင်ရှေ့ သွားရောက်

ဖနိဒါ သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009

ချင်းမိုင် (မဇ္ဈိမ) ။ ။ နှလုံးရောဂါဝေဒနာ ခံစားနေရသော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်း တင်သည် ယနေ့ ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ဆုံးလျှောက်လဲချက် ကြားနာနေချိန်တွင် အင်းစိန်ထောင်ရှေ့တွင် သွားရောက် ခဲ့ ကာ ပါတီ ခေါင်းဆောင် နှင့် သွေးစည်း ညီညွတ် မှုကို ပြသ ခဲ့သည်။

နေ့လည် ၁ နာရီခွဲမှ ၂ နာရီခွဲထိ သွားရောက်ခဲ့ခြင်းဖြစ်ပြီး သူနှင့်အတူ အင်းစိန်ထောင်ရှေ့ အနည်းဆုံး ၃၀၀ ခန့် ရှိနေခဲ့သည်။

“ရှေ့နေတွေက ၂ နာရီ မထိုးခင် ဝင်သွားတယ်။ လူထုက ၃၀၀ လောက်ရှိတယ်။ ဒါထက် ပိုရင်လည်း ပိုမယ်။ ကျနော်ကြည့်တာက ခါတိုင်းနေ့ထက် ပိုများတယ်။ အသက်ကြီးတဲ့ လူတွေရော လာတယ်” ဟု အသက် ၈၀ နှစ်အရွယ် ဦးဝင်းတင်က ပြောသည်။

“ကျနော် အကြိမ်ကြိမ် ပြောချင်တာက ဒီအမှုက မတရားတဲ့အမှု။ အကွက်ဆင်ပြီး လုပ်တဲ့အမှု ဖြစ်တဲ့အတွက် ဒါကို ရုပ်သိမ်းပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့။ ဒေါ်စုနဲ့ တသားတည်းကျတယ်ဆိုတာကို ပြချင်တာပဲ ရှိတယ်”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် ဥက္ကဋ္ဌ ဦးရဲထွဋ်၊ ရှေ့နေ ဦးခင်မောင်ရှိန်၊ ဦးအောင်သိန်း၊ ညောင်လေးပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းမောင်တို့နှင့် ဒေါ်နော်အုန်းလှတို့ အမျိုးသမီးအုပ်စုများနှင့် ပြည်သူများ လာရောက်ကြသည်ဟု ပြောသည်။

သို့သော် ဒေါ်နော်အုန်းလှတို့ အဖွဲ့မှ ၁၀ ဦးခန့်အား ယနေ့ နံနက် ၁၁ နာရီခန့်တွင် ဘတ်စ်ကားဖြင့် လာရောက်ကြသည်ကို ရဲများက ဘုရင့်နောင် ရဲစခန်းတခုသို့ ခေါ်ဆောင် စစ်ဆေးခဲ့သေးသည်ဟု ဦးဝင်းတင်က ပြောသည်။

အင်းစိန်လမ်းမ ပိတ်ထားပြီး လုံခြုံရေးလည်း ယခင်ကထက် ပိုချထားသည်။

No comments: