Monday, July 27, 2009

ဒေါ်အောင်ဆန်းစုကြည်အမှု မနက်ဖြန်ထပ်မံရုံးချိန်းအစိုးရရှေ့နေများ လျှောက်လဲချက်မပြီး

မင်းနိုင်သူ / ၂၇ ဇူလိုင် ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်အမှု ယနေ့တရားခွင်တွင် အစိုးရရှေ့နေများက လျှောက်လဲချက် ပေးခဲ့သော်လည်း ပြီးပြတ်ခြင်းမရှိသဖြင့် မနက်ဖြန်သို့ ထပ်မံရုံးချိန်းလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲနေသော အင်းစိန်အထူးတရားခွင်ကို ယနေ့နံနက် (၁၀) နာရီတွင် စတင်ခဲ့ပြီး အမှုတွဲပါ (၃) ဦး အတွက် အပြီးသတ်လျှောက်လဲချက်များကို သက်ဆိုင်ရာရှေ့နေများက လျှောက်လဲခဲ့ကြသည်။

ယနေ့တရားခွင်တွင် အမှုတွဲပါ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူနေ ဒေါ်ခင်ဝင်းနှင့် မ၀င်းမမတို့အတွက် အပြီးသတ် လျှောက်လဲချက်ကို ရှေ့နေဦးလှမျိုးမြင့်ကလည်းကောင်း၊ နေအိမ်သို့ ရေကူးဝင်ရောက်ခဲ့သူ မစ္စတာ ယက်တောအတွက် ရှေ့နေ ဦးခင်မောင်ဦး ကလည်းကောင်း အပြီးသတ်လျှောက်လဲချက်များ ပေးခဲ့ပြီး မွန်းတည့် (၁၂) နာရီခန့်တွင် တရားခွင်ရပ်နားသည်။

“ဒီကနေ့တရားခွင်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဖြစ်တဲ့ ဦးကြည်ဝင်းနဲ့ ဦးဉာဏ်ဝင်းတို့က တရားရုံးကို ထပ်မံတင်ပြ ထားတာတွေရှိတယ်။ ဦးကြည်ဝင်းက သူ့ဆီမှာ သက်သေစာရွက်စာတမ်းတခု ရရှိထားပါတယ်လို့ လျှောက်လဲတယ်။ အဲဒီမှာ ဘာဖော်ပြထားသလဲဆိုတော့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ကုလသမဂ္ဂ လူ့အခွင့်အရေးအလုပ်ကော်မတီရဲ့ မေးမြန်းချက်ကို ဖြေကြားဖော်ပြထားတာ ရှိပါတယ်တဲ့။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာ မဟုတ်ပါဘူး။ သူ့အသက်အန္တရာယ် စိုးရိမ်ဖွယ်ရှိတဲ့အတွက် ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြစ်ပါတယ်လို့ ဖြေကြားဖော်ပြထားတာကို တရားရုံးအနေနဲ့ အမှုအပေါ် ဆင်ခြင်သုံးသပ်နိုင်ဖို့အတွက် အဲဒီ တရားဝင် ထုတ်ပြန်ထားတဲ့ စာရွက်စာတမ်းကို တင်သွင်းချင်ပါတယ်ဆိုပြီး လျှောက်ထားခဲ့တယ်” ဟု အန်အယ်လ်ဒီပြောခွင့်ရ ဦးအုံးကြိုင်က ပြောသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းကလည်း နအဖစစ်အစိုးရ၏ ဇူလိုင်လ (၂၃) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်မှုကျူးလွန်ခဲ့သည့်အတွက် အမှုတင်စစ်ဆေးနေ ကြောင်း ဖော်ပြထားခြင်းမှာ တရားဥပဒေကို မထီမဲ့မြင်ပြုရာရောက်သဖြင့် စစ်ဆေးစီရင်ပေးပါရန် ထပ်မံလျှောက်ထားခဲ့ကြောင်း သိရသည်။

ထို့နောက် မွန်းလွဲ (၁) နာရီခွဲခန့်တွင် တရားခွင်ကို ပြန်လည်စတင်ရာ အစိုးရရှေ့နေများက လျှောက်လဲချက်တင်သွင်းခဲ့သော် လည်း ပြီးဆုံးခြင်းမရှိသဖြင့် မနက်ဖြန်နံနက် (၁၀) နာရီသို့ ထပ်မံချိန်းဆိုသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်တို့အား တရားစွဲဆိုမှုတွင် နအဖစစ်အစိုးရဘက်က တရားလိုပြသက်သေ (၂၃) ဦးတင်သွင်းကာ (၁၅) ဦး ထွက်ဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ (၂) ဦးသာ တင်သွင်းခွင့်ပြုထားသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖြင့် (၁၃) နှစ်ကျော်ကြာ စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ယခုအမှုဖြင့် တရားစီရင်ခြင်းခံရပါက ဒေါ်အောင်ဆန်းစုကြည် သည် ထောင်ဒဏ် (၅) နှစ်အထိ ကျခံရဖွယ်ရှိသည်။



No comments: