Friday, July 24, 2009

နအဖတပ်များ ၀င်ရောက်မည့်သတင်းကြောင့်ဒေသခံများ ထိုင်းဘက်သို့ကူးလာ

NEJ


နအဖစစ်တပ်များ ကေအန်အယ်လ်အေ တပ်မဟာ (၇) ဒေသအတွင်း မကြာမီ ၀င်ရောက်တော့မည်ဖြစ်သဖြင့် ဒေသခံရွာသားများကို ထိုင်းဘက်တိမ်းရှောင်ရန် ဒီကေဘီအေက အသိပေးသောကြောင့် ရွာသားများ ထိုင်းဘက်သို့ ရောက်ရှိလာသည်။


ပိုင်ကျုံမြို့နယ် ဝါးမီကလားရွာမှ ရွာသား (၃၇၀) ဦး နယ်ခြားသောင်ရင်းမြစ်ကိုကျော်ကာ ထိုင်းနိုင်ငံ ထာ့ဆောင်ရမ်းမြို့နယ်ရှိ အူးသူးထ ယာယီဒုက္ခသည်စခန်းသို့ ယနေ့နံနက်ပိုင်းက ရောက်ရှိလာသည်။

ဝါးမီကလား ရွာသားတဦးဖြစ်သူ စောထီးခုက “ကျနော်တို့ကို ဒီကေဘီအေက လာပြောတယ်။ မကြာခင်မှာ ဒီနယ်မှာ ဗမာစစ်တပ်အသစ်လာမယ်။ ရွာသားတွေအတွက် အခြေအနေဆိုးမယ်။ ကလေးတွေကို ဒီကေဘီအေက စစ်သားစုဆောင်းမယ်။ လူကြီးကတော့ မိန်းမယောက်ျားမရွေး ပေါ်တာလိုက်ရမယ်။ မင်းတို့ထိုင်းကို သွားရင် အကောင်းဆုံးပဲလို့ပြောတော့ ကျနော်တို့ကူးလာတာပါ” ဟု ပြောသည်။

သောင်ရင်းမြစ်ဖြတ်ကူးသည့်အချိန်တွင် မြန်မာဘက်ခြမ်းတွင် ဒီကေဘီအေစစ်သားများ စောင့်ကြပ်နေသော်လည်း ရွာသားများ ထိုင်းဘက်ကူးသည်ကို မသိချင်ယောင်ဆောင်နေကြသည်ဟု ၎င်းက ဆက်ပြောသည်။

ရောက်ရှိလာသည့် ဒုက္ခသည်များ၏ စားဝတ်နေရေးအတွက် ကရင်ဒုက္ခသည်ကော်မတီဥက္ကဋ္ဌ ဆရာရောဘတ်ထွေးက “သူတို့အတွက် လိုအပ်တဲ့ နေရေးထိုင်ရေးကို ကျနော်တို့ စီစဉ်ပေးပါတယ်။ ထိုင်းဘက်ကလည်း ဒီလူတွေဝင်လာတာကို မကန့်ကွက်ဘူး။ လူဦးရေစာရင်းတော့ သူတို့လာကောက်သွားတယ်” ဟု ပြောသည်။

တပ်မဟာ (၇) ဒေသကို ယခင်လမှစတင်ခဲ့သည့် နအဖထိုးစစ်ကြောင့် ကရင်စစ်ပြေးရွာသား (၄,၀၀၀) ဦးခန့် ထိုင်းဘက်တွင် ခိုလှုံနေပြီး ယခုလာရောက်သူများသည် နောက်ဆုံးအသုတ်ဖြစ်သည်။

No comments: