Saturday, July 25, 2009

ပဌာန်းရွတ်ဆုတောင်းပွဲကို အာဏာပိုင်များ နှောင့်ယှက်

ဉာဏ်မောင်

ညောင်ဦးမြို့ပေါ်တွင် ပဌာန်းရွတ်ဆုတောင်းပွဲပြုလုပ်ရာ အာဏာပိုင်များက နှောင့်ယှက်ဟန့်တားမှုများ ပြုလုပ်ခဲ့သည်။


ယနေ့နံနက်ပိုင်းက ရွှေစည်းခုံဘုရားတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ဆုတောင်းပွဲပြုလုပ်သည်ကို နယ်မြေခံ (စရဖ)နှင့် စွမ်းအားရှင်များက နှောင့်ယှက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

“လူပေါင်း ၆၀ ကျော်လောက်က ဒီမနက်ပိုင်းမှာ အဖွဲ့လိုက် ပဌာန်းရွတ်ဆုတောင်းပွဲ လုပ်မဲ့ဟာကို အာဏာပိုင်တွေက နှောင့်ယှက်တာတွေလုပ်တော့ တဦးချင်းစီပဲ ရွတ်လိုက်ရတယ်” ဟု ပြောသည်။

ဒေသဆိုင်ရာ အာဏာပိုင်များက နှောင့်ယှက်မှုများ ပြုလုပ်ခဲ့သော်လည်း တစုံတရာ ဖမ်းဆီးခြင်းများမရှိသေးကြောင်း အဆိုပါ ဒေသခံက ဆက်ပြောသည်။

အဆိုပါ လှုပ်ရှားမှုကို နံနက် (၄) နာရီကတည်းက ပြုလုပ်ရန် စီစဉ်ခဲ့ကြပြီး (၅) နာရီကျော်မှ စတင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခုကဲ့သို့ ဆုတောင်းလှုပ်ရှားမှုအစီအစဉ်ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရုံးချိန်းနေ့တိုင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်အစိုးရအာဏာပိုင်များက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြားသားတဦး နေထဲသို့ ဝင်ရောက်လာသည့် အမှုဖြင့် တရားစွဲဆိုထားပြီး ပြည်သူလူထုအနေဖြင့် ယင်းလုပ်ရပ်ကို မကျေနပ်သဖြင့် နည်းအမျိုးမျိုးဖြင့် လှုပ်ရှားမှုများ ပြုလုပ်နေလျှက်ရှိသည်။

No comments: