Thursday, July 23, 2009

မန့်ပန်ပြည်သူ့စစ်အဖွဲ့ ဒေသခံလူငယ်များ အဓမ္မကောက်ယူပြီး စစ်အစိုးရတပ်ထံအပ်နှံ

သျှမ်းသံတော်ဆင့်

လားရှိုး အရှေ့ဘက် မန့်ပန် အခြေစိုက် ဗိုလ်မွန်း ဦးဆောင် သည့် မန့်ပန် ဌာနေ ပြည်သူ့ စစ်တပ်ဖွဲ့ သည် ဒေသခံ လူငယ် ရာချီ အဓမ္မ ကောက်ယူပြီး စစ်အစိုး တပ်ထံ ပို့ဆောင် အပ်နှံ နေကြောင်း သျှမ်းပြည် မြောက်ပိုင်း သတင်း ရပ်ကွက် ကဆိုသည်။

“အဓမ္မ ဆင့်ခေါ် တယ်၊ တအိမ် ထောင် ယောက်ျားလေး ၂ ယောက် ရှိရင် ၁ ယောက် ယူတာဘဲ။ ဂျွန်လ က စပြီး အခုထိ ပျဉ်းမနား နေပြည်တော် ကိုပို့ပေး တာ အယောက် ၂၀၀ ကျော်နေပြီ” - ဟု အမည် မဖေါ်လို သည့် ဒေသခံ တဦး ကဆို၏။

ယောက်ျားဦးရည်နည်းသည့် အချို့ရွာများ၌ ရွာလုံးကျွတ်ငွေအားစု၍ စစ်သားသစ်အတွက်လူငှားပို့ပေးရကြောင်း၊ စာရင်း ပါပြီး အဓမ္မ ကောက်ခံ ခံရသည့် အချို့ပိုက်ဆံရှိသားသမီးများကိုမူ တယောက်သုံးလေးသိန်းဖြင့် မိမိကလေးအား ပြန်လည် ရွေးယူရကြောင်း ဒေသ ခံများက ပြောပါသည်။

လားရှိုး ဒေသခံတဦးက - “ဗိုလ်မွန်းအဖွဲ့ကလေးတွေ အဓမ္မကောက်ယူပြီး ဗမာစစ်တပ်ကိုပို့တာ ၂၀၀၅ က တည်းက၊ အဲဒီတုန်းကမြို့ပေါ်ရှောင်ပြေး/ ကိုရင်ဝတ်သူတွေ မကျန်လိုက်ဆွဲတော့ လားရှိုးကန်မိုင်းကျောင်းတိုက်ဆရာတော် နဲ့ တာပုံ ကျောင်းတိုက်ဆရာတော်တို့မေတ္တာရပ်ခံရတယ်။ ဒီနှစ်တော့မရတော့ဘူး။ တချို့မိဘတွေငိုယို သူတို့ကလေးကိုလူဝတ် လှဲခိုင်းပြီး ဗိုလ်မွန်းအဖွဲ့ကိုသွားအပ်ရတယ်။ ကျနော်သိသလောက်ဆို ၆-၇ ယောက်ရှိပြီ” - ဟု ဆို၏။

မန့်ပန်ဌာနေပြည်သူ့စစ်တပ်ဖွဲ့မှ စစ်သားသစ် အဓမ္မဆင့်ခေါ်သည့် ကျေးရွာများမှာ - လားရှိုးမြို့အရှေ့ဘက် မိုင်းယန်း၊ မိုင်းယော်၊ မိုင်းဟက်၊ မိုင်းကြက်ကျေးရွာအုပ်စု ၊ မန်မတ်၊ ဖာတန့်၊ မက်မြီးကျေးရွာအုပ်စုနှင့် တန့်ယန်းမြို့နယ်အထိ၊ မိုင်းရယ် မြို့ရှေ့မြောက်ဘက် ပလောင် နှင့် သျှမ်းကျေးရွာများဖြစ်ကြောင်း သိရသည်။

သားယောက်ျားလေး ၂ ယောက်ရှိလျှင် ၁ ယောက်ပေးရကြောင်း၊ ၃ ယောက်ရှိလျှင် ၂ ယောက်ပေးရကြောင်း၊ “ သျှမ်းတပ် ဖွဲ့ထဲဝင်ဖို့တောင် ကျနော်တို့ သားကိုမလွတ်နိုင်ဘူး။ အခုဟာက မိမိကိုနှိပ်စက်သည့် ဗမာတပ်ကိုကောက်ပေးတယ်ဆိုတော့ ပိုဆိုးတာပေါ့” -ဟု ကလေးမိဘ တဦးကဆိုသည်။

စစ်အစိုးရအရာရှိတဦး၏ ပြောကြားချက်ကို ကိုယ်ကားပြီး အမည်မဖေါ်လိုသည့် ကုန်သည်တဦးက - မန့်ပန်အခြေစိုက် ဗိုလ်မွန်းပြည်သူ့စစ်တပ်ဖွဲ့အား အပစ်ရပ်ကရင် DKBA အား KNU ကို တိုက်ခိုင်းသကဲ့သို့ တောင်ပိုင်း SSA တပ်ဖွဲ့နှင့် သွားတိုက် ရန် ခေါ်ယူမည်ဖြစ်ကြောင်း - ဆို၏။

အင်အား ၃-၄၀၀ ရှိမန့်ပန်ဌာနေပြည်သူ့စစ်တပ်ဖွဲ့သည် ၁၉၉၆ လက်နက်ချခဲ့သော ခွန်ဆာခေါင်းဆောင် MTA မုန်းတိုင်း တပ်မတော်မှဖြစ်ပြီး အထက်ဖေါ်ပြပါ ၃ မြို့နယ်ဒေသများချုပ်ကိုင်ရန် ဌာနေပြည်သူ့စစ်အဖြစ် လက်နက်ပြန်ကိုင်ခွင့်ပြုထား ခဲ့သည်။ ခေါင်းဆောင်ဗိုလ်မွန်းအားလည်း ဗိုလ်ချုပ်ခင်ညွှန့်က လူမှုထူးခွန်ဆုချီးမြင့်ခဲ့ဘူးသည်။ ဒေသခံများပြောပြချက်အရ အဝေမတည့်၍ သူ့လက်ထောက် (မိုင်းယော် သျှမ်းရပ် မိရပ်ဖတဦး၏ သမီးယူထားသည့်) ဗိုလ်အားလျဲန်အား ဗိုလ်မွန်းက လုပ်ကြံသတ်ဖြတ်ခိုင်းခဲ့သည်ဟု ဆိုသည်။

No comments: