Wednesday, July 22, 2009

မြန်မာရေတပ် သင်္ဘောများမှ ငွေကောက်ခံသဖြင့် ခရီးသွားပြည်သူများ ဒုက္ခတွေ့

Narinjara News

ရခိုင် ပြည်နယ် မှ အဓိက မြစ်ကြီး တခု ဖြစ်သည့် ကုလားတန် မြစ်နှင့် စစ်တွေ ဆတ်ရိုးကျ ချောင်းထဲ တွင် ရပ်နား ထားသော ရေတပ် သင်္ဘောများ မှ မြစ်ကြောင်း သွား ရေယဉ် များ အ ပေါ် မတရား သဖြင့် ငွေကြေး များ ကောက်ခံ နေသဖြင့် ရခိုင် ပြည်သူ များမှာ အထူး ဒုက္ခ ရောက်နေ ကြရ သည်။

စစ်တွေမြို့ မှ စက်လှေ ပိုင်ရှင် ကိုသိန်းအောင် က “ကုလားတန်မြစ်မှာ ကျောက်ချ ရပ်နား ထားတဲ့ စစ် သင်္ဘောက ၅၅၄ ဖြစ်ပါတယ်။ တခြား စစ် သင်္ဘော တွေက တော့ ဆတ်ရိုးကျ ချောင်း အ၀မှာ တစီးနဲ့ ချောင်းထဲမှာ တစီး ရပ်ထား ပါတယ်။ လာလာ သမျှ ဘုတ်၊ စက်လှေ၊ သဗ္ဗာန်တွေက အဲဒီ စစ် သင်္ဘော တွေမှာ သွားကပ် ရပြီး မော်တော် ဘုတ်နဲ့ စက်လှေ တစီးကို ကျပ် ၁၀၀၀နဲ့ လှေသဗ္ဗာန် တွေက ကျပ် ၅၀၀ နုန်းနဲ့ ရေတပ် သင်္ဘော သုံးစီးကို ပေးရပါတယ်။ မပေးရင် ဖြတ်သန်း ခုတ်မောင်းလို့ မရပါ” ဟု ပြောသည်။


အဆိုပါ စစ်သင်္ဘောများမှာ ဘင်္ဂလာဒေခ်ျ့နှင့် ရေပြင် ပိုင်နက် အငြင်းပွားမူ ဖြစ်ခဲ့သည့် လွန်ခဲ့သောနှစ် နိုဝင်္ဘာလကတည်းက အဆိုပါ နေရာများတွင် စခန်းချ ရပ်နားနေသော စစ်သင်္ဘောများ ဖြစ်သည်။

“ဘယ်လောက်ဘဲ လိုင်းထန်ထန် ရေဆန်ဆန် အဲဒီ နေဗီ သုံးစီ စလုံးမှာ သွားကပ်ရပါတယ်။ မကပ်ရင် ပြဿနာ ဖြစ်နိုင်တဲ့အတွက် သွားကပ်ပြီး ပိုက်ဆံပေးရပါတယ်။ ဒါ့အပြင် စစ်တွေကို သွားရင် စစ်တွေက ၀က်သားတပိသာ ကြက်သား တပိသာ ၀ယ်ယူ လာခဲ့ရမယ်ဆိုပြီး အတင်း ၀ယ်ခိုင်းပါတယ်။ မ၀ယ်ဘဲ ပြန်လာရင် စက်လှေတွေကို အကြောင်း အမျိုးမျိုးပြပြီး စစ်တာ ဆေးတာတွေ လုပ်ပါတယ်။ အချိန်အကြာကြီး ဆိပ်ကပ် ထားစေပါတယ်။ စက်လှေပိုင်ရှင် ဘုတ်ပိုင်ရှင်တွေက ရေတပ် သင်္ဘောသားတွေနဲ့ အဆင်ပြေအောင် ပေါင်းမှ ခရီးသွားလာရတာ အဆင်ပြေမယ် ဆိုတာကို သိတဲ့ အတွက် မှာယူတဲ့ ပစ္စည်းကို ၀ယ်ယူပြီး ပေးကြရပါတယ်” ဟု သူက ပြောသည်။

၎င်းပြင် တောနယ်ပိုင်းမှ စစ်တွေသို့ ခရီးသွားနေသော စက်လှေ ပိုင်ရှင်များ အနေဖြင့် နေဗီများတွင် သုတ်ရန် ရောင်ဗူးများကိုပါ စစ်တွေမှ ၀ယ်ယူပေးရသည်ဟု သိရသည်။

တခြားအမည် မဖေါ်လိုသူ စစ်တွေမှ စက်လှေပိုင်ရှင် တဦးကလည်း “ခုလို ရေတပ်က ငွေကောက်ခံနေတဲ့ စက်လှေတွေ မော်တော် ဘုတ်တွေ အကုန်လုံးဟာ တရားဝင် ခရီးသည်တွေနဲ့ ကုန်ပစ္စည်း တွေကို သယ်ယူနေတဲ့ စက်လှေနဲ့ မော်တော်ဘုတ်တွေ ဖြစ်ကြ ပါတယ်။ ဒါ့အပြင် မရှိဆင်းရဲလို့ လုပ်ကိုင် စားသောက်နေရတဲ့ တောသူ တောင်သားတွေရဲ့ လှေတွေ သဗ္ဗာန်တွေ ဆီကလည်း ကောက်ပါတယ်။ သရက်သီး သယ်ယူလာတဲ့ လှေတွေ၊ ဓနိ ၀ါး သယ်ယူလာတဲ့ လှေတွေမှာ တခါခါ ငွေမပါလာတော့ သရက်သီးတွေ ဓနိပျစ်တွေကို ငွေအစား ကောက်ယူပါတယ်။ ဒီလောက် သောင်းကျန်းတဲ့ ရေတပ်သင်္ဘောတွေကို ကျနော့် တသက်မှာ တခါ မမြင်ဖူးပါဘူး” ဟု ပြောသည်။

မြန်မာ စစ်အစိုးရမှ ရခိုင်ပြည်နယ် အတွင်းရှိ ရေကြောင်း မြစ်ကြောင်း လုံခြုံရေးမှာ ရေတပ်၏ တာဝန်ဖြစ်သည်ဟု ခွဲဝေတာဝန်ချထား သဖြင့် အဆိုပါ ရေတပ် သင်္ဘောများမှ လာလာသမျှ ရေယဉ်များ၏ အ၀င် အထွက်ကို စစ်ဆေးနေခြင်း ဖြစ်သည်။

သို့သော်လည်း အ၀င်အထွက်ကို စစ်ဆေးရာတွင် ရေယဉ်များကို စစ်ဆေးခြင်း မဟုတ်ဘဲ ငွေများကောက်ခံနေသဖြင့် ရခိုင်ပြည်သူများ အထူး ဒုက္ခရောက်နေကြရခြင်း ဖြစ်သည်။

“ရခိုင်ပြည်နယ် အတွင်းမှာ ကုန်းဆိုရင်လည်း ဗမာ စစ်တပ်က လယ်မြေတွေကို သိမ်း၊ လူထု စီးပွားရေးမှာ ၀င်ရှုပ်ပြီး ထင်သလို မင်းမူနေပါတယ်။ ရေပြင်မှာ ဆိုရင်လည်း ဗမာရေတပ်က မင်းမူ ကြီးစိုးထားပြီး လာလာသမျှ လှေတွေ လူတွေဆီက ပိုက်ဆံ မတရားကောက်နေပါတယ်။ ရခိုင်တမျိုးသားလုံးက လူမျိုးရေး အရ ဗမာတွေက ရခိုင်တွေကို နှိပ်စက်နေတယ်ဆိုပြီး မြင်ကြပါတယ်။ ခုလို လုပ်ရပ်တွေကလည်း သိသာ ထင်ရှား သက်သေတွေ ဖြစ်နေပါတယ်” ဟု ကိုသိန်းအောင်က ပြောသည်။

No comments: