Saturday, July 25, 2009

မြန်မာနိုင်ငံမှ စစ်သား ၃ ဦးပျောက်ဆုံးနေ

Narinjara News

ယခုနှစ် ဖေဖေါ်ဝါရီလ အတွင်းက နအဖ စစ်တပ်မှ ဘင်္ဂလာဒေခ်ျ့သို့ နယ်စပ်သို့ ထွက်ပြေး လာပြီးနောက် ဘင်္ဂရိုင်ဖယ် တပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံရသူ စစ်သား ၃ ဦးမှာ ယခုအခါ ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

သူတို့ ၏ ဆွေမျိုး တဦးက “သူတို့ကို ဘင်္ဂလာဒေခ်ျ့ကို ရောက်သွားတယ် ဆိုတဲ့အတွက် လိုက်ရှာတာ ဘင်္ဂလာဒေခ်ျ့မှာ မရှိတော့ဘူး။ ဗမာပြည်ကို ပြန်ပို့လိုက်တယ်လို့ ကြားရပါတယ်။ ဟုတ်မဟုတ်ကို တိတိကျကျ ဘယ်သူမှ မပြောနိုင်ပါဘူး” ဟု ပြောသည်။

အဆိုပါ စစ်သားသုံးဦးမှာ ရသေ့တောင် အခြေစိုက် ခမရ ၅၃၈ မှ ဖြစ်ပြီး အဆိုပါ တပ်ရင်းမှ တပ်ခွဲ တခွဲ နယ်စပ်မှတ်တိုင်များကို ပလက်ဝ နယ်စပ်တွင် လာရောက် စစ်ဆေးစဉ် ထွက်ပြေးလာကြသူများ ဖြစ်သည်။

သူတို့ သုံးဦးစလုံးမှာ ရခိုင်အမျိုးသားများ ဖြစ်ကြပြီး ရသေ့တောင်မြို့နယ် ရွှေလောင်းတင် ကျေးရွာမှ ဖြစ်ကြသည်။ သူတို့ သုံးဦးမှာ မောင်မောင်သန်း၊ စိုးထွေးနှင့် သန်းဌေးလှိုင်တို့ ဖြစ်ပြီး အသက် (၂၀) ပတ်ဝန်းကျင် အရွယ်များ ဖြစ်ကြသည်။

“အခု သူတို့ သတင်းအစ အနပျောက်နေတော့ လာရှာတဲ့အခါ ဘင်္ဂလာဒေခ်ျ့မှာ စုံစမ်းလို့ မရဘူး။ သူတို့ကို ဧပြီလအတွင်းက ဘင်္ဂလာ အာဏာပိုင်တွေက ထောင်သားတွေနဲ့ အတူ ဗမာဘက်ကို ပြန်ပို့လိုက်တယ်လို့ သိရပါတယ်။ ဗမာပြည်ဘက်ကလည်း ဘာမှ မိသားစုတွေ ဆီကို အကြောင်းမကြားတာကြောင့် သူတို့ ဘယ်မှာရှိတယ်ဆိုတာကို ဘယ်သူမှ တိတိကျကျ မသိရဘဲ ဖြစ်နေပါတယ်” ဟု ပြောသည်။

သူတို့ သုံးဦးကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင်ခရိုင် ဟေရ်မာန် မောင်ရွှေစိန်ကျေးရွာတွင် ထွက်ပြေးလာပြီး အနားယူနေစဉ် ဘင်္ဂလာရိုင်ဖယ် တပ်ဖွဲ့က ဖေဖေါ်ဝါရီလ အတွင်းက ဖမ်းဆီးခဲ့သည်။

သူတို့ထွက်ဆိုချက်အရ နယ်စပ်မှတ်တိုင် စစ်ဆေးနေစဉ် အတွင်း ကျည်ဘောက်များ ကျကျန် ပျောက်ဆုံးသွားသဖြင့် အပြစ်ပေးခံရမည်ကို စိုးရိမ်၍ ထွက်ပြေးလာကြောင်း သိရသည်။

အဆိုပါ စစ်သား သုံးဦးဖမ်းဆီးမိခြင်းကို ဘင်္ဂလာဒေခ်ျ့ သတင်းများကလည်း အဆိုပါ အချိန်က ရေးသား ဖေါ်ပြခဲ့ကြသည်။

သူတို့၏ ဆွေမျိုးက “ဗမာပြည်ကို ပြန်ပို့လိုက်တာ မှန်ရင်တော့ သူတို့က လက်နက် ခဲယမ်းမီးကျောက်မူနဲ့ ထွက်ပြေးသွားသူတွေဆိုတော့ သတ်ပစ်ချင်ရင် သတ်ပစ်နိုင်တယ်။ ဒါမှမဟုတ် နှစ်ရှည်ထောင်ဒဏ် ချမှတ်ကောင်း ချမှတ်နိုင်တယ်။ ဒါပေမယ့်လို့ သတင်း ဘာမှ မရတဲ့အတွက် သူတို့အပေါ် မိသားစုတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

သူတို့အား ဘင်္ဂရိုင်ဖယ် တပ်ဖွဲ့က ဖမ်းဆီးစဉ် အဆိုပါ စစ်သားများထံမှ စစ်ယူနီဖေါင်းများမှ အပ မည်သည့် လက်နက် ခဲယမ်းမီးကျောက်များမှ ဖမ်းဆီး ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။


No comments: