Wednesday, July 29, 2009

လူထုရန်သူ

ငြိမ်းချမ်းငြိမ်း

၁၉၂၉ ခုနှစ် အမေရိကန် စီးပွားပျက်ကပ်ကာလ နောက်ပိုင်းတွင် နိုင်ငံတွင်း ရာဇဝတ်မှုများမှာ အလွန်ပင် ထူပြောလာခဲ့သည်။ အိုက်(စ)ကရင်လို မုန့်မျိုးကိုပင် အလစ်သုတ်မှုမှအစ ဘဏ်ဓားပြတိုက်မှုများအထိ ရှိခဲ့သည်။ ချီကာဂိုတွင် အကောင်းစားဟိုတယ်တခု ငှားရမ်းပြီး ရုံးခန်းဖွင့်ကာ ရာဇဝတ်မှုများကို ကုမ္ပဏီလုပ်ငန်းတခုကဲ့သို့ တိကျသေချာစွာ ဆောင်ရွက်သွားခဲ့သည့် ထိပ်တန်းအမေရိကန် မာဖီးယား အယ်(လ)ကပုန်းကဲ့သို့ပင် အမေရိကန် သမ္မတကိုယ်တိုင် ပြည်သူ့ရန်သူ (Public Enemies) အဖြစ် ကြေညာပြီး အမြစ်ပြတ်ချေမှုန်းရန်အတွက် ဆယ်စုနှစ် နှစ်ခုခန့် အချိန်ယူခဲ့ရသည်။

ထိုအချိန်က အမေရိကန်နိုင်ငံတွင် ရာဇဝတ်မှု ကျူးလွန်သူများ၏ ရွှေခတ်ဟု သတင်းစာများက တင်စားရလောက်အောင်ပင် ချီကာဂို၊ နယူးယောက် စသည့် မြို့ကြီးအချို့တွင် ရာဇဝတ်မှုများမှာ ပေါများခဲ့သည်။ ဥပဒေဘောင်အပြင်ဘက်မှ မြေအောက်လောကသားများက ခွေးဘီလူးဟု ကင်းပွန်းတပ်ခဲ့ကြသည့် FBI ၏ သက်တမ်းအရှည်ဆုံး ညွှန်ကြားရေးမှူးဖြစ်သည့် အက်ဂါ ဟူးဗားက ရာဇဝတ်မှု စစ်ဆင်ရေးစစ်ပွဲဟု အမည်ပေးကာ စုံထောက်အင်အား များစွာသုံးပြီး ချေမှုန်းခဲ့ရသည်။

အယ်(လ)ကပုန်းကဲ့သို့ပင် ထိုအချိန်က နာမည်ကျော် ဘဏ်ဓားပြနှင့် ထောင်ဖောက်မှုများ အကြိမ်ကြိမ် ကျူးလွန်သူတဦးဖြစ်သည့် ဂျွန်ဒလင်ဂျာမှာ အုပ်စုဖွဲ့၍ ရာဇဝတ်မှု ကျူးလွန်သူတဦးဖြစ်ပြီး ပြည်သူ့ရန်သူ နံပါတ် ၁ အဖြစ် ကြေညာခဲ့ရသည်။


ထောင်ဖောက်ထွက်ပြေးမှု ၂ ကြိမ်အထိ ကျူးလွန်ခဲ့ပြီး၊ သူ မသေဆုံးခင်အထိ ဘဏ်ဓားပြတိုက်မှု နှစ်ဒါဇင်ထက်မနည်း ကျူးလွန်ခဲ့သည်။ ရဲစခန်း ဝင်ရောက်စီးနင်းမှုများနှင့် ရဲအရာရှိ ပေါင်းများစွာမှာ သူ့လက်ချက်ကြောင့် အသက်ပျောက်ခဲ့ရသည်။

စတင်ဖွဲ့စည်းခါစ ပြည်တွင်းလုံခြုံရေးတာဝန်ကို ယူထားရသည့် FBI အဖွဲ့မှာ ကျယ်ပြန့်၍ ကျစ်လစ်စွာ ဖွဲ့စည်းထားသည့် ဂျွန်ဒလင်ဂျာနှင့် အဖွဲ့ကို နှိမ်နင်းနိုင်ရန်အတွက် အမှုလိုက် အတွေ့အကြုံရှိသည့် နာမည်ကျော် စုံထောက်များကို အားကိုးခဲ့ရသည်။

ထိုအချိန်က FBI ၏ အရှင်သခင်တဦးဖြစ်သည့် အက်ဂါဟူးဗားမှာ ဂျွန်ဒလင်ဂျာနှင့် အဖွဲ့ကို ဖမ်းဆီးရနိုင်ရန် အထူးယူနစ်တခုကို တည်ထောင်ခဲ့ရသည်။ ထိုအထူးယူနစ် အဖွဲ့ဝင်တဦးဖြစ်သည့် စုံထောက် မယ်ဗင် ပါဗစ်မှ ဂျွန်ဒလင်ဂျာနှင့် သက်တူရွယ်တူဖြစ်ပြီး နောင်အခါတွင် ဒလင်ဂျာကို ဇီဝိန်ချွေနိုင်ခဲ့သူ ဖြစ်ခဲ့သည်။

ဒလင်ဂျာကို FBI စုံထောက်များက အသေဖမ်းဆီးမိနိုင်သည့် သတင်းမှာ အမေရိကန်နိုင်ငံတွင်သာမက တကမ္ဘာလုံးက စိတ်ဝင်စားခဲ့သည်။ ၁၉၃၄ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် သေဆုံးခဲ့သည့် ဒလင်ဂျာ၏ သတင်းနှင့် ဓာတ်ပုံကို ထိုစဉ်က မြန်မာသတင်းစာများ၏ ခေါင်းကြီးပိုင်းတွင် ရေးသားကြကုန်လေသည်။

တချိန်က ရာဇဝင်လူဆိုးကြီး ဒလင်ဂျာအကြောင်းကို စာအုပ်အဖြစ်၎င်း၊ ရုပ်ရှင်အဖြစ်၎င်း ဖန်တီးခဲ့ကြဖူးပြီး ယခုလဆန်းပိုင်းက အမေရိကန်တွင် ရုံတင်ခဲ့သည့် Public Enemies ဇာတ်ကားမှာ လူဆိုးကြီး ဂျွန်ဒလင်ဂျာနှင့် အပေါင်းအပါတို့၏ ဘဝဇာတ်ကြောင်းဖြစ်သည်။
ဂျွန်ဒလင်ဂျာအဖြစ် ဂျွန်နီဒပ်က သရုပ်ဆောင်ပြီး FBI စုံထောက်ကျော် မယ်ဗင် ပါဗစ်အဖြစ် ခရစ်တီးယန်း ဘေးက သရုပ်ဆောင်သည်။ Heat နှင့် Collateral ဇာတ်ကားများကို ရိုက်ကူးခဲ့သည့် မိုက်ကယ်မန်းက ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။

The JackRabbit ဟု မြေအောက်လောကသားများက ခေါ်ကြသည့် ဂျွန်ဒလင်ဂါကို ၁၉ဝ၃ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ထွက် အင်ဒီယားနားပြည်နယ် အင်ဒီယာနာပိုလစ်မြို့၌ မွေးဖွားခဲ့သည်။ ကျောင်းနေအရွယ်ကပင် ဆိုးမိုက်တတ်သည့် ဗီဇဉာဉ်ပါလာသောကြောင့် အတန်းဖော်များနှင့် မကြာခဏ ပြဿနာတက်လေ့ရှိသည်။

လုယက်မှု၊ အပြင်းအထန် ဒဏ်ရာရအောင် ရိုက်နှက်မှုနှင့် ရာဇဝတ်မှုတခုကြောင့် ထောင်ထဲတွင် ၈ နှစ်ခွဲခန့် နေခဲ့ရသည့် ဒလင်ဂျာမှာ ထောင်မှ လွတ်လျှင်လွတ်ခြင်း အိုဟိုင်းယိုပြည်နယ်ရှိ ဘလဖ်တွန်ဘဏ်တိုက်ကို လက်နက်ကိုင် ဖောက်ထွင်းခဲ့ပြန်သည်။ ထိုဘဏ်ဖောက်လုယက်မှုကြောင့် နောက်ထပ်တကြိမ် ဖမ်းဆီးခြင်း ခံနေရသည့် ဒလင်ဂျာမှာ ၁၉၉၃ ခုနှစ် စက်တင်ဘာလတွင် သူ၏ တပည့်တပန်းများဖြစ်သည့် ဟာမီတန်၊ မက်ကေး၊ ပီယာပွန့်က ထောင်ပြောင်းရွှေ့ရန် လာရောက်သည့် အာဏာပိုင်များအဖြစ် ထောင်တွင်းသို့ အယောင်ဆောင်ဝင်လာကာ ဒလင်ဂျာအား ထောင်အနုကြမ်းစီး၍ ကယ်ထုတ်သွားနိုင်ခဲ့ပုံဖြင့် Public Enemies ဇာတ်ကားကို ဖွင့်လှစ်ထားသည်။ ဒလင်ဂျာ၏ လက်ဦးဆရာဖြစ်သူ ဝေါ်လ်တာမှာမူ ထောင်ဖောက်ပွဲတွင် ထောင်အာဏာပိုင်များ၏ ပစ်ခတ်မှုကြောင့် ကျဆုံးသွားခဲ့ရသည်။ ဒလင်ဂျာအား ကယ်ထုတ်သွားခဲ့သူများမှာလည်း လွန်ခဲ့သည့် ၁ဝ ရက်လောက်ကမှ ထောင်ကိုစီးနင်း၍ ထွက်ပြေးလာသူများဖြစ်ပြီး ကျန်ရစ်ခဲ့သည့် သူ့ဆရာကို လာကယ်ခြင်းဖြစ်သည်။

ထောင်ဖောက်ထွက်ပြေးမှုတွင် လွတ်မြောက်သွားသည့် ဒလင်ဂျာ၏ ဂိုဏ်းသားအချို့မှာလည်း နောင်တွင် အမေရိကန်၏ နာမည်ကျော် လူဆိုးကြီးများ ဖြစ်လာခဲ့သည်။

ဒလင်ဂျာတို့ ထောင်ဖောက်ထွက်ပြေးမှုသည် သတင်းစာများတွင် ပါရှိလာသောအခါ FBI ညွှန်ကြားရေးမှူး အက်ဂါဟူးဗားကလည်း စုံထောက်များကို စေလွှတ်ပြီး ထောင်ဖောက်ဝရမ်းပြေးတို့ ခိုအောင်းလေ့ရှိသည့် နေရာများကို ဝင်ရောက်ရှာဖွေစီးနင်းခိုင်းသည်။

တနေ့ FBI စုံထောက်ကျော်တဦးဖြစ်သည့် မယ်ဗင် ပါးဗစ်နှင့် အဖွဲ့က နာမည်ကျော် ဒုစရိုက်သမားတဦးဖြစ်ပြီး ဒလင်ဂျာတို့ ထောင်ဖောက်မှုတွင် တနည်းတဖုံ ပါဝင်ပတ်သက်နေသည်ဟု ယူဆရသည့် Preety ‘Boyd Floyd ကို အသေပစ်သတ်နိုင်ခဲ့ရာ အက်ဂါ ဟူးဗားက သူ့ကို ချီကာဂိုမြို့၏ FBI အကြီးအကဲအဖြစ် ရာထူးတိုးပေးခဲ့သည်။

ထောင်ဖောက်လွတ်မြောက်လာခဲ့သည့် ဒလင်ဂျာနှင့် သူ့အဖွဲ့သားများမှာ ဘဏ်ဓားပြတိုက်မှု၊ ငွေတိုက်ဝင်စီးမှု၊ လက်နက်တိုက်ဝင်စီးမှု၊ ရဲစခန်းစီးနင်းမှုများကို အနောက်အလယ်ပိုင်း
ပြည်နယ်များတွင်သာမက ဖလော်ရီဒါနှင့် အရီဇိုးနယ်ပြည်နယ်များထိပါ ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်။

ဒလင်ဂျာ ခိုအောင်းနေသည်ဟု သတင်းရရှိသည့် နေရာတခုကို မယ်ဗင် ပါဗစ်နှင့် အဖွဲ့ ဝင်ရောက်ဖမ်းဆီးရာ သူတို့အဖွဲ့ထဲမှ စုံထောက်အချို့မှာ ဒလင်ဂျာ၏ ဂိုဏ်သားများက ခုခံပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး ပုန်းအောင်းနေသူမှာလည်း ထွက်ပြေးလွတ်မြောက်သွားသည်။

FBI အဖွဲ့၏ အကျအဆုံးများလှသော ဝင်ရောက်ဖမ်းဆီးမှု မအောင်မမြင် ဖြစ်သွားပြီးနောက်တွင် အက်ဂါ ဟူးဗားကို မယ်ဗင်က တောင်းဆိုမှုတရပ် ပြုလုပ်သည်။ တရားရေး မဏ္ဍိုင်မှ ပုဂ္ဂိုလ်များက အသေရရ အရှင်ရရ အမိန့်ထုတ်ပြီးပြန်ပါမှ သူ့အနေဖြင့် ဒလင်ဂျာကို အသေပစ်ဖမ်းခွင့်ရှိမည် ဖြစ်သည်။ (အမေရိကန် အချို့ပြည်နယ်များ၏ ဥပဒေ အရ ထိုအချိန်က တရားခံများကို အသေပစ်ဖမ်းခွင့် မရှိချေ။ ပြည်နယ်ကျော်၍ ဖြစ်ပွားသော မှုခင်းများကိုသာ ပြည်ထောင်စု စုံစမ်းထောက်လှမ်ရေး ဝန်ထမ်းများက လိုက်လံ၍ စုံစမ်းထောက်လှမ်းနိုင်သည်)။ ဒလင်ဂျာတို့အဖွဲ့ထဲရှိ Baby Face Nelson မှာ ပါဗစ်တို့ ဖမ်းဆီးမှုမှ လွတ်မြောက်သွားပြီးနောက် နိုင်ငံအနှံ့ ရာဇဝတ်မှုများ ဆက်တိုက်ကျူးလွန်နေသည့် ဒလင်ဂျာမှာ အီဗလင် ဖရန့်ချက်ဆိုသည့် အပျော်မယ်တဦးနှင့် မေတ္တာသက်ဝင်မိသွားသည်။ အစက ဒလင်ဂျာကို
နာမည်ကျော် ဝရမ်းပြေးတဦးမှန်း မသိသော်လည်း နောက်ပိုင်းတွင် ဒလင်ဂျာအတွက် အကောင်းဆုံး အဖော်မွန် ဖြစ်ခဲ့သည်။ (ဖရန့်ချက်မှာ ဒလင်ဂျာကို ကူညီမှုကြောင့် ထောင်ကျခဲ့ပြီး သူထောင်မှ လွတ်သည့် အချိန်တွင် ဒလင်ဂျာလည်း သေဆုံးသွားပြီဖြစ်သည်။ ဒလင်ဂျာနှင့် သူ၏ ချစ်ဇာတ်လမ်းကို Confession of True Romance အမည်ဖြင့် စာအုပ်တအုပ် ရေးသားခဲ့သည်)။

ဘဏ်ဓားပြတိုက်မှု၊ လက်နက်တိုက်စီးမှုများဖြင့် FBI က အလိုရှိနေပြီး အမေရိကန်တွင်လည်း တစထက်တစ နာမည်ကြီးလာသည့် ဒလင်ဂျာမှာ အရီဇိုးနားပြည်နယ် တခ်ဆန်မြို့ရှိ ဟိုတယ်တခုတွင် ပုန်းအောင်းနေခိုက် ဟိုတယ်မီးလောင်မှုကြောင့် ဆွမ်းခံရင်း ငှက်သင့်ဖြစ်ကာ စုံထောက်များ၏ ဖမ်းဆီးခြင်းကို ခံရပြန်သည်။ ထောင်ကို စီးနင်း၍ ထွက်ပြေးမှုကြောင့် သူ့ကို လုံခြုံရေး တင်းကျပ်စွာ ချထားသော အင်းဒီယားနား ပြည်နယ်တွင်းရှိ ကရောင်းပွိုင့် အကျဉ်းထောင်တွင် ဖမ်းဆီးထားသော်လည်း သူ့ အပေါင်းအဖော် အချို့နှင့်အတူ လွတ်မြောက်သွားခဲ့ပြန်သည်။

ဒလင်ဂျာအား ဖမ်းဆီးထားရာ ထောင်ကြီးမှာ လုံးဝမလွတ်မြောက်နိုင်သည့် (Escape Proof) ဟု ခေါ်သည့် အထူးထောင်မှ ဒလင်ဂျာသည် လွတ်မြောက်အောင် ကြံဆောင်နိုင်သည်။ ဒုတိယအကြိမ် ထောင်ဖောက် ထွက်ပြေးလာနိုင်သည့် ဒလင်ဂျာမှာ အမေရိကန် မြေအောက်လောကတွင် သြဇာအရှိဆုံး ဖြစ်လာခဲ့သည်။ ထောင်ဖောက်ထွက်ပြေးသွားခဲ့သည့် ဒလင်ဂျာတို့ အုပ်စုကို ချီကာဂို အခြေစိုက် မာဖီးယားခေါင်းဆောင် အယ်ကပုန်းက သူ့လူ Frank Nitti မှတဆင့် လုံခြုံစိတ်ချသော နေရာတွင် နေထိုင်နိုင်ရေးအတွက် အကူအညီပေးထားသည်။

ထောင်မှထွက်ပြီး မကြာခင်ပင် ဘဏ်ဓားပြတိုက်မှုတခု ကျူးလွန်ရာ အစောင့်ရဲတို့နှင့်
ပစ်ခတ်မှုဖြစ်ပြီး ဒလင်ဂျာ လက်မောင်းတွင် ဒဏ်ရာရရှိခဲ့သည်။

ကျန်ရစ်ခဲ့သော သဲလွန်စများအရ လွတ်မြောက်သွားသူမှာ ဒလင်ဂျာ မဟုတ်ဘဲ နောင်တွင် ဒလင်ဂျာကဲ့သို့ပင် Public Enemy နံအပတ် ၁ တဦး ဖြစ်လာမည့် Baby Face Nelson ဆိုသူမှန်း သိလိုက်ရသည်။
ဝင်ရောက်ဖမ်းဆီးမှုတွင် ဒလင်ဂျာ လွတ်မြောက်သွားခဲ့သော်လည်း နောက်ထပ် ခြေရာခံ၍ ဖမ်းဆီးရမိသော ဂိုဏ်းသားတဦး၏ မသေခင် ဖြောင့်ချက်အရ ဒလင်ဂျာတို့မှာ ဘိုဟေးမီးယန်း အပန်းဖြေ ရွာငယ်လေးတွင် ခိုလှုံနေကြောင်း သတင်းရရှိသည်။ FBI စုံထောက်များက ဒလင်ဂျာရှိ မည်ထင်သော နေရာသို့ ကားမီးများမှိတ်၍ တရွေ့ရွေ့လာစဉ် ဆီးကြိုပစ်ခတ်ခံရသဖြင့် စုံထောက်များမှာ အသက်လုပြေးရပြန်သည်။

ဘိုဟေးမီးယန်းရွာ ညတိုက်ပွဲတွင် နှစ်ဖက်စလုံးမှ ပစ်ခတ်မှုများကြောင့် အရပ်သားများနှင့် စုံထောက်အချို့ပါ သေဆုံးခဲ့ကြသော်လည်း လယ်သမားတဦး၏ ကားကို ခိုး၍ ထွက်ပြေးသွားသော ဒလင်ဂျာတို့အဖွဲ့တွင်မူ ဟာမီလ်တန်သာ ဒဏ်ရာရရှိခဲ့သည်။ (ဟာမီလ်တန်လည်း နောက်တနေ့တွင် ထို သေနတ်ဒဏ်ကြောင့်ပင် သေဆုံးခဲ့သည်)။ Baby Face Nelson က ထွက်အပြေးတွင် ပြန်လှန်ပစ်ခတ်မှုကြောင့် စုံထောက်တဦး သေဆုံးခဲ့သည်။ နယ်(လ)ဆင်နှင့် ဗန်မီတာတို့မှာ FBI ကားကိုပင် ပြန်ပေးဆွဲပြီး ထွက်ပြေးသွားခဲ့သည်။

လွတ်မြောက်သွားသော ဒလင်ဂျာမှာ သူ၏ မြာဖြစ်သူ ဖရန့်ချက်နှင့် တွေ့နိုင်ရန် စီစဉ်သလို တဖက်တွင်လည်း စုံထောက်တို့က ဖမ်းဆီးထားသော ဖရန့်ချက်အား တွေ့ဆုံ၍ ဒလင်ဂျာရှိသည့် နေရာကို ထုတ်ဖော်ပြောကြားရန် စစ်မေးလေသည်။ ယခင်လို ပေါ်ပေါ်ထင်ထင် မနေရဲတော့သည့် ဒလင်ဂျာကမူ အယ်ဗင်၏ ဘေကာဂိုဏ်းနှင့် တိုင်ပင်ပြီး မီးရထားတွဲကို အပိုင်စီးရန်ပင် စီစဉ်လိုက်သေးသည်။

ဒလင်ဂျာနှင့်ပတ်သက်သည့် သဲလွန်စကို အမေရိကန်တွင် ပြည့်တန်ဆာအဖြစ်
သက်မွေးဝမ်းကျောင်း ပြုနေသည့် ရိုမေးနီးယားသူ အန်နာက FBI သို့ သတင်းပို့လိုက်သည်။

အမေရိကန်သို့ ခိုးဝင်လာသော အန်နာမှာ ရိုမေးနီးယားသို့ ပြန်ပို့ခံရမည့်အရေးကို ရှောင်လွှဲလိုသဖြင့် FBI စုံထောက်များနှင့် အပေးအယူတခု ပြုလုပ်လေသည်။ ဒလင်ဂျာ ရှိသော နေရာကို သူမ သိသည်။ “အကယ်၍ သူ့ကို ပြည်နှင်ဒဏ် မပေးပါက ဒလင်ဂျာကို ဖမ်းဆီးနိုင်မှုတွင် ကူညီမည်ဟု ပြောသည်။ FBI စုံထောက်များနှင့် အန်နာ ဈေးညှိပြီးနောက်တွင် ဒလင်ဂျာနှင့် သူ ယခုလက်ရှိ တွဲနေသည့် အန်နာ့သူငယ်ချင်း
ပိုလ်လီဟာလ်မီတန်ဆိုသည့် အပျော်မယ်နှင့် ချီကာဂိုတွင် ရုပ်ရှင်သွားကြည့်ရန် အစီအစဉ်ရှိသည်ဟု သတင်းပေးလိုက်သည်။

အန်နာက ဒလင်ဂျာအနေဖြင့် မည်သည့်ရုံတွင် သွားကြည့်မည်ဟု အတိအကျ မသိသော်လည်း နောက်တနေ့တွင် သွားမည်ဖြစ်သဖြင့် ဇူလိုင်လ ၂၁ ရက်နေ့တွင် သတင်းထပ်မံပေးပြန်သည်။

ရဲအရာရှိပေါင်းများစွာအပြင် FBI ထိပ်တန်းစုံထောက်ပေါင်းများစွာ အသက်စွန့်၍ ဖမ်းသော်လည်း ဒလင်ဂျာ၏ အရိပ်ပင် မမြင်လိုက်ရသဖြင့် အန်နာ၏ ဒလင်ဂျာလို ထိပ်တန်းလူဆိုးတဦးကို ရုပ်ရှင်လာကြည့်ချိန်တွင် ကြက်ကလေး၊ ငှက်ကလေးဖမ်းသလို ဖမ်းဆီးရနိုင်မည့် စီမံကိန်းမှာလည်း ဝါရင့်စုံထောက်များအတွက် ယုံရခက်ကြီး ဖြစ်နေသည်။

နောက်ဆုံးတွင် ဇူလိုင်လ ၂၂ ရက်နေ့ ညနေတွင် အန်နာ၏ နောက်ဆုံးသတင်းပေးပို့ချက်
ဖြစ်သည့် ဒလင်ဂျာနှင့် ဟာမီလ်တန် အပါအဝင် သူမပါ မာလ်ဘိုရို ရုပ်ရှင်ရုံ (သို့မဟုတ်) ဘိုင်အိုဂရဖ်ရုံတွင် ထိုညပွဲကို သေချာပေါက် ကြည့်ရှုမည်ဟု သတင်းပေးလိုက်သည်။

FBI ညွှန်ကြားရေးမှူး အက်ဂါဟူးဗားကမူ ဒလင်ဂျာကို ဖြစ်နိုင်လျှင် အရှင်ဖမ်းမိနိုင်အောင် စုံထောက်များအား လမ်းညွှန်မှုပေးပြီး ဒလင်ဂျာဖြစ်ကြောင်း သေချာလျှင်မူ လုံးဝ လွတ်ထွက်မသွားစေနှင့်ဟု အမိန့်ပေးခဲ့သည်။ အန်နာ၏ နောက်ဆုံးဖုန်းသတင်း ဝင်ချိန်မှစ၍ ချီကာဂိုတမြို့လုံးရှိ စုံထောက်များမှာ ထိုရုပ်ရှင်ရုံနှစ်ရုံအနီးတွင် အသင့်စောင့်ဆိုင်းနေကြသည်။

ဒလင်ဂျာနှင့်အတူ ရုပ်ရှင်ကြည့်မည့် အန်နာက သူမသည် အနီရောင်ဝမ်းဆက်ကို ဝတ်ဆင်၍ ဒလင်ဂျာနှင့် အတူလာရောက်မည်ဖြစ်ကြောင်း စုံထောက် မယ်(လ)ဗင်ပါဗစ်ကို ထင်ရှား၍ မြင်လွယ်သော အမှတ်သင်္ကေတ ပြုခဲ့သည်။

နောက်ဆုံး အနှစ်ချုပ်လိုက်သော် စုံထောက်များနှင့် အပေးအယူပြုပြီး သူမကို ရိုမေနီးယန်း ပြန်မပို့ရန် တောင်းဆိုခဲ့သည့် ပြည့်တန်ဆာ အန်နာမှာလည်း ၁၉၃၆ ခုနှစ်တွင် ရိုမေနီးယန်းသို့ ပြန်ပို့ခံခဲ့ရသည်။ ဒလင်ဂျာကို ဖမ်းမိနိုင်ရန်အတွက် ဘိုင်အိုဂရဖ်ရုံတွင် အနီရောင် ဝတ်စုံဝတ်ဆင်၍ ထိုအချိန်က နာမည်ကျော် မင်းသား ကလပ်ဂေဘယ်၏ Manhattan Melodrama ဇာတ်ကားကို ကြည့်ရှုခဲ့သည် အန်နာကို
အမေရိကန် သတင်းစာများက Lady in Red ဟု ခေါင်းစဉ်တပ် ရေးသားကြကုန်သည်။

ဒလင်ဂျာကို ပထမဦဆုံးအကြိမ် ထောင်ဖောက်ကယ်ခဲ့သည့် ပီယာပွန့်တို့ လူစုမှာလည်း သေမိန့်ကျခဲ့သည်။ Baby Face Nelson မှာမူ ဒလင်ဂျာ သေပြီးနောက် တနေ့တွင် ဒလင်ဂျာ နေရာကို ဆက်ခံ၍ Public Enemies Number 1 ဖြစ်လာခဲ့သည်။

ဒါရိုက်တာ မိုက်ကယ်မန်း၏ Public Enemies ဇာတ်ကားမှာ ရွှေပွဲလာများ ရှုမညီးရအောင် တင်ဆက်ထားသော်လည်း လူဆိုးကြီး ဒလင်ဂျာ၏ တကယ့် ဘဝနှင့် အတော်ပင် ကွဲလွဲသည်ဟု ဆိုသည်။

ဒလင်ဂျာနှင့် သူ၏ ချစ်သူ ဖရန့်ချက်တို့ တွေ့ဆုံပုံမှာလည်း တကယ့်ဖြစ်ရပ်မှန်တွင် ရုပ်ရှင်ထဲကလိုမျိုး မဟုတ်ဟု ဆိုသည်။ FBI စုံထောက်အဖြစ် သရုပ်ဆောင်သည့် ခရစ်တီးယန်းဘေးမှာ ဒလင်ဂျာအဖြစ် သရုပ်ဆောင်သည့် ဂျွန်နီဒပ်နှင့် ယှဉ်လိုက်လျှင် သရုပ်ဆောင်မှုအစွမ်း နည်းနည်းလိုသေးသည်ဟု သုံးသပ်ကြသည်။

ဒလက်ဂျာ၏ ချစ်သူ အီဗလင်ဖရန့်ချက်အဖြစ် မာရီယွန် ကော့တီလဒ်က သရုပ်ဆောင်သည်။ Baby Face Nelson အဖြစ် စတီဖင် ဂရေဟမ်က သရုပ်ဆောင်သည်။ FBI ၏ ပထမဆုံး ညွှန်ကြားရေးမှူးအဖြစ် အက်ဂါ ဟူးဗားအဖြစ် ဘီလီ ခရပ်ဒပ်က သရုပ်ဆောင်သည်။ ဟိုမား ဗန်မီတာအဖြစ် စတီဖင် ဒေါဖ်က သရုပ်ဆောင်သည်။

မြေအောက် ဒုစရိုက်လောကတွင် ပြောစမှတ်တွင်ကျန်အောင် ဆိုးသွမ်းခဲ့သည့် ဒလင်ဂျာ သေဆုံးပြီး နောက်ပိုင်းတွင် သူ့ဘဝဇာတ်ကြောင်းကို စာအုပ်အဖြစ် ထုတ်ဝေရာ ရောင်းမလောက်ဖြစ်ခဲ့သည်။ ရုပ်ရှင်အဖြစ်လည်း အကြိမ်ကြိမ် ရိုက်ကူးခဲ့ကြသည်။

ယခု ရုံတင်ပြသနေသည့် Public Enemies ဇာတ်ကားမှာ စာရေးဆရာ ဘရိုင်ယန် ဘောရိုး ရေးသားသည့် Public Enemies : American Greatest Crime Wave and The Birth of FBI 1933 - 43 စာအုပ်ကို မှီငြမ်းရိုက်ကူးထားခြင်းဖြစ်သည်။

၁၉၂၉ အမေရိကန် စီးပွားရေး မျက်ဖြူဆိုက်ကာလတွင် ပေါ်ပေါက်ခဲ့သော ထိပ်တန်း ရာဇဝတ်မှု ကျူးလွန်သူများအကြောင်းကို ယခုတဖန် ခေတ်သစ် စီးပွားပျက်ကာလတွင် ရိုက်ကူးပြသဖြင့် ဆင်ခြင်စရာနှင့် သံဝေဂယူစရာ ကောင်းသည်ဟု အမေရိကန် အမျိုးသားတို့က ဆိုသည်။

ဒလင်ဂျာမှာ တဖက်တွင် နာမည်ဆိုးသော်လည်း သူ့ကြောင့် ထိုအချိန်က အမေရိကန်တို့က ဘဏ်တွင် ငွေမအပ်ရဲတော့ဘဲ ရင်းနှီးလုပ်ကိုင်စားသောက်သဖြင့် စီးပွားရေး ပြန်လည်နာလန်ထူလာနိုင်သည်ဟု ဆိုသည်။


No comments: