Wednesday, July 22, 2009

မြန်မာနိုင်ငံမှ ကလေးစစ်သားစုဆောင်းမှု အခြေအနေအစီရင်ခံစာတစောင် ထုတ်ပြန်

NEJ / ၂၂ ဇူလိုင် ၂၀၀၉

မြန်မာ နိုင်ငံ အတွင်း ကလေး စစ်သား အသုံး ပြုမှု မရှိ ကြောင်း စစ် အစိုးရ က ပြောဆို နေသည့် အတွက် ကုလ သမဂ္ဂ အပါ အ၀င် နိုင်ငံတကာ လူ့အခွင့် အရေး အဖွဲ့ အစည်း များအနေ ဖြင့် အခြေ အနေ မှန်ကို သိရှိနိုင် ရန်ရည်ရွယ် ၍ မြန်မာ ကလေး စစ်သားများ အသုံးပြုမှု ဆိုင်ရာ အစီရင် ခံစာ တစောင်ကို ရိုးမ (၃) မြန် မာ သတင်း ဌာနက ယနေ့ဖြန့် ချိလိုက် သည်။

ထိုင်းအခြေစိုက် ရိုးမ (၃) သတင်းဌာ၏ အယ်ဒီတာ ဦးငြိမ်းလူက “ကလေးစစ်သားသုံးစွဲမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာက ဝေဖန်မှုတွေကို န အ ဖက ငြင်းဆိုနေတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက သိရှိနိုင်ဖို့အတွက် ဒီအစီရင်ခံစာပါ အချက်အလက်တွေကို ကိုးကားနိုင်ဖို့ ထုတ် ဝေရတာ ဖြစ်တယ်” ဟု ပြောသည်။

စာမျက်နှာ (၇၂) မျက်နှာ ပါရှိသည့် မြန်မာ့သားကောင်းများအတွက် ၀မ်းနည်းဖွယ်ရာ ကလေးစစ်သားများ အစီရင်ခံစာတွင် မြန်မာစစ်တပ်အတွင်း ကလေးစစ်သားများ စုဆောင်းအသုံးပြုနေသည့်မှတ်တမ်းများကို ဓာတ်ပုံများ၊ အချက်အလက်များဖြင့် စုစည်းတင်ပြထားသည်။

အစီရင်ခံစာပါ အချက်အလက်များနှင့်ပတ်သက်၍ ဦးငြိမ်းလူက “ဒီအစီရင်ခံစာပါတဲ့အကြောင်းအရာတွေက လက်ရှိမြန်မာ့တပ်မ တော်ထဲမှာ ရှိနေတဲ့ မိတ်ဆွေများ၊ စစ်မှုထမ်းဟောင်းများနှင့် တက်ကြွလှုပ်ရှားသူများရဲ့ ပူးပေါင်းကူညီမှုနဲ့ ထုတ်ဝေခဲ့တာ ဖြစ်တယ်” ဟု ဒေသခံသတင်းထောက်များအား ပြောသည်။

စစ်သားစုဆောင်းရေးနှင့် ကလေးစစ်သားများ ပါဝင်ပတ်သက်မှုဖြစ်ရပ်မှန် အခြေအနေများကို လက်ရှိမြန်မာ့တပ်မတော်မှ တပ်ကြပ်ကြီးတဦးက ပေးပို့သည့်ဓာတ်ပုံနှင့် အချက်အလက်များကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခုနှစ် မေလအတွင်း ကလေးစစ်သားများအဖြစ် စုဆောင်းခံရသည့် မောင်ဝိုင်းဒေါ်လာ အသက် (၁၄) နှစ်၊ မောင်ရဲကို အသက် (၁၅) နှစ်၊ မောင်ကိုဖြိုး အသက် (၁၅) နှစ်တို့က မိမိတို့ ဆန္ဒမပါဘဲ တပ်ထဲအဓမ္မသွတ်သွင်းခံရမှု ရှင်းလင်းပြောကြားချက်များကို အစီရင်စာတွင် အကျယ်တ၀င့် ဖော်ပြပါရှိသည်။

မောင်ဝိုင်းဒေါ်လာက “အငှားဆိုင်ကယ်မောင်းတဲ့ ပျားလေး (ခေါ်) မျိုးသန့်က ကျနော့်ကိုအတင်းချုပ်ပြီး တပ်ရင်း (၁၀၄) ကိုပို့ဆောင်ပြီး မင်းဘာသာ မင်းဝင်တာလို့ ပြောခိုင်းတယ်။ ပြန်ထွက်လာရင် ဓားနဲ့ထိုးသတ်မယ်လို့ ခြိမ်းခြောက်တယ်။ ပိုက်ဆံ (၂) သောင်းခွဲကို ဗိုလ်မှူးဆီက လက်မှတ်ထိုးပြီး ယူသွားတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

၎င်းကို ခြိမ်းခြောက် ခေါ်ဆောင်သွားသူ ပျားလေ (ခေါ်) မျိုးသန့်မှာ မော်လမြိုင်မြို့ ဘဲကုန်းရပ်ကွက်၊ ယုဇနလမ်းတွင် နေထိုင်သူဖြစ်ပြီး စစ်တပ်အာဏာပိုင်များနှင့်ပေါင်းကာ ကလေးငယ်များကို စစ်သားအဖြစ် အရောင်းအ၀ယ်ပြုလုပ်နေသူ ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

နအဖစစ်အစိုးရက အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီကို ၂၀၀၄ ခုနှစ် ဇန်န၀ါရီ (၅) ရက်တွင် စတင်ဖွဲ့စည်းခဲ့သော်လည်း ကလေးစစ်သားအသုံးပြုမှုမှာ လျှော့နည်းသွားခြင်း မရှိဟု မြန်မာ့တပ်မတော် တပ်ကြပ်ကြီးတဦးက ၎င်းကြုံတွေ့ခဲ့ရသည့် ကလေးစစ်သားများအနေအထားကို ရှင်းပြထားသည်။

ယခုကဲ့သို့ ကလေးငယ်များ နည်းလမ်းပေါင်းစုံဖြင့် စစ်သားအဖြစ် အဓမ္မစုဆောင်းခံနေရခြင်းမှာ နအဖစစ်တပ်တွင် နှစ်စဉ်လိုအပ်ချက် ကြီးမားလာနေခြင်းကြောင့်ဖြစ်ပြီး ယခုအခါ ကလေးစစ်သားစုဆောင်းခြင်းမှာ ငွေကြေးရှာဖွေသူများ၏ ဈေးကွက်ကြီးတခုသဖွယ် ဖြစ်လာနေသည်ဟုလည်း ရိုးမ (၃) သတင်းဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။


No comments: