မဇ္မျိမသတင်းဌာန
ဒေါ်အောင်ဆန်း စုကြည်နှင့် စစ် အစိုးရ၏ ဆက်ဆံရေး ဝန်ကြီး ဦးအောင်ကြည်တို့ ဆွေးနွေးမှု သတင်းများက မြန်မာ့ နိုင်ငံရေး အပြောင်း အလဲကို တွေ့ဆုံ ဆွေးနွေး မှုလမ်းစ တကျော့ပြန် ဖြစ်ထွန်းပြီလား ဆိုသော မေးခွန်းများ ပေါ်ထွက်လာ စေခဲ့သည်။
ဆွေးနွေးအဖြေရှာခြင်းဖြင့် နှစ်ဖက်သဘောတူညီချက်ရလျှင်ဖြင့် သားရွှေအိုးထမ်းသည့် ကိန်းနှယ် မြန်မာပြည်သူ များရော၊ ကမ္ဘာသူကမ္ဘာသား များပါ ပျော်ရွှင်ကြမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ သို့သော် အတိုက်အခံ ခေါင်းဆောင်နှင့် သူမ၏ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - အန်အယ်ဒီ ကို နောက်တချီ စစ်ခင်းရန် ပြင်ဆင်နေခြင်းလည်း ဖြစ်နိုင်ပါသေးသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌထံ စက်တင်ဘာလ ၂၅ ရက်နေ့က ရေးသားပေး ပို့သော စာတွင် အမေရိကန်နှင့် အင်အားကြီး အနောက်နိုင်ငံများမှ မြန်မာစစ်အစိုးရ၏ ဆိုးရွာစွာ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ဘဏ္ဍာရေး နှင့် သံတမန်ရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများ ပြုထားသည်ကို ဖယ်ရှားစေလိုလျှင် ပူးပေါင်းဆောင်ရွက်လိုကြောင်း ကမ်းလှမ်းထားခဲ့သည်။
အမေရိကန်နိုင်ငံ၏ အိုဘားမားအစိုးရက အထီးကျန်ထားရှိရေး မူဝါဒအစား ထိတွေ့ဆက်ဆံပြီး လိုအပ်ချက်အရ အပြစ်ပေးရေးမူကို စတင်ကျင့် သုံးလာချိန်တွင် နေအိမ်အချုပ်ကျခံနေရသော အန်အယ်ဒီ အထွေထွေ အတွင်းရေးမှူးချုပ်၏ ကမ်းလှမ်းမှုကို စစ်အစိုးရက အပြည့်အဝ တုံ့ပြန်လျှင် ရလဒ်ကောင်း ထွက်မည် ဖြစ်သည်။
တိုးတက်မှုပါဟုဆိုလျှင်လည်း ရသည်ကတော့ ဆက်ဆံရေးဝန်ကြီး ဗိုလ်မှူးချုပ်အောင်ကြည်နှင့် တွေ့ဆုံမှု ဖြစ်လာသလို၊ အမေရိကန် အပါအဝင် ပိတ်ဆို့အရေးယူမှု ဦးဆောင်ပြုလုပ်နေသည့် နိုင်ငံများ၏ သံတမန်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ရခြင်း ဖြစ်သည်။
သို့သော် ဆက်ဆံရေးဝန်ကြီး၏ လုပ်ပိုင်ခွင့်မှာ မယ်မယ်ရရ မရှိခြင်းက နောက်ထပ် ခရီးရောက်ဖွယ်ကို သံသယ ဖြစ်စေသည်။
တကယ်တော့ မယ်မယ်ရရ မဟုတ်သည့် တွေ့ဆုံမှု ယခုအဆင့်သည်ပင် တိုင်းပြည်ချစ်သူများ၏ အသက်များစွာ ရင်းခဲ့ကြရ၊ ထောင်တန်းကျ ခဲ့ရသည်။
တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာပါရန် လွန်ခဲ့သည့် ၂ နှစ်ကျော်က သံဃာတော်များက မေတ္တာသုတ်ရွတ်ဆို တောင်းဆိုမှုကို စစ်တပ်က ပစ်ခတ် နှိမ်နင်းမှုအပြီး မြင့်တက်လာသော ပြည်တွင်းပြည်ပ ဖိအားများနှင့် နောက်ဆက်တွဲများက စစ်အစိုးရကို တွေ့ဆုံဆွေးနွေးရေး စကားရပ်အား အသုံးပြု လာစေသည်။
၂၀၀၇ ခုနှစ် အောက်တိုဘာလဆန်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပါမည်ဆိုသည့် ကမ်းလှမ်းမှုတွင် ပါဝင်သော ကန့်သတ်ချက်များမှာ အစိုးရကို ထိပ်တိုက်ရင်ဆိုင်မည့် လမ်းစဉ်ကို စွန့်လွှတ်ရန်၊ တားဆီးဟန့်တားမှု စွန့်ပစ်ရန်၊ စီးပွားရေးပိတ်ဆို့မှု နှင့် အလုံးစုံ ပျက်သုန်းရေးလမ်းစဉ်ကို စွန့်ပယ်ရန် ဖြစ်သည်။
ပိတ်ဆို့အရေးယူမှုသည်သာ တွေ့ဆုံဆွေးနွေးမှု မဖြစ်မြောက်ရသည့် အကြောင်းရင်းခံဖြစ်လျှင် အတားအဆီးများကို ကျော်လွှားနိုင်ကြတော့မည် ဖြစ်သည်။
သို့သော် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ပုံပြောင်းအစိုးရ အနိုင်ရကာ နိုင်ငံတကာက အသိအမှတ်ပြုရေးသာ ဖြစ်နေလျှင်တော့ ပြဒါးတလမ်း။ သံတလမ်းသာလျှင် ဖြစ်ပေမည်။
အမည်ခံ တွေ့ဆုံဆွေးနွေးမှုမျိုး အရင်က ရှိခဲ့ဖူးသည်။ ၂၀၀၃ ခုနှစ် ဒီပဲယင်းတွင် စည်းရုံးရေးခရီးစဉ် လှည့်နေသော ဒေါ်အောင်ဆန်းစုကြည်နှင့် သူမကို ထောက်ခံသူများကို ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် စွမ်းအားရှင်များက လက်နက်များဖြင့် တိုက်ခိုက်မှုမတိုင်မီ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် ထိပ်တန်းခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြသည်။ ဒီပဲယင်းတိုက်ခိုက်မှုအပြီး စစ်အစိုးရ၏ ဝါဒဖြန့်မှုတွင် တွေ့ဆုံ ဆွေးနွေးရေးအတွက် ကြိုးစားခဲ့သေးသည်ဟူ၍ ဖြစ်သည်။
ကျနော်တို့ မလိုလားသော်လည်း သမိုင်းတကျော့ပြန်လျှင်တော့ ယခုတကြိမ်တွင်လည်း စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးမှ ပထုတ်ထားရာတွင် ယခုဆွေးနွေးမှုများသည် အကြောင်းပြချက်တရပ် ဖြစ်လာဦးမည် ဖြစ်ပေသည်။
No comments:
Post a Comment