Friday, October 23, 2009

နမ့်ခမ်းမြို့ ရယက အတွင်းရေးမှူး အသတ်ခံရ

သျှမ်းသံတော်ဆင့်

ဘုန်းကြီး ကျောင်း၌ မဟာ ဘုံကထိန် အတွက် အစည်းအဝေး ပြုလုပ်စဉ် နမ့်ခမ်းမြို့နယ် နောင်ခန် ကျေးရွာ အုပ်စု အတွင်း ရေးမှူး အမည်မသိ သေနတ် သမား၏ လက်ချက်ဖြင့် ပစ်သတ်ခြင်း ခံရကြောင်း - တရုတ်နယ်စပ် သတင်း ရပ်ကွက် ကပြောပါသည်။


အောက်တိုဘာ ၁၇ ရက်နေ့ ည ၈း၃၀ နာရီ နောင်ခန်အုပ်စု အတွင်းရေးမှူး စိုင်းကျော်ညွှန့် မဟာဘုံကထိန်ပွဲတော် ကျင်းပ ရန် နောင်ခန်ဘုန်းကြီးကျောင်း၌ အစည်းအဝေးပြုလုပ်နေစဉ် ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်။

“အစည်းအဝေးမပြီးသေးဘူး။ သူအပေါ့ဆင်းသွားတုံး အပစ်သတ်ခံလိုက်ရတာ။ သေနတ်သမား ဘယ်သူဆိုတာ မသိရဘူး။ နမ့်ခမ်းမြို့ ကြံ့ဖွတ်ဥက္ကဌ စိုင်းကျော်မြင့် အသတ်ခံရတုံးကလဲ အဲဒီမှာဘဲ” - ဟု နမ့်ခမ်းမြို့မှဆိုင်ကယ် သမားတဦးကပြောပါ သည်။

စိုင်းကျော်ညွှန့်သည် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ ဇာတိဖြစ်ပြီး နမ့်ခမ်း၌ အိမ်ထောင်ကျပြောင်းရွေ့နေထိုင်ခဲ့ သည်မှာ အနှစ် ၂၀ ၀န်းကျင်ရှိပြီ ဟုဆိုပါသည်။

“ပြီးခဲ့တဲ့ ၄-၅ နှစ်က စပါးမှောင်ခိုရောင်းဝယ်မှုနဲ့ သူထောင်တလလောက်ကျသေးတယ်။ ကျပ်သိန်း ၂၀ လာဘ်ထိုးပြီးနဲ့ ပြန် လွတ်လာတယ်။ ထောင်မကျခင်တုန်းက သူနောင်ခန်ကျေးရွာအုပ်စု ဥက္ကဌဘဲ၊ အခုနှစ် ဆန်းပိုင်းမှအတွင်းရေးမှူး အဖြစ် ပြန်ရွေးခံရတာ”- ဟု အမည်မဖေါ်လိုသည့် ဒေသခံ တဦးကပြောပါသည်။

စိုင်းကျော်ညွှန့် ဥက္ကဌ ဖြစ်စဉ်က လယ်ခွန် ယာခွန် ဖရဲခြံခွန် အဆမတန် ကောက်ယူခဲ့ကြောင်း၊ လက်ရှိတွင်လည်း စစ်အစိုး၏ အကျိုးဆောင်အဖြစ် ၂၀၁၀ ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းမဲဆွယ်ပေးနေကြောင်းလည်း ဆိုပါသည်။

ရွှေလီမြစ်ဝှမ်းနေ သျှမ်းပြည်အမျိုးသားရေးလှုပ်ရှားသူတဦးက - “အမှန်ပြောရရင် စိုင်းကျော်ညွှန့်သေဆုံးတာ ၀မ်းနည်း နှမြှောထက် ၀မ်းသာတဲ့လူပိုများပါတယ်။ ဘာလို့လဲဆိုတော့ သူ့ကို နအဖရဲ့ သတင်းပေး/အလိုတော်ရိလို့ အပြောများကြ တယ်လေ။ အစိုးရအာဏာပိုင်တွေကတော့ သူ့ကို သျှမ်းသူပုန်တွေသတ်သွားတာလို့ပြောတယ်။ သျှမ်းသူပုန်လက်ချက် တကယ်ဖြစ်ခဲ့ရင်တော့ အဲဒီသူပုန်တွေ အဲလောက်ထိ စည်းရုံးရေးညံ့ဖျင်းရလား၊ ‘သူ့လူကိုယ့်ဘက်သား’ ဖြစ်အောင် သူ့ကိုမသိမ်းသွင်းတတ်ဘူးလား” - ဟု သျှမ်းသံတော်ဆင့်သို့ ပြောပြ၏။

၂၀၀၈ စစ်အစိုးရ နားဂစ်ဖွဲ့စည်းပုံ ထောက်ခံပွဲအတွက် စည်းရုံးရေးဆင်းသည့် နမ့်ခမ်းမြို့နယ် ကြံ့ဖွတ် ဥက္ကဌ စိုင်းကျော်မြင့် လည်း အဆိုပါနောင်ခန်အုပ်စု ဘုန်းတော်ကြီးကျောင်း၌ပင် အသတ်ခံခဲ့ရ၏။ ထိုစဉ်ကသျှမ်းပြည် တပ်မတော် တောင်ပိုင်း တပ်ဖွဲ့၏လက်ချက်ဟု စစ်အစိုးရဘက်မှ စွပ်စွဲပြောဆိုခဲ့သော်လည်း မဟုတ်မှန်ကြောင်းSSA-S ဘက်မှ ငြင်းဆိုခဲ့သည်။

No comments: