Friday, October 23, 2009

ရန်ကုန်တွင် မီးလောင်မှု (၂) ခုဖြစ်ပွား

မျိုးချစ်သူ / ၂၃ အောက်တိုဘာ ၂၀၀၉

ရန်ကုန်တိုင်းစစ်ဌာနချုပ်အနီးတွင် ယနေ့ နေ့လယ် (၁၂) နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုမှာ မရမ်းကုန်းမြို့နယ် (၁၀) ရပ်ကွက်၊ ပါရမီလမ်း၊ အိမ်အမှတ် (၆) မှ စတင်ဖြစ်ပွားပြီး ယင်းအိမ်အနီးရှိ အခြားနေအိမ်တခုကိုပါ မီးကူးစက်လောင်ကျွမ်းသွားကြောင်း မရမ်းကုန်းမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

မီးလောင်မှုဖြစ်စဉ်ကို ကိုယ်တွေ့မြင်ရသူတဦးက “မီးလောင်တာက မီးအားမြှင့်စက်က စလောင်တာပါ၊ အခု လောင်တဲ့အိမ်က ကိုယ်ပိုင်ခြံဝင်းနဲ့ နေတဲ့အိမ်ဖြစ်တယ်။ သွပ်မိုး ပျဉ်ကာ ပျဉ်ထောင်အိမ်ပေါ့။ တကယ်လို့သာ ဆင်ခြေဖုန်းရပ်ကွက် တခုသာဖြစ်မယ်၊ အိမ်ငှားတွေနေတဲ့နေရာသာ ဖြစ်မယ်ဆိုရင် လွန်ခဲ့တဲ့ (၃) နှစ်လောက်က လှိုင်မြို့နယ် (၁၃) ရပ်ကွက်မှာလို အိမ်ပေါင်းများစွာ ဆုံးရှုံးနိုင်တယ်” ဟု ပြောသည်။

ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ မီးသတ်အရာရှိများ၏ ပြောပြချက်အရ မီးလောင်မှုဖြစ်ပွားသောနေရာသို့ ရောက်ရှိချိန်မှာ နေ့လယ် (၁) နာရီခန့်ရှိပြီး စစ်ဌာနချုပ်နှင့် နီးနေသည့်အတွက် စစ်တပ်မှအကြီးအကဲများ ရောက်ရှိလာကာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြောင်း သိရသည်။

“စစ်ဘက်ဆိုင်ရာတွေ လာကြတော့ လူတွေက မီးလောင်တဲ့အပေါ်မှာ အာရုံမရောက်ကြတော့ဘဲ မီးလောင်တာကို စိုးရိမ်ရမှာထက် စစ်ဘက်ဆိုင်ရာတွေကို မြင်ရတာ စိတ်မသက်မသာ ဖြစ်နေကြတဲ့ပုံပဲ” ဟု ပြည်တွင်းမှ သတင်းထောက်တဦးက ပြောသည်။

ယင်းမီးလောင်မှုမှာ မီးအားမြှင့်စက်က ဖြစ်သည့်အတွက် လျှပ်စစ်နှင့်ပတ်သက်၍ သုံးစွဲရာတွင် စိုးရိမ်ရကြောင်း၊ ယခုအခါ ရန်ကုန်တွင် မီးပြတ်တောက်မှုများ ဖြစ်ပေါ်နေသည့်အတွက် ပြည်သူတို့အနေဖြင့် မိမိတို့ကိုယ်ပိုင်သတိဖြင့် နေထိုင်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးမှ အရာထမ်းတဦးက သတိပေးပြောကြားသည်။

မီးလောင်မှုကြောင့် အရေးယူခံရပါကလည်း မီးလောင်ခံရသော အိမ်ရှင်ကိုသာ ပြန်လည်အမှုဖွင့်အရေးယူသည့်အတွက် မြွေပါလည်းဆုံး သားလည်းဆုံး ဖြစ်ရသည့် ပြည်သူတို့၏ဘ၀ကို မိမိအနေဖြင့်စာနာကြောင်း အဆိုပါအရာထမ်းက ပြောသည်။

၎င်းက “အခုပဲကြည့်ပါဗျာ။ ဒါဟာ မီးပြတ်တာကစတဲ့ မီးလောင်မှုပဲ။ မီးလာရင်လည်း ဗို့အားကမပြည့်ဘူး။ ဒီအတွက် လူတွေက မီးအားမြှင့်စက်ကိုပဲ အသုံးပြုရတယ်။ မီးက ပြတ်လိုက် လာလိုက်ဆိုတော့ မီးအားတွေက မီးအားမြှင့်စက်ကနေ ဆောင့် ပြီးတက်တယ်။ ရှော့ခ်ဖြစ်တယ်။ မီးလောင်တယ်။ ဒီလိုဖြစ်ရင် အိမ်ရှင်ကပဲ မီးပေါ့ဆမှုနဲ့ အရေးယူခံရတာလေ။ ဒါကြောင့် ကျနော်တို့အနေနဲ့တော့ ဂရုစိုက်ဖို့ကိုပဲ ပြောချင်ပါတယ်” ဟု ပြောဆိုသည်။

မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးတွက်ချက်မှု မပြုလုပ်ရသေးကြောင်း မရမ်းကုန်းမြို့နယ် မီးသတ်တပ်ဖွဲ့က ပြောသည်။

ယနေ့တွင် အဆိုပါမီးလောင်မှုနှင့်အတူ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်၍ သန်လျင်မြို့နယ် အောင်ချမ်းသာရပ်ကွက်၊ ဇော်ဂျီလမ်း အိမ်နံပါတ် (၄၂) တွင်လည်း မီးအားမြှင့်စက်က ဗို့အားဆောင့်တက်ကာ အဲယားကွန်းမှတဆင့် မီးလောင်မှုတခု ဖြစ်ပွားခဲ့ကြောင်း၊ ဆုံးရှုံးမှုမှာ ငွေကျပ် သောင်းဂဏန်းသာရှိကြောင်း သိရသည်။

“အဲဒီအိမ်မှာ မီးလောင်မှုဖြစ်တာနဲ့ မရမ်းကုန်းမှာဖြစ်တာ အချိန်က ရှေ့ဆက် နောက်ဆက်ပဲ။ ကံကောင်းလို့ သံလျင် မီးလောင်မှုက နည်းတာဖြစ်တယ်။ အိမ်ရှင်ကတော့ ထုံးစံအတိုင်း အရေးယူခံရတာပါပဲ” ဟု သံလျင်မီးသတ်ဌာနမှ တာဝန်ရှိသူက ပြောသည်။

No comments: