Tuesday, October 27, 2009

မူးယစ်ဆေးဝါးနှင့် လောင်းကစားလုပ်ငန်းများတွင် ရဲဝန်ထမ်းများပါဝင်

ရိုးမ ၃

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ ပေါ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု နှင့် လောင်းကစား လုပ်ငန်း များကို အာဏာပိုင် များက လျစ်လျူရှု ထားပြီး ရဲဝန်ထမ်း များကိုယ်တိုင် ပါဝင် ပတ်သတ် နေကြောင်း မြို့ခံ တဦးက ပြောသည်။

ဘိုကလေးမြို့ပေါ်တွင် ချဲ၊ ထီလောင်းကစားဒိုင်ခွဲ တထောင်ကျော်နှင့် မူးယစ်ဆေးဝါးရောင်းဝယ်သူ သုံးရာခန့်ရှိပြီး အမှတ်(၃) ရပ်ကွက် နယ်ထိန်းအောင်ဇော်မင်းကိုယ်တိုင် ချဲထီ ဒိုင်ဖွင့်ထားသည်ဟု ပြောသည်။

“နှစ်လုံး၊ သုံးလုံးရောင်းတဲ့ လက်ခွဲဒိုင်တွေဆီမှ ဂုတ်စီးတွေက လိုက်သိမ်းတယ်၊ အဲဒီမှာ အောင်ဇော်မင်းရဲ့တပည့် သံချောင်းက တမြို့လုံးနီးပါး ငွေလိုက်သိမ်းပေးနေတာ၊ သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း လိုင်းကြေးတွေတောင်းပြီး အဲဒီသူတွေကို အကာအကွယ်ပေးနေတာ” ဟု မြို့ခံက ပြောသည်။

ဘိုကလေးမြို့ပေါ်ရှိ လောင်းကစားဒိုင်ချုပ်များမှာ အမှတ် (၃) ရပ်ကွက်တွင် နယ်ထိန်းအောင်ဇော်ဝင်း၊ အမှတ်(၄) ရပ်ကွက်တွင် ဒုရဲအုပ်ဟောင်း သက်ဦး၊ စိုးလေး (မြဂုဏ်ရောင်)၊ ဇော်ဝင်း၊ (၅) ရပ်ကွက်တွင် ရှမ်းမ၊ အီကြာကွေ့ (ခေါ်) စိန်မောင်၊ ဒီလေးလုံးဖိနပ်ဆိုင်၊ သံမဏိ၊ အမှတ်(၈) ရပ်ကွက်တွင် အကျိန်း (မိုးပျံ)၊ မြို့သစ်ရပ်ကွက်တွင် ရယက ဥက္ကဌဟောင်း ဝင်းကြည်တို့ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

“မူးယစ်ဆေးဝါးနဲ့ ဆေးခြောက်တွေကတော့ အများဆုံးအရောင်းအဝယ်လုပ်တာက အမှတ် (၃) နဲ့ အမှတ် (၅) ရပ်ကွက်တွေမှာ အများဆုံးဘဲ၊ အဲဒါတွေရဲ့ နောက်ဆက်တွဲက ဖောက်ထွင်းမှု၊ လုယက်မှုတွေ မကြာခဏဆိုသလို ဖြစ်နေတာ” ဟု ဆက်ပြောသည်။

ဘိုကလေးမြို့ပေါ်တွင် လောင်းကစားဒိုင်ချုပ် (၁၅) ဦးရှိပြီး နှစ်လုံးထီကို တနင်္လာနေ့မှ သောကြာနေ့အထိ တနေ့ သုံးကြိမ်ရောင်းချ၍ အာဏာပိုင်များက တပတ်လျှင် လိုင်းကြေး ၇၀၀၀ ကျပ် ကောက်ခံကာ လုပ်ကိုင်နေကြောင်း ဆက်လက်ပြောသည်။

ယင်းကဲ့သို့ ဒေသဆိုင်ရာ အာဏာပိုင်များက လိုင်းကြေးများကောက်ခံကာ နှစ်လုံး၊ သုံးလုံး၊ ဘောလုံးလောင်းကစားလုပ်ငန်းများကို ခွင့်ပြုထားသည့်အတွက် လူငယ်များ အကျင့်စာရိတ္တပျက်စီးလာနေကြောင်း ၎င်းကပြောသည်။

No comments: