Thursday, October 29, 2009

အနစ်နာဆုံး လူတန်းစား (သို့) အမြင့်မြတ်ဆုံး စေတနာပိုင်ရှင်များ

မော်တခဲ

နှစ်ဆယ့် တစ်ရာစုက `ပညာရာစု´ `ပညာခေတ်´ ဖြစ်သောကြောင့် အရည် အသွေး ကောင်းမွန်သည့် ပညာရေးကို ဆောင်ကြဉ်း ပေးရ ပါ မယ်။ ဒီလို ကောင်းမွန်တဲ့ ပညာရေးကို ဆောင်ကြဉ်း ပေးနိုင်တဲ့ သူများမှာ စင်စစ် အားဖြင့် အရည် အသွေး ကောင်းမွန်တဲ့ ဆရာတွေ ဖြစ်ကြ ပါတယ်။

`ဆရာ´ ဆိုတာ ကောင်းမွန်မြင့်မြတ်တဲ့ အနန္တော အနန္တ ငါးပါးထဲက ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ ဟူပြီး သတ်မှတ်ထားရှိကြသော တစ်ပါး အပါအ၀င် ဖြစ်ပါတယ်။ ယဉ်ကျေးမှု အစဉ်အလာအရ ဆရာဟာ အဓိက လုပ်ငန်းကြီးတစ်ရပ် ဖြစ်တဲ့ သင်ကြားခြင်း၊ သွန်သင်ခြင်းတွေကို ကောင်းမွန်ခြင်းနဲ့ ကျေပွန်စွာ ဆောင်ရွက်ကြရပါတယ်။

ကျောင်းသူ/သားများအပေါ် သားသမီးများ သဖွယ် မေတ္တာထားကာ နိုင်ငံ့သားကောင်း သမီးမှန်တွေ၊ လူရည်မွန်တွေ ဖြစ်လာအောင် လေ့ကျင့်ပေး ပျိုးထောင်ပေးနေကြတဲ့ ဆရာ/မတွေကို ဂုဏ်ပြုချီးကျူးတဲ့ အနေဖြင့် ကမ္ဘာတစ်ဝန်းက အောက်တိုဘာလ ၅ ရက်နေ့ကို ဆရာ၊မများနေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

အဲဒီနေ့မှာတော့ ကမ္ဘာတစ်ဝန်းလုံးက ဆရာ၊မတွေကို ရည်စူးပြီး ပွဲလမ်းသဘင်၊ အခမ်းအနားတွေ အစရှိတာတွေကို ကျင်းပနေကြသလို ကရင်နီပြည်နယ်မှာလဲ ယဉ်ကျေးမှုနဲ့အညီ အသက်ပြည့်ဝါရင့်ပင်စင်စား သက်ကြီးရွယ်အို ဆရာ/မတွေကို မြို့နယ်တိုင်း ကတော့ပွဲ ကျင်းပကြပါတယ်။

ကရင်နီပြည်နယ် ဒီမောဆိုမြို့မှာ ကျင်းပတဲ့ ကတော့ပွဲအခမ်းအနားမှ ၀ါရင့်ပင်စင်စား ဆရာမကြီးက “ခုခေတ်က ပညာခေတ် အားလုံးထက် ဆရာ/မတွေဟာ ပိုကြိုးစားရမယ်။ အနစ်နာဆုံးက ငါတို့ လူတန်းစားပဲ။ အာလုံးထက်လည်း ဖြူစင်တယ်။ စေတနာဟာ အမြင့်မြတ်ဆုံးပဲ” လို့ ပြောသွားပါတယ်။

ဒီအပြင် မြန်မာနဲ့ ထိုင်းနိုင်ငံနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်းတွေမှာလည်း ကရင်နီဒုက္ခသည်ဆရာ/မတွေအတွက် ဂုဏ်ပြုပွဲ ကျင်းပ ကြပါတယ်။

ဒုက္ခသည်စခန်းအမှတ် (၁) မှ ပညာရေး ၀န်ကြီး ဦးယိုရှီးယာကလည်း “ပညာရေးဟာ တိုင်းပြည်တစ်ပြည်အတွက် အဓိက လိုအပ်ချက် ဖြစ်ပါတယ်။ ပညာရှိမှ တိုင်းပြည် တိုးတက်အောင် စီမံခန့်ခွဲနိုင်မှာ ဖြစ်တယ်။ ဆရာမ အားလုံးဟာ တစ်ဒေါင့်တစ်နေရာကနေ တာဝန် ထမ်းဆောင်နေကြသွားတဲ့ အတွက်ကြောင့် ဂုဏ်ယူထိုက်သူ ဖြစ်တယ်” လို့ ကမ္ဘာ့ ဆရာ၊မများနေ့မှာ ပြောကြားခဲ့ပါတယ်။

ကြိုးပမ်းအားထုတ်တဲ့ နေရာမှာလည်း ဆရာကောင်းတစ်ယောက်သည် ၀ါသနာ၊ စေတနာနဲ့ အနစ်နာ ဆိုတဲ့ နာ ၃ နာနဲ့ တွဲပြီး အနာဂတ် ကျောင်းသူ၊သားတွေရဲ့ ပညာခေတ်ကို ထွန်းလင်းတောင်ပစေခဲ့ကြတာ ဆရာတွေပါ။

ပညာရေးနဲ့ ဆရာတွေရဲ့ အရေးပါပုံကို အဲဒီနေ့မှာ ဘယ်လိုပင် ဟောပြောတာဖြစ်စေ၊ ဂုဏ်ပြုပွဲတွေ လုပ်ပေးတာဖြစ်စေ ဆရာ/မတွေ အားလုံးရဲ့ ရင်ထဲမှာတော့ ဘယ်လိုပင် နာသုံးနာဖြင့် ရင်းတည်လာခဲ့ပေမဲ့လည်း အခုလို ကပ်ဆိုက်ခေတ်မှာတော့ ကျေနပ်နှစ်သက်မူတွေ ရှိလိမ့်မယ် မဟုတ်ပါ။

အကြောင်းအရင်းမှာ စေတနာ အရင်းခံပြီး ရတဲ့ တစ်လတာ လစာဟာ ၀မ်းစာမဖူလုံတဲ့အပြင် မိသားစုအတွက် ဖူလုံမှု မရှိကြခြင်းကြောင့် အိမ်တွင်း ပြဿနာ အမျိုးမျိုးကြုံတွေ့နေခြင်းပဲ ဖြစ်ပါတယ်။ ဒီမောဆိုမြို့နယ်မှ ကရင်နီ ကျောင်းဆရာတဦးက “ကလေးကို စာပြရတာ တစ်ခုတည်း မကဘူး။ ကျန်တဲ့ အထွေထွေလုပ်ငန်းကစ လစာနဲ့ မတန်အောင်ကို ခိုင်းတာ၊ ကိုယ့်အိမ်တွင်းတောင် မဖူလုံဘူး။ အရမ်းကို ပင်ပန်းဆင်းရဲခံတာနဲ့ ရတာ စိတ်ညစ်တယ်။ ကတော့ပွဲအတွက် လစာထဲကနေ ၁၀၀၀ကျပ် ဖြတ်ခံရသေးတယ်လေး” လို့ ပြောပါတယ်။

စစ်အစိုးရပညာရေး လက်အောက်တွင် တာဝန်ထမ်းဆောင်နေကြတဲ့ ကရင်နီပြည်နယ်တွင်းရှိ ဆရာ/မတဦးရဲ့ လစာမှာ အထက်တန်းပြ ဆရာတဦးလျင် ၄၀၀၀၀ ကျပ်သာ ရှိပါတယ်။ ဘွဲ့ရပြီး အလုပ်ရှားပါးတဲ့အတွက် ရရာပညာရေး ၀န်ထမ်းကို လုပ်ကိုင်ကြသူတွေလည်း ရှိနေပါတယ်။

ကရင်နီဒုက္ခသည်စခန်း ပညာရေးအခန်းကဏ္ဍကို လူမူကူညီရေး အသင်းတခု ဖြစ်တဲ့ Jesuit Refugee Service ကူညီထားပါတယ်။ JRS ဟာ ကရင်နီဒုက္ခသည် စခန်းများသာမက တင်္နသာရီတိုင်းနဲ့ ထိုင်းနယ်စပ်ရှိ ရွေ့ပြောင်းအလုပ်သမားတွေ နေထိုင်သော ရာနှောဒေသ ကိုလည်း လစဉ် ကျောင်းဆရာ/မတွေကို ထောက်ပံကြေးတွေ ကူညီပံပိုးမှုတွေ လုပ်ပေးပါတယ်။ ဒါပေမယ့်လည်း လစာမှာ အခြားလူမှု အသင်းအဖွဲ့အစည်းနဲ့ နှိုင်းယှဉ်လျင် အနိမ့်စားမှာသာ ရှိပါသေးတယ်။

“ကျနော်တို့လည်း နောက်နှစ်တွေမှာ အဆင်ပြေစေဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ဆရာ၊မတွေရဲ့  အရည်အချင်းက အခြေအနေ မဟန်ဘူး ဖြစ်နေတယ်။ ကျနော်တို အဖွဲ့အစည်း လုပ်နေတဲ့ အဘက်ကလည်း ပိုက်ဆံ အများဆုံး ပေးရတယ်” လို့ JRS မှ ၀န်ထမ်း တစ်ဦးက ပြောပါတယ်။

ကရင်နီဒုက္ခသည်စခန်းမှာ အထက်တန်းပြ ကျောင်းဆရာတဦးမှာ တလ ၆၀၀ ဘတ် (၂၀၀၀၀ သောင်းကျပ်) လောက်သာ ရရှိတဲ့အတွက် ကရင်နီကျောင်း ဆရာ/မ၀န်ထမ်းကို စိတ်မ၀င်စားကြပါဘူး။ ဒါပေမယ့်လည်း ကလေးတစ်ယောက် အနာဂတ် သာယာလှပစွာနဲ့ ရှင်သန်ကြီးထွားဖို့အတွက် အခြေခံက စပြီး ကာလကြာရှည်စွာ သင်ပေးနေတဲ့ ဆရာ/မတွေ ကျန်ရှိသေးနေသည်ကိုက ဂုဏ်ယူစရာလို့ ဆိုရတော့မှာပါ။

နာသုံးနာ စိတ်ဓါတ် ပြည့်ဝစွာဖြင့် ဆရာ/မတွေရဲ့တာဝန်ကို ဆက်လက် ထမ်းဆောင်နေသူတွေကို သက်ဆိုင်ရာ အာဏာပိုင်များနှင့် မိဘပြည်သူအားလုံး ၀ိုင်းဝန်းကူညီ လက်တွဲယဉ်နွဲကြရင်း ကူညီဖြေရှင်းပေးနိုင်မှသာ ဆရာတွေရဲ့ ကဏ္ဍမှာလည်း အရည်အသွေး ပြည့်ဝမှာဖြစ်သလို အနာဂါတ် သားကောင်းရတနာတွေလည်း ပညာထွန်းကားနိုင်မှာပါ။

ထိုသို့ ပညာထွန်းကားဖို့ ဧကန်မုချ မလွဲရစေရေးအတွက် ဒီမောဆိုမြို့မှ ၀ါရင့်ပင်စင်စား ဆရာမကြီးရဲ့ အမှာစကားကတော့ “ဒို့တစ်တွေရဲ့ အသက်ရှင်နေသ၍ ဒီမွန်မြတ်လှတဲ့ ဆရာဘ၀ကို အတ္တမာန်မာနကို ခ၀ါချပြီး သန့်ရှင်းသော စေတနာဖြင့် အနာဂတ်လှပဖို့ အရေးကို စွမ်းဆောင်ကြရမယ်။”

No comments: