Sunday, October 25, 2009

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၄)

စောကျော်ကျော်မင်း

ယခင် ဆောင်းပါးတွင် ရဲများ၏ စွပ်စွဲခံရသူ တဦးဦး အပေါ်တွင် ဖြောင့်ချက်ရ ယူခြင်းမှာ ပြစ်မှုကျူး လွန် ခြင်းပင်ဖြစ် ကြောင်းကို ဥပဒေ အထောက် အထားများဖြင့် တင်ပြခဲ့ပြီး ဖြစ်သည်။ ထိုကဲ့သို့ ရဲထံ ပေးသော ဖြောင့်ချက်ကို တရားရုံး များတွင် သက်သေခံ အဖြစ် တင် သွင်း လာလျှင် တရားရုံး များအနေဖြင့် တရား ဥပဒေ နှင့်အညီ ပယ်ချရ မည်သာ ဖြစ်လေသည်။

ရဲထံပေးသော ဖြောင့်ချက်သည် သက်သေခံမဝင်သော်လည်း တရားသူကြီး တဦးဦးထံပေးသော ဖြောင့်ချက်သည် တရားဝင် သက်သေခံအဖြစ် တင်ပြခွင့်ရှိပေသည်။ သို့ရာတွင် ဖြောင့်ချက်ယူသော တရားသူကြီး လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း မြောက်များစွာ ရှိပေသည်။ ထိုစည်းမျည်းစည်းကမ်းများထဲမှ တခုခုကို ဖေါက်ဖျက်မိရုံ (သို့မဟုတ်) သတိချွတ်ချော် မလိုက်နာမိရုံကာမျှဖြင့် ထိုတရားသူကြီးထံတွင် ပေးထားသော (သို့မဟုတ်) ထိုတရားသူကြီး ရယူထားသော ဖြောင့်ချက်တခုလုံး ပျက်ပြယ်သွားတတ်ကြသည်မဟုတ်သော်လည်း အရေးကြီးသော အကြောင်းအရာ၊ လုပ်ထုံးလုပ်နည်းများကိုမူ မလွဲမသွေ လိုက်နာကျင့်သုံးကြရမည်ဖြစ်ကာ မှားယွင်းချွတ်ချော်သွားပါက ဖြောင့်ချက်တခုလုံး ပျက်ပြယ်သွားတတ်သည်။


ပြစ်မှုကျူးလွန်သူတဦးဦးသည် ၄င်းကျူးလွန်ခဲ့သော ပြစ်မှုကို တရားသူကြီးတဦးဦးထံတွင် ဝန်ခံထွက်ဆိုခြင်းမှာ လွန်စွာအရေးကြီးသော ကိစ္စဖြစ်ပေသည်။ မိမိကိုယ်တိုင် ပြစ်မှုကျူးလွန်မိခဲ့သည့်အတွက် နောင်တွင် မိမိအပေါ်သို့ ကျရောက်မည့် ပြစ်ဒဏ်ကို ခံယူပါ့မည်ဟူသော သဘောသက်ရောက်ပေသည်။ ထို့ကြောင့် ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံချက် (သို့မဟုတ်) ဖြောင့်ချက်သည် ပြစ်မှုကျူးလွန်သူ၏ သဘောဆန္ဒအလျောက် ပေးသည့် ဝန်ခံချက်မျိုး (သို့မဟုတ်) ဖြောင့်ချက်မျိုးဖြစ်ရန် လိုအပ်ပေသည်။ ထိုကဲ့သို့ ပြစ်မှုကျူးလွန်သူကိုယ်တိုင် ၎င်း၏ သဘောဆန္ဒအလျောက် ပေးသည့် ဖြောင့်ချက်မျိုးကို ရရှိနိုင်ရန်အတွက် ဥပဒေဖြင့် စည်းကမ်းသတ်မှတ်ချက်များ သတ်မှတ်ကာကွယ်ပေးထားရခြင်းဖြစ်သည်။ တနည်းအားဖြင့် ပြစ်မှုကျူးလွန်သူအတွက် ဥပဒေအရ ရသင့်ရထိုက်သော အခွင့်အရေးကို သတ်မှတ်ထားခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်သူကိုယ်တိုင်၏ အမှန်တကယ် ပြစ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း ဖြောင့်ဆိုဝန်ခံချက်ဖြစ်သည်ဟု ယုံကြည်လက်ခံနိုင်မှသာလျှင် ၎င်း၏ ဖြောင့်ဆိုဝန်ခံချက်ကို ရေးမှတ်ယူခွင့်ပြုလေသည်။

ဖြောင့်ဆိုဝန်ခံချက်သည် ပြစ်မှုကျူးလွန်သူကိုယ်တိုင်၏ သဘောဆန္ဒအလျောက် ပေးသော ဖြောင့်ဆိုဝန်ခံချက်မဟုတ်ပါက သက်သေခံမဝင်ပေ။ “ဖြောင့်ချက်ယူသည့် တရားသူကြီးအား ဖြောင့်ချက်မယူမီ တရားခံအား မေးမြန်းခဲ့ခြင်းရှိမရှိ၊ ထိုသို့ မေးမြန်းသည့်အခါ တရားခံသည် ၎င်း၏ သဘောဆန္ဒအလျောက် ဖြောင့်ဆိုသည်ဟု ယုံကြည်ခဲ့ခြင်းရှိမရှိ၊ ရေးယူသော ဖြောင့်ချက်သည် တရားခံပြောသည့်အတိုင်း အမှန်အကန် အပြည့်အစုံ ပါရှိခြင်းရှိမရှိ စစ်မေးရသည်” ဟု မောင်ဝဲအမှု၊ အောက်မြန်မာပြည်စီရင်ထုံး အတွဲ ၂၊ စာမျက်နှာ ၃၁၇ တွင်လည်းကောင်း၊ “တရားခံသည် မိမိသဘောဆန္ဒအလျောက် ဖြောင့်ချက်ပေးခြင်းဟုတ်မဟုတ် သိရှိရန် လုံလောက်သော မေးမြန်းစစ်ဆေးမှု မပြုလုပ်ပါက ဖြောင့်ချက်သည် သက်သေခံမဝင်” ဟု သိန်းအောင်အမှု၊ အောက်မြန်မာပြည် စီရင်ထုံး အတွဲ ၃၊ စာမျက်နှာ ၁၇၃ တွင်လည်းကောင်း အတိအလင်း စီရင်ထုံးဖွဲ့ထားပေသည်။

ပြစ်မှုကျူးလွန်သူတဦးဦးထံမှ ဖြောင့်ချက်ယူရာတွင် လိုက်နာရမည့် နည်းဥပဒေများကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ (၁၆၄) နှင့် (၃၆၄) တို့တွင် အတိအလင်း ပြဌာန်းထားသည်။ ဖြောင့်ချက်ရေးမှတ်ရယူသော တရားသူကြီးတိုင်းသည် ဖြောင့်ချက်ကိုရေးသွင်းရန် ပုံစံ (၆၉) ကိုသာ အသုံးပြုရမည်ဖြစ်ကာ ထိုပုံစံ (၆၉) တွင် ရေးသွင်းရန် အကြောင်းအရာတိုင်းကို ထိုတရားသူကြီးသည် အလေးအနက် ဂရုပြုရေးသွင်းရမည်ဖြစ်ပေသည်။ ထိုတရားသူကြီး၏ အရေးအကြီးဆုံး တာဝန်ဝတ္တရားမှာ ဖြောင့်ဆိုဝန်ခံချက်ပေးမည့်သူသည် ၎င်းကိုယ်တိုင် ၎င်း၏ သဘောဆန္ဒအလျောက် ပေးသည့် ဖြောင့်ဆိုဝန်ခံချက် ဟုတ်မဟုတ်ဆိုသည်ကို ယုံကြည်ကျေနပ်နိုင်ရန်အတွက် နည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ မေးမြန်းခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်ရပေသည်။ ထို့ပြင် ထိုသို့ ယုံကြည်ကျေနပ်ပါကလည်း ဖြောင့်ချက်ပေးရန် အကြောင်းဖြစ်ပေါ်လာသည့် အကြောင်းခြင်းရာ အတိအကျတို့မှစတင်၍ တရားခံသည် ရဲအချုပ်တွင် အချိန်မည်မျှကြာအောင် ဖမ်းဆီးချုပ်နှောင်ခံထားရခြင်း၊ ဖြောင့်ချက်ပေးဆိုရန်အတွက် ရဲက ခြိမ်းခြောက်ခြင်းရှိမရှိ၊ မတော်သြဇာလွမ်းမိုးမှုရှိမရှိ၊ ရိုက်နှက်ညှဉ်းပမ်း နှိပ်စက်ခြင်းရှိမရှိ စသည်တို့ကို မေးမြန်းစုံစမ်း၍ အတိအကျ ရေးမှတ်ရယူရမည်ဖြစ်ပေသည်။

ဖြောင့်ချက်မရယူမီအချိန်ကပင် တရားသူကြီးသည် ဖြောင့်ဆိုဝန်ခံချက်ပေးမည့်သူအား ရဲ၏ သြဇာလွှမ်းမိုးမှုမရှိသည့် အခြေအနေနှင့် နေရာဒေသတွင် အချိန်ပေး၍ စဉ်းစားဆင်ခြင်ခွင့်ပေးရမည်ဖြစ်သည်။ ရဲက ညှဉ်းပန်းနှိပ်စက်သည်ဟု အလိုအလျောက်ပြောဆိုလာလျှင် ဖြောင့်ချက်ယူမည့် တရားသူကြီးသည် အချိန်မဆိုင်း ရေးသွင်းမှတ်တမ်းတင်ရမည်ဖြစ်သည်။ ထို့ပြင် မတော်မလျှော် အကျပ်အတည်းဖြစ်စေရန် ပြုလုပ်ကြောင်း တွေ့ရှိရပါက ချက်ချင်း စုံစမ်းစစ်ဆေးရမည်ဖြစ်သည်။ ဖြောင့်ချက်ပေးပြီးသော သူကိုလည်း ရဲစခန်းအချုပ်သို့ ပြန်လည်ပို့ဆောင် ချုပ်နှောင်ခွင့်မရှိပေ။

အထက်ဖေါ်ပြပါ အကြောင်းခြင်းရာများအနက် ပြစ်မှုကျူးလွန်သူကို ရဲအချုပ်တွင် အချိန်မည်မျှကြာကြာ ဖမ်းဆီးချုပ်နှောင်ထားသည် ဆိုသည့်အချက်က ၎င်းကိုယ်တိုင် သဘောဆန္ဒအလျောက် ထွက်ဆိုသည့် ဖြောင့်ချက်ဟုတ်မဟုတ်ဆိုသည်ကို စိစစ်ရာတွင် အလွန်အရေးပါသည့် အချက်ဖြစ်ပေသည်။ ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူတဦးသည် ရဲအချုပ်တွင် ဥပဒေပြဌာန်းချက်များအတိုင်း ညီညွတ်မှုမရှိဘဲ အချိန်ကြာမြင့်စွာ ချုပ်နှောင်ခံထားရပြီး နောက်ပိုင်းတွင်မှ ဖြောင့်ဆိုဝန်ခံချက်ပေးလျှင် ဖြောင့်ချက်ကိုရယူမည့် တရားသူကြီးသည် လွန်စွာ စဉ်းစားချင့်ချိန်ရမည်ဖြစ်သည်။

ကျွန်တော်လိုက်ပါဆောင်ရွက်ခဲ့ရသော အမှုအချို့တွင် ဖြောင့်ချက်ပေးထားသော အမှုများလည်း ပါဝင်လေသည်။ ထိုအမှုများတွင် ဖြောင့်ချက်ရယူကြသော တရားသူကြီးများသည် ရဲအချုပ်တွင်ရှိစဉ်က စွပ်စွဲခံရသူများကို ညှဉ်းပန်းနှိပ်စက်ခြင်းများ၊ ဖြောင့်ချက်ပေးရန်အတွက် သွေးဆောင်စည်းရုံးခြင်းများ၊ မတော်သြဇာ လွှမ်းမိုးမှုများကို ပြုလုပ်ခဲ့သည်ဟု သိရှိထားသည့်အပြင် မတော်မလျော် အကျပ်အတည်းဖြစ်စေရန် ပြုလုပ်မှုများရှိကြောင်းကိုလည်း ဖြောင့်ချက်ပေးမည့် စွပ်စွဲခံရသူများက ပြောဆိုသဖြင့် သိရှိထားကြကာ ချုပ်နှောင်ထားသည့် ကာလမှာလည်း ဥပဒေပြဌာန်းချက်များနှင့်မညီဘဲ ကာလကြာမြင့်စွာ ချုပ်နှောင်ထားခြင်းဖြစ်ကြောင်းတို့ကို သိရှိသော်လည်း ထိုအချက်များကို အလေးမထား၊ ဂရုမပြု၊ စွပ်စွဲခံရသူများထံမှ ဝန်ခံချက်ရရန်ကိုသာ အလေးထား လုပ်ဆောင်ခဲ့ကြောင်း တွေ့ရပေသည်။

တရားသူကြီးများသည် တရားဥပဒေပြဌာန်းချက်များအတိုင်း တရားမျှတမှုကို ဖေါ်ဆောင်ပေးကြရသူများ ဖြစ်သည်။ နိုင်ငံတနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကို ဖေါ်ဆောင်ရာတွင် တရားရုံးများသည် အရေးအကြီးဆုံးသော အခန်းကဏ္ဍမှ ပါဝင်လျှက်ရှိပေသည်။ ထို့ကြောင့် တရားသူကြီးများ၏ ကိုယ်ကျင့်သိက္ခာ ကောင်းမွန်မှု၊ သီလ၊ သမာဓိ၊ ပညာ ပြည့်စုံမှုတို့ဖြင့် ဆင်ခြင်တုံတရားရှိရှိ အဂတိတရားကင်းစင်စွာ စဉ်းစားဆုံးဖြတ်နိုင်စွမ်းတို့သည် ယနေ့မြန်မာနိုင်ငံ တရားစီရင်လောကတွင် အထူးလိုအပ်လျက်ရှိသော လိုအပ်ချက်တရပ် ဖြစ်ပေသည်။ ထို့ပြင် စွပ်စွဲခံရသူတဦးဦးသည် အမှန်တကယ် ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းခံလိုက်ရပါက ထိုသူ၏ ဘဝသည် လွန်စွာ ထိခိုက်နစ်နာသွားပေလိမ့်မည်။ ဘဝပင်ပျက်သွားနိုင်သည်ကို ပြစ်ဒဏ်ချမှတ်ကြသော တရားသူကြီးများ၏ ပင်ကိုယ်အသိတရားအရပင် သိရှိထားကြပြီးဖြစ်ပေသည်။

တရားဥပဒေ၏ကျောရိုးမှာ တရားမျှတမှုပင်ဖြစ်သည်။ တရားမျှတမှုဆိုသည်မှာလည်း နစ်နာသူတို့၏ ကုစားခွင့်ကို အာမခံပေးရန်နှင့် ကျူးလွန်သူကို ကျူးလွန်သည်နှင့်ညီမျှသော ပြစ်ဒဏ်ပေးရန်၊ အပြစ်မဲ့သူတို့ကို ပြစ်မှုကျူးလွန်သူတို့၏ ရန်မှ အကာအကွယ်ပေးရန်တို့ပင်ဖြစ်တော့သည်။


×××××

ဆက်လက်ရေးသားပါအုံးမည်


No comments: