Tuesday, October 27, 2009

ဝန်ကြီးချုပ် သိန်းစိန်ပြောသည့်စကား လက်တွေ့ကျရန်လို ဟု NLD ပြော

ကိုထွေး Tuesday, 27 October 2009

အမျိုးသား ပြန်လည် ရင်ကြား စေ့ရေး အတွက် ဒေါ်အောင်ဆန်း စုကြည်သည် တစိတ် တဒေသ အဖြစ် ပါဝင်ကြောင်း ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က အာဆီယံ ထိပ်သီး အစည်းအဝေး တွင် ပြောဆိုခဲ့ခြင်းသည် နိုင်ငံရေး လှည့်ကွက် တခုသာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦးက ဆိုသည်။

အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အရေးကို ပထမဆုံး အကြိမ်အဖြစ် မြန်မာ စစ်အစိုးရက ထုတ်ဖော် ပြောကြားခြင်းဖြစ်သည်။

NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က “လာမယ့် အမေရိကန် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွေမှာ ဖိအားတွေ ရင်မဆိုင်ရအောင် လုပ်တဲ့ သဘောလည်း ဖြစ်နိုင်တယ်၊ နိုင်ငံရေး ကစားကွက် တခု၊ နိုင်ငံရေး စကားလုံး လှည့်ပတ်ဖို့ပဲလို့ ယူဆတယ်၊ လက်တွေ့ တွေ့ဆုံဆွေးနွေးဖို့ထက် အယူအဆကို ပြောနေတာ” ဟု ဆိုသည်။

၁၉၈၈ ခုနှစ် အောက်တိုဘာလ မှ စတင်၍ ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရအား အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် ပတ်သက်၍ လက်မှတ်ရေးထိုး ကမ်းလှမ်းခဲ့ဖူးကြောင်း၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ကုလသမဂ္ဂ မိန့်ခွန်းတွင် အမျိုးသားရင်ကြားစေ့ရေး ကိစ္စထက် အရေးယူပိတ်ဆို့မှုများကိုသာ ပြောဆိုကြောင်း၊ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်၏ နာမည်ကို ထုတ်ဖော်ပြောကြား၍ မဖြစ် သောကြောင့်သာ ပြောဆိုခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိုပဲ NLD က အစဉ်တစိုက် တောင်းဆို နေတာပါပဲ၊ တကယ်လက်တွေ့ ဖြစ်ဖို့ပဲ အရေးကြီးပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ဦးတင်ဦး၊ ဦးဝင်းတင် အပါအ၀င် NLD ဗဟိုကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့် တောင်းဆိုထားသော်လည်း စစ်အစိုးရက ယခုအချိန်အထိ ခွင့်မပြုသေးပေ။

၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ၌ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် မူဝါဒဆိုင်ရာ သီးသန့် ဆွေးနွေးပွဲ တွင် မြန်မာ့ရေးရာ အာဆီယံ အမတ်များ (AIPMC) အဖွဲ့မှ ထိုင်းနိုင်ငံသား ခရိုင်ဆတ် ချွန်နာဗန်က မြန်မာ အစိုးရသည် အပြောနှင့် လက်တွေ့ တခြားစီလုပ်ဆောင်တတ်သောကြောင့် ယခုပြောဆိုချက်များသည်လည်း လက်တွေ့ ဖြစ်လာနိုင်မည် မဟုတ်ဟု ဆိုသည်။

လက်ရှိ အာဆီယံ ဥက္ကဋ္ဌ ဖြစ်သည့် ထိုင်းနိုင်ငံက ထုတ်ပြန်သော အာဆီယံ ထိပ်သီးညီလာခံ၏ ကြေညာချက်တွင် မြန်မာ့အရေးနှင့် ပတ်သက်၍ စာပိုဒ် တပိုဒ် ပါဝင်ရာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ အကြောင်း တစုံတရာ ရေးသားထားခြင်း မရှိဘဲ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရေး အကြောင်းအရာကိုသာ ဖော်ပြထားသည်။

ဦးဝင်းတင်က အာဆီယံကို စိတ်ပျက်စရာ ကောင်းကြောင်း ပြစ်တင်ပြောဆိုခဲ့ပြီး “အာဆီယံအနေနဲ့ မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့ ဘာမှလုပ်မပေးနိုင်ဘူး ဆိုတာကို ပြတာပါပဲ” ဟု ဆိုသည်။

အမေရိကန် အစိုးရ၏ အရှေ့အာရှ နှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Mr. Kurt Campbell သည် မြန်မာနိုင်ငံသို့ မကြာမီ သွားရောက်ရန်ရှိပြီး စစ်အစိုးရ၏ သိပ္ပံနှင့်နည်းပညာ ၀န်ကြီး ဦးသောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီစဉ်လျက်ရှိကြောင်း သံတမန် သတင်း ရပ်ကွက်မှ ကြားသိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် Mr.Campbell တို့အား အစိုးရဧည့်ဂေဟာနှင့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် မည်သည့် နေရာတွင် တွေ့ဆုံခွင့် ပေးမည်ကို အတိအကျ မသိရှိရသေးကြောင်း အဆိုပါ သတင်းရပ်ကွက်က ဆိုသည်။

ယင်းခရီးစဉ်နှင့် ပတ်သက်၍ ဦးဝင်းတင်က “Mr.Campbell ရဲ့ ခရီးစဉ်က မစ္စတာ ဘန်ကီမွန်း ခရီးစဉ်နဲ့တော့ ကွာလိမ့်မယ်၊ ဘန်ကီမွန်းတုန်းကတော့ နိုင်ငံရေးပါတီ ၁၀ ခုနဲ့တွေ့ဆုံခဲ့ပြီး ပါတီတခုစီက ၂ မိနစ်စီပဲ စကားပြောခွင့် ရတာ၊ အရမ်းစိတ်ပျက်ဖို့ ကောင်းပါတယ်” ဟု ဆိုသည်။

မြန်မာ့အရေး လေ့လာသူ ဗြိတိန် သတင်းထောက် Larry Jagan က “စေ့စပ်ဆွေးနွေးတာရော အရေးယူ ပိတ်ဆို့တာပါ ပါတဲ့ အမေရိကန်အစိုးရရဲ့ မြန်မာပြည်အပေါ်ထားတဲ့ မူဝါဒက အာဆီယံနဲ့ ကွာပါတယ်၊ ချင့်ချိန်ညှိနှိုင်းမှုပါတဲ့ စေ့စပ်ဆွေးနွေးမှုလို့ ဆိုရမှာပါ” ဟုပြောသည်။

ရှေ့လာမည့်လတွင် အမေရိကန်ပြည်ထောင်စုနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ထိပ်သီးဆွေးနွေးပွဲ တရပ်ကို စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး အမေရိကန် သမ္မတ အိုဘားမားကိုယ်တိုင် တက်ရောက်မည် ဖြစ် ကြောင်း သိရသည်။

ထို့အပြင် ဦးဉာဏ်ဝင်းက NLD ညီလာခံခေါ်ယူရေးအတွက် သောကြာနေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်နှင့် ပတ်သက်ပြီး “ညီလာခံခေါ်ဖို့ လိုအပ်တယ်ဆိုတာကို NLD အဖွဲ့ချုပ်က သဘောပေါက်ပါတယ်၊ လက်ရှိ အခြေအနေမှာ အဖွဲ့ချုပ် ခေါင်းဆောင်တွေက အထိန်းသိမ်းခံနေရတယ်၊ သူတို့ မတက်နိုင်ဘဲနဲ့ မကျင်းပ ချင်သေးပါဘူး” ဟု ရှင်းလင်း ပြောဆိုသည်။

No comments: