Monday, October 26, 2009

မြန်မာထိပ်သီးစစ်ခေါင်းဆောင်က ရူ့မြင်သည့် သခင်နှင့်ကျွန်ဆက်ဆံရေးသည် စစ်ဘုရင်စနစ်၏ အစိတ်အပိုင်းတစ်ခုသာဖြစ်

သျှမ်းသံတော်ဆင့်

စစ်အုပ်ချုပ်ရေး စနစ် သက်ဆိုး ရှည်လျှက် ရှိသည့် မြန်မာ နိုင်ငံတွင် ဒီမိုကရေစီ အရေးနှင့် တိုင်းရင်းသား လူမျိုးစုများ ၏ အခွင့် အရေး များသည် ယနေ့ အထိ မျက်ကွယ်ပြုခံ နေရဆဲဖြစ် ကြောင်း အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင် များကမကြာ ခဏ ထုတ်ဖေါ် ပြောဆို လေ့ရှိသည်။

အုပ်ချုပ်ရေး ယန္တရားကြီးတစ်ခုလုံးက ပြည်သူလူထု၏ ရပိုင်ခွင့်မှန်သမျှအား နှောက်ယှက်ဖျက်ဆီးပစ်သကဲ့သို့ ရှိနေသည့် အတွက်လည်း အခွင့်အရေးမှန်သမျှသည် ချိုးဖေါက်ခံရရုံမကပဲ ဆိတ်သုန်းလျှက်ပင် ရှိနေသည်။

ထိုအခြေအနေသည် အုပ်ချုပ်သူများနှင့် အုပ်ချုပ်ခံတိုင်းရင်းသားပြည်သူများအကြား သခင်နှင့် ကျွန်ဆက်ဆံ ရေး ကိုဖြစ်ပေါ်စေသည့် အကြောင်းတရားတစ်ခုသာ မဟုတ်တော့ပဲ နောက်ထပ်အကျိုးဆက်များလည်း မြောက်မြားစွာ ပေါ်ထွန်းခဲ့သည်။

သည်အထဲတွင် အဆိုးဆုံးကတော့ အချုပ်အခြာအာဏာနှင့် လွပ်လပ်ရေးဆိုသည်မှာလည်း လက်တစ်ဆုပ်စာ အုပ်စိုးသူများနှင့်သာ သက်ဆိုင်သည့် သီးသန့်အရာတစ်ခုကဲ့သို့ ဖြစ်နေလေသည်။

မြန်မာထိပ်သီးစစ်ခေါင်းဆောင်ကြီးဖြစ်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွေက စစ်အာဏာရှင်စနစ်တစ်ခုလုံးကို ပုံဖျက် ဖုံးကွယ်ကာ ပြည်သူများအပေါ်ကောင်းမွန်သောဆက်ဆံရေးထားရှိရန် လမ်းညွန်ထားရှိသည်။

ယခုလ (၃) ရက်နေ့က ကျရောက်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့(၄၅)နှစ်မြောက် အခမ်းအနားတွင် မြန်မာပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ်မောင်ဦးက ဗိုလ်ချုပ်မှူးကြီး သန်းရွေ၏ ရဲတပ်ဖွဲ့အတွက် ကွက်ကြား လမ်းညွန်ချက်ကို ထုတ် ဖေါ် ပြောကြားခဲ့ရာ ၎င်းတို့ပိုင် သတင်းစာတွင် ဖေါ်ပြခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွေ၏ လမ်းညွန်ချက်မှာ ယခုလိုပါရှိသည် “ဗိုလ်ချုပ်မှူးကြီးသန်းရွေက ၁၉၉၅ခုနှစ် ပထမ (၆) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရဲတပ်ဖွဲ့သည် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကိုတာဝန်ယူ ရမည့် အတွက် ထိုတာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ရန် နိုင်ငံနှင့် တိုင်းသူပြည်သားများ သည်လွပ်လပ် သည့်နိုင်ငံ လွပ်လပ်သည့်ပြည်သူတွေဖြစ်၍ လွပ်လပ်သည့် နိုင်ငံသားအပေါ် တရားဥပဒေနှင့်အညီစောက်ရှောက် ထိန်းသိမ်းရာ၌ လွပ်လပ်သည့်လူမျိုးကို ဆက်ဆံသည့်အသွင်ဖြင့်ဆက်ဆံရန် သခင်နှင့်ကျွန် သဖွယ် မဆက်ဆံကြရန် ” လမ်းညွန်မှာကြားထားကြောင်း ပြောကြားသွားသည်။

မြန်မာပြည်သည် ၁၉၄၈ ဇန်န၀ါရီလ (၄) ရက်နေ့၌ ဗြိတိသျှကိုလိုနီလက်အောက်မှ လွပ်လပ်ရေး ရရှိခဲ့သည်။

ထိုအချိန်မှစ၍ ပြည်ထောင်စုမြန်မာနိုင်ငံဟူ၍ ကမ္ဘာပေါ်တွင် အချုပ်အခြာ အာဏာပိုင်စိုးသည့် နိုင်ငံတစ်နိုင်ငံ အနေဖြင့် မားမားမတ်မတ် ရပ်တည်ပေါ်ထွန်းလာခဲ့သည်။

သို့သော်လည်း အဆိုပါ လွပ်လပ်ရေးသည် နိုင်ငံနှင့်နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူများ အတွက် အတုအယောင်မျှသာဖြစ်ကြောင်း အများကယူဆကြသည်။

ယနေ့အချိန်အထိ နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများမှာလွပ်လပ်သော လူမျိုးတစ်မျိုး ၏ ဂုဏ်ဒြပ်နှင့်လျှော်ညီစွာ ရပ်တည်နေထိုင်နိုင်ခြင်းမရှိသေးကြောင်း လက်ရှိ အခြေအနေက သက်သေပြနေ သည့်ကြားထဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း သခင်နှင့်ကျွန်ဆက်ဆံရေးရှိနေကြောင်း ထပ်မံ အတည်ပြုပေး သလို ဖြစ်နေသည ။

ထိုအရာသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရူ့မြင်သကဲ့သို့ ရဲတပ်ဖွဲ့နှင့်ပြည်သူကြား ဖြစ်ပေါ်နေသည့် ဆက်ဆံရေး ပုံရိပ် တစ်ခုမျှသာ မဟုတ်ပဲ စစ်ဘုရင်စနစ်ကိုတည်ဆောက်နေခြင်း၏ ရလဒ်ဖြစ်ကြောင်း အများက ထောက်ပြကြသည်။

၁၉၆၂ မှစတင်၍ မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်နေ၀င်းဦးဆောင်သည့် အပေါင်းအပါများက ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်း၍ စစ်အာဏာသိမ်းခဲ့ပြီးနောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အ မည်ခံကာ့ တိုင်းပြည်ကို (၂၆) နှစ်ကြာ လက်နက်ဖြင့် ဓါးမိုးအုပ်ချုပ်ခဲ့သည်။

အဆိုပါ (၂၆) နှစ်တာ မဆလအမည်ခံအုပ်ချုပ်ရေးအား ၁၉ဂဂခုနှစ် တိုင်းရင်းသားပြည်သူလူထုအုံကြွမှုကြီးဖြင့် နိဂုံးချုပ်စေခဲ့သည်။

ပထမမျိုးဆက် စစ်အာဏာသိမ်း ဗိုလ်ချုပ်နေ၀င်းက သူ့အပေါ် မြန်မာစစ်တပ်တစ်ခုလုံး မီးသေနေအောင် ပြုလုပ် ထားနိုင်ခဲ့သည်။

၁၉ဂဂ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း ပထမခေါင်းဆောင် ဗိုလ်ချုပ်နေ၀င်းကဲ့သို့ပင် စစ်တပ်တစ်ခုလုံး မီးသေလာအောင် ကြိုးပမ်းလာသည်သာမက စစ်ဘုရင်စနစ်ကိုပုံဖေါ်ကျင့်သုံးနေသူတစ်ဦး
ဖြစ်ကြောင်း နေပြည်တော်စစ်တပ်အရာရှိ အသိုင်းအ၀ိုင်းက ပြောဆိုခြင်းဖြစ်သည်။

စစ်ဘုရင်စနစ်ကို ပုံဖေါ်ကျင့်သုံးရာတွင် သူနှင့်ပုခုံးခြင်းယှဉ်လာနိုင်မည့် မျိုးဆက်များကိုဖယ်ရှားရှင်းလင်းခြင်းက အထင်ရှားဆုံး သာရက တစ်ခုဖြစ်ကြောင်း နေပြည်တော် စစ်အရာရှိတစ်ဦးက ပြောသည်။

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ စစ်ဘုရင်စနစ်ကို တည်ထောင်နေတာပဲဖြစ်တယ်ဗျ အသိသာဆုံးကတော့ အခုတပ်ထဲမှာ အသက် (၄၀) အရွယ် တပ်မှူးတွေဆိုရင် တပ်ထဲမှာမထားတော့ဘူး အကုန်လုံးကို အရပ်ဘက်ပို့ လိုက်တာတွေလုပ်တယ် တပ်ရင်းမှူးဆိုရင် ဒုဗိုလ်မှူးကြီးက အသက်(၃၅)နဲ့ (၃၇ )နှစ် ဒီကြားထဲမှာပဲရှိတယ် စစ်တပ်က ညစ်ပတ်တယ် အခုဆိုရင် အရာရှိတွေကိုယ်တိုင်က စစ်တပ်ကိုမယုံကြည်ဘူးလေ သူ့ကိုကိုယ်မယုံ ကိုယ့်ကိုသူမယုံ ဒီလိုပုံစံမျိုးနဲ့ စခန်းသွားနေတာ အများမိုးခါးရေသောက်လို့ကိုယ်ကမသောက်ရင်လည်း ကိုယ့် အခွင့် အရေးဆုံးရူံးသွားမယ် ” လို့နေပြည်တော်မှ စစ်အရာရှိ က ပြောသည်။

“တကယ်တန်းက သန်းရွှေခေါင်းတစ်လုံးထဲနဲ့စခန်းသွားနေတာဖြစ်တယ် ဘယ်သူမှမလှန်ရဲသေးဘူး တစ်ဆိုတစ် ပဲ နှစ်ကူးလို့မရဘူး မောင်အေးလည်းဘာမှမတတ်နိုင်ဘူးဗျ အဲလိုအခြေအနေရှိတယ် သူက (သန်းရွှေ) သူ့သမီး တွေ မြေးတွေဆိုရင် သမီးတော်တို့မြေးတော်တို့ခေါ်ရတယ် ” လို့ သူက ဆက်ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မျိုးဆက်များကို ဖြတ်တောက်ဖယ်ရှားခြင်းသာမက သမိုင်းကြောင်း ဖျောက်ဖျက်ခြင်း ကိုပါ လုပ်ဆောင်လျှက်ရှိသည်ဟု အများစုက သိနားလည်ထားကြသည်။

ဒီအထဲတွင် လွပ်လပ်ရေးကြိုးပမ်းသူများ၏ သမိုင်းကြောင်းကိုဖျောက်ဖျက်ခြင်းပင်ဖြစ်သည်။ အထူးသဖြင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ သူမ၏ဖခင်ဖြစ်သူ လွပ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်း၏ သမိုင်းကြောင်းကို ဖျောက်ဖျက်ထားခြင်းက အထင်ရှားဆုံးဖြစ်သည်။

အသစ်တည်ဆောက်ထားသည့် နေပြည်တော်မြို့တော်သစ်တွင် ပဒေသရာဇ်စစ်ဘုရင်များ၏ ရုပ်ထုများကိုစိုက်ထူ ကိုးကွယ်နေခြင်းက ဗိုလ်ချုပ်မှူးကြီး၏ စိတ်ထားကို ပေါ်လွင် ထင်ဟတ်စေကြောင်း ပြည်ပရောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်တော်ကိုယ်စားလှယ်တစ်ဦးက သုံးသပ်သည်။

“ကျနော်တို့ကြားတာကတော့ နေပြည်တော်မှာအနော်ရထာတို့ ဘုရင့်နောင်တို့ အလောင်းဘုရားတို့ ကြေးရုပ် ကြီး(၃)ရုပ်ရှိတယ် နောက်ဆို ရုပ်ထု (၄) ခု တည်ထားမယ်လို့ကြားတယ် ပထမနိုင်ငံ ဒုတိယနိုင်ငံ တတိယနိုင်ငံတည်ထောင်ခဲ့ တယ်ပေါ့ နောက်စတုထ္တနိုင်ငံတော်ကို တည်ထောင်သူအဖြစ် သူ့ရဲ့(သန်းရွှေ) ရုပ်ထုကိုပါ တည် မယ် လို့ သိရတယ် ဗိုလ်နေ၀င်းနဲ့ နိုင်းရင်တော့ သူ့ရဲ့နည်းတွေက ပိုဆန်းသစ်လာတယ်လို့ထင်တယ် ” လို့ သူက ပြောသည်။

တိုင်းရင်းသားပြည်သူများနှင့် အတိုက်အခံနိုင်ငံရေးအုပ်စုများကတော့ စစ်ဗိုလ်တမတ်သားပါဝင်မည့် (၂၀၀၈)ခုနှစ် က အတင်းအဓမ္မ အတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ယုံကြည်ထောက်ခံမှုမရှိသည်မှာ တကယ့် လက်တွေ့ပြဿနာဖြစ်နေလေသည် ။

(၂၀၀၈) ဖွဲ့စည်းပုံ ဥပဒေသည် စစ်ဘုရင်စနစ်ကို အသက်သွင်းမည့် အဓိကကျသော အရာတစ်ခုဖြစ်ပေသည် ။

မြန်မာပြည်သူများ လျှောက်လှမ်းလိုသည့် ဒီမိုကရေစီလမ်းနှင့်တော့ ပြဒါးတလမ်း သံတလမ်း ဖြစ်နေသည်ကတော့ အမှန်ပင်ဖြစ်တော့သည်။

No comments: