Thursday, October 22, 2009

၂၀၁၀ ရွေးကောက်ပွဲအတွက် ကြံ့ဖွံ့မှ ပြင်းထန်စွာ လှုပ်ရှား

မင်းအာသံ

၂၀၁၀ ရွေးကောက်ပွဲအတွက် မြန်မာစစ်အစိုးရ၏ ကျောထောက်နောက်ခံဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့အသင်း) တွင် တာဝန်ယူထားသည့် အဖွဲ့ဝင်များသည် ၄င်းတို့၏နေရပ်ဒေသတွင် တဖန်ပြန်ပြီး စည်းရုံးရေးဆင်းနေသည်ဟု သိရပါသည်။

မြန်မာအာဏာပိုင်တို့၏ ညွှန်ကြားချက်အရ လွန်ခဲ့သည့် ရက်နှစ်ဆယ်ခန့်က ကရင်ပြည်နယ် ကြံ့ဖွံ့အသင်းမှ အဖွဲ့ဝင်များသည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ ၄င်းတို့၏ နေရပ်မြို့နှင့် ကျေးရွာဒေသအသီးသီးအတွင်း၌ စည်းရုံးရေးဆင်းခဲ့သည်ဟု ကြံ့ဖွံ့အသင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ကြံ့ဖွံ့အသင်းက အခုလို သူ့နယ်နဲ့သူ စည်းရုံးရေးဆင်းနေတာ ပထမတစ်ချက်က ပြောရဆိုရတာ လွယ်ကူတယ်။ သူတို့ပြောသမျှ မြို့ခံတွေ ယုံကြည်မယ့် အနေအထားရှိတယ်။ ကိုယ့်ရပ်ရွာဆိုတော့ ဘယ်လိုမျိုး အပြုမူနဲ့ ဝင်ပြီး စည်းရုံးရမယ်ဆိုတာ အကုန်သိတယ်။ နောက်ပြီး အခုလို စည်းရုံးနေတာကို အာဏာပိုင်တွေက မြို့နယ်မှူး ရာထူးအဖြစ် ခန့်အပ်မယ်လို့လည်း ပြောထားသေးတယ်”ဟု ကြံ့ဖွံ့အသင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စည်းရုံးရေးဆင်းခဲ့သော မြို့များမှာ ဘားအံ၊ လှိုင်ဘွဲ၊ ဘီးလူးကျွန်းနှင့် ကြားအင်းဆိပ်ကြီး စသည်တို့ ဖြစ်ကြသည်။

ထိုနည်းတူ လွန်ခဲ့သော တစ်လကျော်ခန့်တွင် ကြံ့ဖွံ့အဖွဲ့ဝင်များက ကရင်ပြည်နယ်ရှိ ကျေးရွာများတွင်လည်း ဟောပြောပွဲလုပ်၍ လိုက်လံစည်းရုံးခဲ့သည်ဟု ဘားအံမြို့နယ် ကျုံးဖဲရွာသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ကြံ့ဖွံ့တွေက ရွာလာပြီး ကျောင်းသားလူငယ်များကို ၄င်းတို့ရဲ့ အသင်းမှာ ပါဝင်တာဝန်ယူ ဆောင်ရွက်သွားဖို့ကိုလည်း ဟောပြောပွဲမှာ ကြေငြာထားတယ်။ နောက်ပြီး တစ်လကို ကျပ် (၂၀၀၀၀) လောက် လခပေးမယ်လို့လည်း ပြောထားတယ်” ဟု ၄င်းက ပြောသည်။

မြန်မာစစ်အစိုးရ၏ လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့အသင်း ဝင်ရောက်အရွေးခံမည်ဟူသော သတင်းကြောင့် ယခုကဲ့သို့ စည်းရုံးရေး ဆင်းရခြင်း ဖြစ်သည်ဟု မြဝတီမြို့ခံတို့က ယူဆနေကြသည်။

ကုန်သည်တစ်ဦး၏ ပြောချက်အရ “ယခုလိုစည်းရုံးရေးဆင်းတာ ကြံ့ဖွံ့အသင်းက နေရာရဖို့ပဲ။ ပြည်သူလူထုအတွက် အင်အားတစ်ရပ် မဟုတ်ဘူး၊ စစ်အစိုးရရဲ့ ကျောထောက်နောက်ခံ ဖြစ်တယ်ဆိုတော့ အများရဲ့မျက်စိအောက်မှာ ကောင်းတာတွေ ပြပြီး မဟုတ်တာလုပ်နေတယ်။ သူတို့ကိုလည်း ကျနော်တို့ အကောက်တွေ ပေးနေရတယ်” ဟု ပြောသည်။

မြန်မာအာဏာပိုင်တို့၏ ညွှန်ကြားချက်အရ ယခုလာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကျောင်းသား လူငယ်များအား ပိုမိုစည်းရုံးသွားရန်အတွက် နယ်ခံကြံ့ဖွံ့အသင်းနှင့် ကျေးရွာကြံ့ဖွံ့အသင်းအား ညွှန်ကြားထားသည်ဟု ကရင်ပြည်နယ် ဒေသခံတို့၏ ပြောပြချက်အရ သိရပါသည်။

No comments: