Wednesday, October 28, 2009

သတင်းထောက်နှင့် လူငယ်အချို့ ဖမ်းဆီးခံရ

NEJ / ၂၈ အောက်တိုဘာ ၂၀၀၉

Foreign affair ဂျာနယ်မှ ဘာသာပြန် အယ်ဒီတာ ကိုသန့်ဇင်စိုး အပါအဝင် လူငယ် (၈) ဦးသည် အောက်တိုဘာ (၂၇) ရက်ည၌ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်အိမ်ရာရှိ ၎င်းတို့နေထိုင်ရာ တိုက်ခန်းတွင် အာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံရကြောင်း ကိုသန့်ဇင်စိုး၏ လုပ်ဖော်ကိုင်ဖက်တဦးက ပြောသည်။

၎င်းက “ကိုသန့်ဇင်စိုးရယ်၊ အရင်က ပြည်မြန်မာဂျာနယ်မှာ လုပ်ကိုင်ဖူးပြီး လက်ရှိ Freelance သတင်းထောက်အဖြစ် လုပ်ကိုင်နေတဲ့ ကိုပိုင်စိုးဦးအပါအဝင် လူငယ် စုစုပေါင်း (၈) ဦးကို သူတို့နေထိုင်ရာ ယုဇနဥယျဉ်မြို့တော်က တိုက်ခန်းမှာ အာဏာပိုင်တွေက လာပြီး ဖမ်းသွားတယ်။ ကျနော် သိသလောက် ကိုသန့်ဇင်စိုးဆိုတာဟာ ဧရာဝတီတိုင်းအတွင်းမှာ နာဂစ်မုန်တိုင်းဘေး ဖြစ်ပြီးနောက် နာဂစ်ဘေးဒဏ်သင့်တဲ့ ပြည်သူတွေကို ကူညီဖို့ဆိုပြီး ဂျာနယ်သတင်းထောက်အများစုနဲ့ စိတ်တူကိုယ်တူ စုစည်းထားတဲ့ လင်းလက်ကြယ်ဆိုတဲ့ အကူအညီပေးရေး အုပ်စုထဲက ဖြစ်တယ်။ နာဂစ်မုန်တိုင်း ကူညီရေးကိစ္စတွေကို တက်တက်ကြွကြွ လုပ်ကိုင်နေသူဖြစ်တယ်။ နောက် ကိုပိုင်စိုးဦးကလည်း အဲဒီအဖွဲ့က ဖြစ်သလို သတင်းလိုက်ရာမှာ တက်ကြွသူ ဖြစ်တယ်။ တခါတုန်းကဆိုရင် မီးလောင်တဲ့သတင်းသွားလိုက်ပြီး သတင်းဓာတ်ပုံရိုက်မိလို့ အာဏာပိုင်တွေက ဖမ်းတာကိုတောင် ခံရဖူးတယ်။ ဘေးပတ်ဝန်းကျင်မှာ နေသူတွေ ပြောပြချက်အရတော့ ဧည့်စာရင်းစစ်တာမျိုး မဟုတ်ဘူး။ သူတို့တိုက်ခန်းကို အသေအချာ လာဝိုင်းပြီး ဖမ်းသွားတာ” ဟု ပြောသည်။

ကိုသန့်ဇင်စိုး အလုပ်လုပ်ကိုင်နေသည့် Foreign affair ဂျာနယ်သည် The Voice ဂျာနယ်နှင့် Living Color မဂ္ဂဇင်းကို ထုတ်ဝေနေသည့် ဒေါက်တာနေဝင်းမောင် မီဒီယာက ပိုင်ဆိုင်သည့် ဂျာနယ်ဖြစ်သည်။

ကိုသန့်ဇင်စိုးကို ဘာကြောင့် ဖမ်းဆီးသွားရသည် ဆိုသည်ကို ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းသို့ စုံစမ်းကြည့်ရာ ၎င်းတို့အနေဖြင့် မသိရကြောင်း၊ အက်စ်ဘီနှင့် စရဖက လုပ်ကိုင်ခြင်းဖြစ်ကြောင်း ဖြေကြားသည်။

ယခုကဲ့သို့ ကိုသန့်ဇင်စိုး အဖမ်းခံရသည့်အတွက် ၎င်းနှင့်အတူ နာဂစ်လေဘေးသင့် ပြည်သူများကို တက်တက်ကြွကြွ အကူအညီပေးနေသည့် လင်းလက်ကြယ်အဖွဲ့တွင် ပါဝင်သူများကလည်း အထူးစိုးရိမ်နေကြကြောင်း၊ လင်းလက်ကြယ်အဖွဲ့တွင် နာမည်ကြီး ဂျာနယ်တိုက် အားလုံးနီးပါးက လူငယ်သတင်းထောက်များ ပါဝင်ကြသည့်အတွက် အချို့ ကြောက်ရွံ့ပြီး တိမ်းရှောင်မှုမှုများ ပြုလုပ်နေကြောင်း သိရသည်။

နာမည်ကြီး သတင်းဂျာနယ်တခုမှ အယ်ဒီတာ လူငယ်အမျိုးသမီးတဦးက “သမီးတို့လည်း လင်းလက်ကြယ်ဆိုပြီး နာဂစ်ဘေးတွေ ဝိုင်းလုပ်ခဲ့တယ်။ ပြီးခဲ့တဲ့ လတွေတုန်းကတောင် သမီးတို့လို ကူညီရေးအန်ဂျီအိုအဖွဲ့တွေ တွေ့ဆုံပြီး အမြင်ဖလှယ်တာတွေ လုပ်ခဲ့သေးတယ်။ ခု ကိုသန့်ဇင်စိုးကို ဘာလို့ ဖမ်းတာလည်း မသိဘူး။ ဘာပဲဖြစ်ဖြစ် သမီးလည်း စိုးရိမ်တယ်” ဟု ပြောသည်။

ရန်ကုန်မြို့မှ ဝါရင့်သတင်းစာဆရာကြီးတဦးကမူ အန်ဂျီအိုလုပ်လို့ပဲ ဖြစ်ဖြစ်၊ နိုင်ငံခြားကို သတင်းများ ပေးပို့လို့ပဲဖြစ်ဖြစ် ဘာကြောင့် ဖမ်းဖမ်း မစိုးရိမ်ကြောင်း၊ သို့သော် ယခုကဲ့သို့ နိုင်ငံအတွက် ကောင်းရာကောင်းကျိုး လုပ်ကိုင်နေကြသည့် လူငယ် မျိုးဆက်သစ် သတင်းထောက်များကို မဆီမဆိုင် ဖောက်ခွဲဖျက်ဆီးရေး ဆိုသည့်စွပ်စွဲချက်ဖြင့် ဖမ်းဆီးထောင်ချမည်ကိုမူ စိုးရိမ်ကြောင်း၊ လက်ရှိစစ်အစိုးရသည် အလွန်ကောက်ကျစ်သည့် အစိုးရဆိုသည်ကို မည်သူမှ မငြင်းနိုင်ကြောင်း ပြင်းပြင်းထန်ထန် ပြောဆိုသည်။

ယခု သတင်းကြောင့် အဆိုပါသတင်းထောက်များ၏ မိတ်ဆွေသူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်များအကြား အလွန်စိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။

No comments: