Friday, October 23, 2009

တွေ့ဆုံဆွေးနွေးရေး အဝေးကြီးဝေး

ဒီမိုကရေစီ လိုလားသော မြန်မာ့တပ်မတော် အရာရှိစစ်သည်များ



သို့

လေးစားအပ်တဲ့ …

အမေရိကန် သမ္မတကြီး၊ ပြင်သစ် သမ္မတကြီး၊ ဗြိတိန် ဝန်ကြီးချုပ်နဲ့ ဂျပန် ဝန်ကြီးချုပ်တို့ ခင်ဗျား။

ကျနော်တို့က ပြည်တွင်းရှိ ဒီမိုကရေစီလိုလားတဲ့ တပ်မတော်သားတွေကိုယ်စား သူတို့ရဲ့ ဆန္ဒသဘောထားကို တင်ပြချင်ပါတယ်။

သမ္မတကြီးတို့ နိုင်ငံတကာအနေနဲ့ တပ်မတော်သားတွေကို ရက်စက်ကြမ်းကြုတ်သူတွေ၊ ဖိနှိပ်သူတွေအဖြစ်နဲ့ အားလုံးကို သိမ်းကြုံးပြီးတော့ စစ်အာဏာရှင်တွေလိုပဲ ဖြစ်လိမ့်မယ်လို့ တသမတ်တည်း မမြင်မတွေးစေလိုပါဘူး၊ ဒါ့အပြင် ကျနော်တို့ တပ်မတော်သား အားလုံးကို စစ်အာဏာရှင်တွေလိုပဲ ဒီမိုကရေစီ မလိုလားသူတွေအဖြစ် သဘောမထားစေလိုပါဘူးလို့ ရှေးဦးစွာ ပြောကြားလိုပါတယ်။

အမှန်ကတော့ တပ်မတော်သား အများအပြားဟာ ဒီမိုကရေစီ လိုလားလို့ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတုန်းက စစ်တပ်တွေ အများအပြား အခြေစိုက်ထားတဲ့ မင်္ဂလာဒုံ၊ ဒဂုံ၊ မိတ္ထီလာနဲ့ မှော်ဘီမြို့နယ်တွေမှာ အတိုက်အခံ NLD ပါတီ အနိုင်ရခဲ့အောင် တပ်မတော်သားတွေဟာ တခဲနက် မဲပေးခဲ့ကြတဲ့ မှတ်တမ်းက သက်သေခံ ပြသခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာပြည်သူတွေဟာ နှစ်ပေါင်း ၂၀ ကျော် တာဝန်ကျေခဲ့ပြီးဖြစ်ရာ ဒုက္ခဆင်းရဲ ကျပ်တည်းမှုအကြား ပင်ပန်းနွမ်းနယ်နေကြလို့ ပြည်သူ အများစုအနေနဲ့ စစ်တပ်ပါမှ ဒီမိုကရေစီရမယ်၊ တနည်းပြောရရင် စစ်တပ်အတွင်းက ဒီမိုကရေစီ ဖော်ဆောင်မယ့်သူ ပေါ်ထွက်လာဖို့ လိုနေတယ်ဆိုတာ သဘောပေါက်နေကြပြီ ဖြစ်ပါတယ်။ သမ္မတကြီးတို့က မြန်မာနိုင်ငံအပေါ် ချမှတ်မယ့် မူဝါဒကို အခုအခါ သတ်မှတ်ခဲ့ရာမှာ နအဖနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံသွားမယ်ဆိုတာမို့ သူတို့နဲ့ ဆက်သွယ်ဆောင်ရွက်ရာမှာ ထည့်သွင်းစဉ်းစား သုံးသပ်နိုင်ဖို့ အထောက်အကူရအောင် မြန်မာ့နိုင်ငံရေး သမိုင်းအစဉ်အလာ၊ စစ်တပ်ရဲ့ သဘောသဘာဝ၊ စစ်အာဏာရှင်ရဲ့ အကျင့်စရိုက် သွင်ပြင်လက္ခဏာတို့ကို ထည့်သွင်းဖော်ပြသွားပါမယ်။

မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းကို ခြုံငုံတင်ပြရရင် ဦးဆောင်မှုကောင်းတဲ့ ခေါင်းဆောင်တွေဟာ စစ်ရေးကို အခြေခံတဲ့ နိုင်ငံရေးမဟာဗျူဟာ ချမှတ်ခဲ့တာ တွေ့ရပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးကို တိုက်ယူမှ ရတယ်ဆိုတဲ့ မဟာဗျူဟာကို လက်ခံခဲ့လို့ ဟင်္သာတ မြို့ပိုင်က သူ့ကို ဆုငွေထုတ်ပြီး ဝရမ်းဖမ်းခိုင်းတာကို အဖမ်းမခံဘဲ ဂျပန်နဲ့ပူးပေါင်းပြီး စစ်တပ်ဖွဲ့လို့ အင်္ဂလိပ်ကို တော်လှန်ခဲ့ပါတယ်။

တဖန် အင်္ဂလိပ်ပြန်ဝင်လို့ တပ်မတော်က ထုတ်လိုက်ရတဲ့ ပြည်သူ့ရဲဘော်တွေကို စစ်တပ်ရဲ့ အရန်အင်အားအဖြစ် စုစည်းထားပြီး “ရရင်ရ၊ မရရင်ချ” ဆိုတဲ့ စစ်ရေးအင်အားနဲ့ ဖိအားပေးခဲ့တာမို့ လွတ်လပ်ရေးကြီးကို ရရှိလာတာ ဖြစ်ပါတယ်။ လွတ်လပ်ရေး ရပြီးတော့လည်း မြန်မာ့နိုင်ငံရေး သမိုင်းကြောင်း အချိန်တော်တော်များများဟာ စစ်ရေးအရ အငွေ့အသက် မကင်းတဲ့ နိုင်ငံရေး အခင်းအကျင်း ရှိခဲ့ပါတယ်။

တပ်မတော်ရဲ့ သဘာဝကို ပြောရရင် ကြိုးနီစနစ် ထိန်းချုပ်မှု၊ စိစစ်ဖြတ်တောက်မှုတွေနဲ့ လူ့အခွင့်အရေးကို မဆိုထားနဲ့၊ စစ်တပ်ရဲ့ စစ်သည် တယောက်ချင်း ပြဋ္ဌာန်းထားတဲ့ ကိုယ်ပိုင်ရပိုင်ခွင့်နဲ့ ခံစားခွင့်တွေကိုတောင် နိုင့်ထက်စီးနင်း လုပ်နေတဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။ စစ်တပ်အတွင်း တပ်မတော်ထဲမှာ အဲဒီလို ဖိနှိပ်ညှဉ်းဆဲခံရမှုနဲ့ နိုင့်ထက်စီးနင်း လုပ်ခံရတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ရင် အရပ်သား ပြည်သူမပြောနဲ့ ဘေးချင်းကပ်နေတဲ့ တပ်အချင်းချင်းတွေတောင် သိခွင့်မရှိပါ။

တပ်မတော်ရဲ့ ဆက်သွယ်ရေးစနစ်ကို ရှင်းပြရရင် တပ်တွေဟာ သူတို့ရဲ့ ဆက်သွယ်ရေး စက်တွေမှာ အသီးသီး သတ်မှတ်ထားရှိတဲ့ Channel လိုင်းကိုသာ ဝင်ရပြီး လိုအပ်မှသာ ဘုံသုံးလို့ရတဲ့ လိုင်းကို ညွှန်ကြားချက်အရ ဝင်ရပါတယ်။ (ကကဆက်) ရဲ့ ဆက်သွယ်ရေး လုပ်ထုံးလုပ်နည်း အရ သတ်မှတ်ထားတဲ့ အထက်ဌာနသို့သာ ဝင်ရပြီး ခွင့်ပြုချက်မရှိတဲ့ တခြားတပ်တွေရဲ့ Channel လိုင်းကို ဝင်ပြောလို့ လုံးဝမရပါ။ သဘောက တပ်အချင်းချင်း ဘာဖြစ်နေတယ်ဆိုတာ လွယ်လွယ်နဲ့ မသိနိုင်ပါ။

စစ်အာဏာရှင် ဦးနေဝင်းလက်ထက်က ဦးနေဝင်းဇနီးရဲ့ အနီးကပ်ဖြစ်တဲ့ အိမ်ကနေ ကိုယ်ရေးအရာရှိ P.A ဗိုလ်ကြီးကျော်စွာမြင့်ဟာ နယ်စပ်ကို ထွက်ပြေးပြီး အမေရိကားကို ရောက်သွားကြောင်း သိရပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ P.A ဗိုလ်ကြီး အုန်းကျော်မြင့်ကျတော့ စစ်အာဏာရှင်စနစ်ကို မကြိုက်ဘဲ ဒီမိုကရေစီ လိုချင်လို့ ပုန်ကန်ခဲ့ပါတယ်။

သူဟာ အဆင့်မြင့် တပ်မှူးကြီးတွေကို စည်းရုံးနိုင်ခဲ့ပေမယ့် သစ္စာဖောက် ဗိုလ်မှူးချုပ်တယောက်ကြောင့် သတင်းပေါက်ကြားသွားပြီး အခြေအနေ မကောင်းလို့ အမေရိကန် သံရုံးမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းဆိုခဲ့ပေမယ့် မရခဲ့ပါဘူး။ ဒါကြောင့် သူဟာ ထောက်လှမ်းရေးရဲ့ ဖမ်းဆီးခြင်း ခံရပြီး မသေမချင်း ကြိုးမိန့်ပေး အသတ်ခံခဲ့ရပါတယ်။ အဲဒီတုန်းက တပ်မတော်အတွင်းမှာ တော်တော်လေး တုန်ခါသွားခဲ့ဖူးပါတယ်။ အမေရိကန်နိုင်ငံ ကသာ သူ့ကို ပြတ်ပြတ်သားသား ကူညီခဲ့မယ်ဆိုရင် အဲဒီကတည်းက မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီစနစ်ကို ကူးပြောင်းခဲ့လေမလားလို့ တွေးမိပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာရှင်ဖြစ်လာတဲ့ အချိန်ကာလမှာ “နိုင်ငံ့ကောင်းကျိုးကို ရှေးရှုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့ဆုံဆွေးနွေးရေး လုပ်ကြဖို့” ဆရာတော်ကြီးတွေရဲ့ မေတ္တာရပ်ခံ တိုက်တွန်းထားတဲ့ စာကို တပ်မတော်အရာရှိ ဗိုလ်ကြီးဝင်းဘိုဟာ အာဏာပိုင်တွေဆီ ပို့ဆောင်ပေးခဲ့လို့ အရေးယူခံခဲ့ရပါတယ်။ သူဟာ မော်လမြိုင်ထောင်မှာ နှိပ်စက်ညှဉ်းပန်းခံရပြီး သေဆုံးခဲ့ပါတယ်။

နှိပ်စက်ညှဉ်းပန်းပုံက သူ့ရဲ့လည်ပင်းကို အာဏာပိုင်တွေက ခြေထောက်နဲ့နင်းပြီး သူ့ရဲ့ပါးစပ်ကနေ အမျိုးသမီးတွေလို “ရှင်” လို့ အတင်းအကျပ် အော်ခိုင်းတဲ့အထိ နှိပ်စက်သတ်ဖြတ်ခဲ့ပါတယ်။ ဒါကြောင့် သမ္မတကြီးတို့ရဲ့ တွေ့ဆုံ ဆွေးနွေးရေး တောင်းဆိုမှုဟာ အဲဒီခေတ် အချိန်ကာလတုန်း က အတိုက်အခံအဖွဲ့ အားကောင်း နေချိန်မှာတောင် အလုပ်မဖြစ်ခဲ့ကြောင်း သုံးသပ်နိုင်ဖို့ ဖြစ်ပါတယ်။

စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စရိုက်လက္ခဏာကို ပြောရရင် သူ့ရဲ့ စိတ်သဘောထားဟာ လျှို့ဝှက်သိမ်မွေ့နက်နဲပြီး ပြောင်းလွယ် ပြင်လွယ်မို့ ခန့်မှန်းရခက်ပါတယ်။ ၁၉၉၂ ခုနှစ်မှာ သူ စတင် အာဏာရလာလာချင်း စီမံကိန်းနှစ်ခုကို ရေးဆွဲခိုင်းပါတယ်။ အဲဒါတွေကတော့ Rocketry System ဒုံးလက်နက်တွေ တည်ဆောက်ရေး စီမံကိန်းနဲ့ အနုမြူလက်နက် ပိုင်ဆိုင်ရေး စီမံကိန်းဖြစ်ပါတယ်။ ဒုံးလက်နက်တွေ တည်ဆောက်ရေး စီမံကိန်းအရ တာဝေးနဲ့ တာလတ်ပစ် - မြေပြင်ကနေ မြေပြင်ပစ် ဒုံးကျည်တွေ၊ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်များနဲ့ ဝေဟင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေဆိုပြီး ၃ မျိုး ပါဝင်ပါတယ်။

ရန်ကုန် အကြီးစား စက်ပစ္စည်းလုပ်ငန်း - ကပစ ၄ ကနေ ဒီဇိုင်းနာပညာရှင်တွေကို ပုံစံတွေ ရေးဆွဲခိုင်းပြီး တင်ပြစေရာ ၁၉၉၃ ခုနှစ်မှာ စီမံကိန်းတွေကို အတည်ပြု အမိန့်ပေးခဲ့ပါတယ်။ ဒုံးကျည် စီမံကိန်းကို အရှိန်အဟုန်မြှင့်လာရတဲ့ အကြောင်းရင်းကတော့ မြန်မာနိုင်ငံကို ကျူးကျော်လာခဲ့တဲ့ ထိုင်းနိုင်ငံက F – 16 ခေတ်မီ ဂျက်တိုက် လေယာဉ်ကို ဦးစွာပစ်ချနိုင်ဖို့ဖြစ်ပြီး မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်ကို စမ်းသပ်ဖို့ ဖြစ်ပါတယ်။

ဒီ့ထက်ပိုပြီး မှန်းတာက အမေရိကန် အခြေစိုက်စခန်းတွေ ရှိကြတဲ့ ထိုင်းနဲ့ ထိုင်ဝမ်၊ ဖိလစ်ပိုင်တို့ကို အနုမြူလက်နက်နဲ့ ပူးတွဲပြီး လှမ်းပစ်နိုင်တဲ့ ဒုံးကျည်နဲ့ ပိုမို ခြိမ်းခြောက်နိုင်အောင် အဲဒီ ဒုံးကျည်ကို စမ်းသပ်နိုင်ဖို့ ဖြစ်ပါတယ်။ လေကြောင်းကာကွယ်ရေး အခြေစိုက်စခန်းတွေကို ထိုင်းနိုင်ငံရှိ အမေရိကန်စခန်းတွေကို ပစ်လို့ရတဲ့ အကွာအဝေးဖြစ်တဲ့ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် ဧရိယာအတွင်း တောင်တန်းတွေပေါ်မှာ ရုရှားပညာရှင် တွေနဲ့အတူ တည်ဆောက်ခဲ့ပြီး ဖြစ်ပါတယ်။

စီမံကိန်း ပညာရှင်တွေနဲ့ စစ်လက်နက် ပစ္စည်းတွေကိုတော့ ရုရှား၊ ယူကရိန်း၊ စင်္ကာပူ၊ မြောက်ကိုးရီးယား နိုင်ငံတွေကနေ ပညာရှင်တွေကို အဓိကထား ခေါ်ယူခိုင်းခဲ့သလို တောင်ကိုးရီးယား ပညာရှင်တွေနဲ့ တရုတ်နိုင်ငံက ပညာရှင်တွေကိုလည်း အခါအားလျော်စွာ ခေါ်ခိုင်းခဲ့ပါတယ်။ ဒီနေရာမှာ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားဟာ ရန်သူနိုင်ငံတွေ ဖြစ်နေတာမို့ ဆက်သွယ်လုပ်ကိုင်နေမှုကို တဖွဲ့နဲ့ တဖွဲ့ မသိအောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လျှို့ဝှက်ခွဲထုတ်ထားပါတယ်။

မြောက်ကိုရီးယား ပညာရှင်တွေကို တပ်မတော် ဧည့်ဂေဟာတွေမှာ တည်းခိုဖို့ မထားဘဲ အိုးအိမ်ဦးစီးဋ္ဌာနပိုင် သာကေတ အေးနန္ဒာအိမ်ယာ လုံးချင်းတိုက်ခန်း နှစ်လုံးမှာ လျှို့ဝှက်သီးသန့်ထားဖို့ စီစဉ်ခိုင်းခဲ့ပါတယ်။ မြောက်ကိုရီးယားနဲ့ တရားဝင် သံတမန်ဆက်သွယ်မှု မရှိခင်က တရုတ်နိုင်ငံနယ်စပ် ကုန်းတွင်းပိုင်းကတဆင့် လူမှောင်ခိုသွင်းပြီး ခေါ်ယူခိုင်းခဲ့ပါတယ်။ လက်နက်ခဲယမ်း ဝယ်ယူရာမှာ စီးပွားရေး ပိတ်ဆို့ထားလို့ ငွေပေးငွေယူ ရှင်းတမ်း ပြုလုပ်ရာမှာ စိုးမင်းထိုက် ကုမ္ပဏီကို ကြားခံထားပြီး မြောက်ကိုရီးယားနဲ့ ကုန်ဖလှယ်တဲ့စနစ် Barter System နဲ့ ကစားသွားပါတယ်။

တောင်ကိုးရီးယားရဲ့ ဒေဝူးကုမ္ပဏီဟာ အရေးပါတဲ့ ဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ခွင့် အခွင့်အရေးကို ရသွားခဲ့တာဟာလည်း စစ်တပ်ရဲ့လက်နက် ခဲယမ်း ပစ္စည်းတွေကို ဓာတ်ငွေ့ ထုတ်လုပ်ရေးပစ္စည်းတွေ သယ်ယူရေး အကြောင်းပြပြီး အကာအကွယ်ယူ ရောနှောသယ်ဆောင် ခိုင်းချင်လို့သာ ဖြစ်ပါတယ်။

ဒုံးကျည်လက်နက် တည်ဆောက်ရေး စီမံကိန်းကို မကွေးတိုင်း၊ အထက် မင်းလှမြို့နယ်၊ ကုန်းကြီးကျေးရွာ နေရာရှိ ကပစ (၁ဝ) မှာ အဓိက ဗဟိုပြုပြီး ဒုံးကျည်တည်ဆောက်ရေးအပြင် လိုအပ်သလို ပစ်ခတ်နိုင်တဲ့ guided missile ဒုံးလက်နက်စနစ် ဝယ်ယူရေး အစီအမံတွေလည်း ပါဝင်လာခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စစ်လက်နက်အင်အား တိုးချဲ့ရေး မဟာစီမံကိန်းရဲ့ ဒုတိယအဆင့်ဖြစ်တဲ့ နျူကလီးယား လက်နက်တွေ ဘာကြောင့် ပိုင်ဆိုင်ချင်တယ် ဆိုတာရယ်၊ ပြည်သူ့ဘက် ရပ်တည်ချင်တဲ့ တပ်မတော်သားတွေအတွက် အဖြေမရှိသေးတဲ့ မေးခွန်းတပုဒ် အကြောင်းတွေကို လူကြီးမင်းတို့ကို ဆက်လက်တင်ပြသွားပါမယ်။

လေးစားစွာဖြင့်

ဒီမိုကရေစီ လိုလားသော မြန်မာ့တပ်မတော် အရာရှိစစ်သည်များ

No comments: