Sunday, October 25, 2009

ရွေးကောက်ပွဲကျင်းပတိုင်း ဒီမိုကရေစီမရနိုင်ပါ

NEJ

အပြည်ပြည် ဆိုင်ရာ ဓလေ့ ထုံးစံဥပဒေအရ ပါတီစုံ ရွေးကောက်ပွဲ ကျင်းပ၍ တရားဝင် အစိုးရဖွဲ့ သည်မှာ လုပ်ရိုး လုပ်စဉ်ဖြစ်၏။ တိုင်း ပြည်၏ အရေး ကိစ္စ၌ အဆုံးအဖြတ် ပေးမည့် ပုဂ္ဂိုလ်များကို လွတ်လပ်ပြီး တရား မျှတသော ရွေးကောက်ပွဲ၌ ပြည်သူ လူထုက ဆန္ဒမဲ ပေးပြီး ရွေးချယ်လိုက် သည်ကို ဒီမိုကရေစီဟု အဓိပ္ပာယ် ဖွင့်ဆိုကြသည်။

ဤပုံစံအတိုင်း ရှေ့နှစ်တွင် ပါတီစုံ ရွေးကောက်ပွဲ ကျင်းပ၍ “စည်းကမ်းရှိ” ဒီမိုကရေစီကို ဗမာ စစ်ခေါင်းဆောင် များက တည်ထောင် မည်ဟု ဆို၏။ သို့သော်လည်း ရွေးကောက်ပွဲ ကျင်းပတိုင်း ဒီမိုကရေစီ မရနိုင်ပါ။ လွတ်လပ်မှု အတိုင်း အတာနှင့် သိက္ခာ ရှိမှုသည် အလွန် အရေးကြီး ၏။

ရွေးကောက်ပွဲ မကျင်းပမီ နိုင်ငံရေး လွတ်လပ်မှု ရှိမရှိ၊ အတိုက်အခံကို လေးစားမှု ရှိမရှိ၊ ယှဉ်ပြိုင်သူ အားလုံး တန်းတူ ရည်တူ အခွင့် အရေး ရှိမရှိ၊ ရွေးကောက်ပွဲ အမှုထမ်းများ မျှမျှတတ လုပ်မလုပ်၊ မဲဆန္ဒရှင်များ လွတ်လပ်စွာ မဲပေးနိုင် မပေးနိုင်၊ ပေးထားသော ဆန္ဒမဲ နှင့် ရွေးကောက်ပွဲ ရလဒ် ကိုက်ညီ မညီ စသည်များကို ဆန်းစစ်ရန်လို၏။ ရွေးကောက်ပွဲ နိုင်သော ပါတီက ဖွဲ့စည်း လိုက်သည့် အစိုးရ သည် စစ်တပ်နှင့် အာဏာရှင် လူတန်းစားကို ကိုယ်စားပြု၍ အုပ်ချုပ်သည့် ပုံစံမျိုး ရှိသည်။ ရုရှားနိုင်ငံ ရေးစနစ် ကို ‘ရွေးကောက်ပွဲ အာဏာရှင် စနစ်’ ဟု သတ်မှတ်သူ များရှိသည်။ စင်ကာပူသည် ဒီမိုကရေစီ နိုင်ငံ မဟုတ်ပါ။

ပါတီစုံ ရွေးကောက်ပွဲ ကျင်းပပြီး ဖွဲ့စည်း လိုက်သော အစိုးရ များသည် ဒီမိုကရေစီ နှင့် အာဏာရှင် စနစ်အကြား ပုံစံ အမျိုးမျိုးဖြင့် စခန်း သွားနေ သည်ဟု နိုင်ငံရေး သိပ္ပံပညာရှင် များက လေ့လာ တွေ့ရှိထား သည်မှာ မြန်မာပြည် သူပြည်သား များအတွက် အလွန်အရေး ကြီးသည်ဟု ယူဆ ပါသည်။ ဒီမိုကရေစီ နှင့် အာဏာရှင် စနစ်၏ အသွင် လက္ခဏာ များကို ရောစပ် သုံးစွဲနေ သည်မှာ ကြာပြီဖြစ် ၏။ လွန်ခဲ့သော အနှစ် (၄၀) ကျော်ကတည်းက ပါတီစုံ ရွေးကောက်ပွဲ ကျင်းပ၍ အာဏာရှင် စနစ်ကျင့် သုံးသော နိုင်ငံများ ရှိခဲ့၏။ စင်ကာပူ နှင့် မလေးရှား သည် ရွေးကောက်ပွဲ အာဏာရှင် စနစ် ကျင့်သုံး နေတုန်း ဖြစ်၏။ ဤနိုင်ငံ များတွင် ရွေးကောက်ပွဲ ကျင်းပ ခြင်းသည် အစိုး ရပြောင်းလဲ ရန်မဟုတ်ပါ။

အာဏာရှင် စနစ်မှ အသွင် ကူးပြောင်းသော နိုင်ငံများတွင် ပြည်တွင်း ပြည်ပက တောင်းဆိုသည့် အတိုင်း ဒီမိုကရေစီ ပြုပြင်ရေး လုပ်ဟန် ဆောင်ကြ သည်။ အာဏာရှင် စနစ်ကို ဒီမိုကရေစီဖြင့် အရေခြုံပေး လိုက်ခြင်း ဖြစ်၏။ ရွေးကောက်ပွဲ အတိုက်အခံ သတင်း မီဒီယာ စသည် များကို အဖြည့်ခံ အဖြစ် ကျွမ်းကျင်စွာ အသုံးပြုခြင်း ပင်ဖြစ်သည်။

အာဏာရ အစိုးရကို ဝေဖန် ရှုတ်ချခြင်း မပြုသော အတိုက်အခံ ပါတီနှင့် စာနယ်ဇင်းကို ရပ်တည်ခွင့် ပေးထားပြီး အာဏာရှင်လူတန်းစား အကျိုး စီးပွားကို ထိခိုက်အောင် လုပ်သော အတိုက်အခံ နှင့် စာနယ်ဇင်းကို ချေမှုန်း ပစ်တတ် ပါသည်။ ဤသို့ ဒီမိုကရေစီ အရေခြုံ သော အစိုးရများ လာပြီး အာဏာရှင် စနစ်ကို ဗြောင်ကျင့် သုံးသူ နည်းပါး လာသည်။ စစ်အာဏာရှင် စနစ် ကျင့်သုံး နေသော ဗမာ စစ်အစိုးရ သည်လည်း ဒီမိုကရေစီ အရေခြုံ၍ သက်ဆိုး ရှည်ရန် ကြိုးပမ်း နေသည်။

အင်အားရှိသော အဖွဲ့အစည်းက မိမိ၏ပြိုင် ဘက်ကို အကြမ်းဖက် သည်မှာ အာရှ ရွေးကောက်ပွဲ ဓလေ့ ကဲ့သို့ ဖြစ်နေ ပါသည်။ ၀ါရင့် ဒီမိုကရေစီ နိုင်ငံဖြစ်သော အိန္ဒိယ၌ပင် ရွေးကောက်ပွဲရာသီ ရောက်ပါက သတ်ကြဖြတ်ကြ အကြမ်း ဖက်ကြပါသည်။ သို့သော် အကြမ်း ဖက်မှု အနည်း ငယ်ကြောင့် ဒီမိုကရေစီ မကျဟု မပြောနိုင်ပါ။ အပြစ်အနာ အဆာ လုံးဝကင်းစင်သော နိုင်ငံရေး စနစ် မရှိသေးသည့် အတွက် ပြည်သူ့ ကိုယ်စားလှယ် မှတဆင့် အုပ်ချုပ်သော ဒီမိုကရေစီ စနစ်ကို အမြဲတမ်း သတိဖြင့် စောင့်ကြည့် ရန်လိုသည်။

ထို့ကြောင့် နိုင်ငံခြား သားများကို ရွေးကောက်ပွဲကြီးကြပ် သူနှင့် လေ့လာသူ တွေအဖြစ် အသုံးပြု နေခြင်း ဖြစ်သည်။ ပါတီစုံ ရွေးကောက် ပွဲကို ဟန်ပြ အဖြစ် ကျင်းပသော တိုင်းပြည် များတွင် အစိုးရပါတီ ကသာ အနိုင်ရသည်။ စင်ကာပူတွင် လွှတ်တော် အမတ်နေရာ (၉၅) ရာခိုင်နှုန်းကို အာဏာရ ပါတီကသာ အမြဲတမ်း အနိုင်ရ နေသည်။ ကမ္ဘောဒီးယား ၌လည်း ဟွန်စန် ၏ပြည်သူ့ပါတီ သည် ဆန္ဒမဲ (၇၀) ရာခိုင်နှုန်းကို ချုပ်ကိုင် ထားနိုင်၏။ အီဂျစ် သမ္မတသည် ရွေးကောက်ပွဲတိုင်း နိုင်ပြီး အာဏာရ နေသည်မှာ အနှစ် (၂၀) ကျော်ပါပြီ။ ဇင်ဗာ ဗွေသမ္မတ ရောဘတ်မူဂါဘီ လည်း ရွေးကောက်ပွဲ နည်းဖြင့် အာဏာရ ထားသည်မှာ အနှစ် (၂၀) ကျော်နေ ပြီဖြစ်သည်။

သမ္မတ ရောဘတ်မူဂါဘီ သည် မြန်မာ့ကြံ့ဖွံ့ ကဲ့သို့သော လက်မရွံ့ ခါးပိုက်ဆောင် အရပ်သား အဖွဲ့ကို သုံးပြီး ပြိုင်ဘက်ကို အကြမ်းဖက် သည့် နေရာတွင် နာမည်ကြီး၏။ ရွေးကောက်ပွဲ၌ ပြိုင်ဆိုင်မှုများ လေလေ အာဏာရှင် ၏တုံ့ပြန်မှု ကြမ်းတမ်း ခက်ထန်လေလေ ဖြစ်လာ သည်။ အာဏာ ရှင်ကြီး စိုးသော စနစ်တခု နှင့်တခု အသွင်တူကြ သည်မဟုတ်ပါ။ ပညာ မရှိသော အာဏာရှင်ကြီး စိုးသည့်နိုင်ငံ ရှိသကဲ့ သို့ ပညာတတ် အာဏာရှင် ကြီးစိုး သောနိုင်ငံ လည်းရှိပါသည်။ ထို့ကြောင့် နိုင်ငံရေး စနစ်တခုတွင် ဒီမိုကရေစီ ကျသော အချက်နှင့် မကျသော အချက်ကိုသာ လေ့လာ သင့်သည်ဟု ယူဆသူများ လည်းရှိ၏။

တပါတီ အာဏာရှင် စနစ်များတွင် နိုင်ငံရေး လွပ်လပ်မှု မရှိသော်လည်း တိုင်းပြည် အကျိုးနှင့် ပတ်သက်သည့် ကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး မှုများ ရှိတတ်သည်။ ဥပမာ တရုတ်ပြည်၌ ဒီမိုကရေစီ မရှိသော်လည်း ဒေသဆိုင်ရာ အမှုထမ်းများ အာဏာ အလွဲသုံးစား မလုပ်နိုင်ရန် အရေးယူ ဆောင်ရွက်မှုမျိုး လုပ်လာ ပါသည်။ အစိုးရပေါ်လစီ လမ်းစဉ် ချွတ်ခြုံကျပြီး အဂတိ လိုက်စားမှု များသည့် ဒဏ်ကို တိုင်းသူပြည်သား များ ခံနေရသည့်အတွက် အာဏာကို ကန့်သတ်သော နိုင်ငံရေး ပြုပြင်မှုများ ရှိနိုင် သည်ကို တရုတ်ပြည် က သက်သေပြ နေပါသည်။ ထို့ကြောင့် ဟန်ပြ ရွေးကောက်ပွဲ လုပ်မည့်အစား ပြုပြင်ပြောင်း လဲရေး လုပ်သည်က ပို၍ အကျိုး သက်ရောက်မှုရှိ သည်ဟု ပြောဆိုကြခြင်း ဖြစ်သည်။

တရုတ်အစိုးရ၏ ကျန်းမာရေးလမ်းစဉ် ချွတ်ခြုံကျနေ၍ လူဦးရေတ၀က်ကျော်ခန့် ဆေးမကုနိုင်သည့်အဖြစ် ရောက်နေသည်ကို ပြင်ဆင်လိုက်ပုံသည် စိတ်ဝင်စားစရာကောင်းပါသည်။ တရုတ်ပြည်၌ ဈေးကွက်စီးပွားရေးကျင့်သုံးစဉ်မှစ၍ ငွေရှိမှ ဆေးကုနိုင်သည်။ ငွေကြေးတတ်နိုင်သူနှင့် အစိုးရအမှုထမ်းများသာ ဆေးကုနိုင်ပြိး တောင်သူလယ်သမား သန်း (၇၀၀) ကျော်သည် ဆေးရုံမတက်နိုင်ကြပါ။ ငွေရှိမှ အသက်ရှင်မည့်သဘောမျိုး ဖြစ်နေပါသည်။

ထိုကြောင့် ဈေးကွက်ခေတ် ကျန်းမာရေးစနစ်ကို ပြုပြင်ရန် အစိုးရအကြံပေးအဖွဲ့တခုသည် ၂၀၀၅ ၌ အစီရင်ခံစာတင်သွင်း၍ ပြည်သူ့ကျန်းမာရေးကို ဂရုမစိုက်ပါက အစိုးရကို အပြင်းအထန်ဝေဖန်ရှုတ်ချသည်အထိ ပြည်သူလူထုက တုံ့ပြန်လာနိုင်ကြောင်း ဖော်ပြလိုက်၏။ နောက်မကြာမီ တိုင်းသူပြည်သားတိုင်း တက်နိုင်မည့် အခြေခံပြည်သူ့ကျန်းမာရေးစနစ်ကို စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း တရုတ်အစိုးရက ကြေညာသည်။ နိုင်ငံသူနိုင်ငံသား (၉၀) ရာခိုင်နှုန်းကို (၃) နှစ်အတွင်း ဆေးကုသပေးနိုင်မည့် စီမံကိန်းပင်ဖြစ်သည်။

ဈေးကွက်ခေတ်တွင် တရုတ်နိုင်ငံသားများ အလုပ်လုပ်နိုင်သည်မှာ ကျန်းမာသန်စွမ်းသောကြောင့်ဖြစ်၏။ ဤသည်မှာ မော်စီတုန်းခေတ်၌ ပြည်သူ့ကျန်းမာရေးကို အာမခံချက်ပေးပြီး အခမဲ့ဆေးကုသပေးခဲ့၍ဖြစ်၏။ ထိုကြောင့် တရုတ်အစိုးရသည် ဒေါ်လာသန်းပေါင်း (၈၅,၀၀၀) မတည်၍ ပြည်သူ့ကျန်းမာရေးစနစ်ကို အကောင်အထည်ဖော်နေပါသည်။ ဒီမိုကရေစီ မကျင့်သုံးသော်လည်း ပြည်သူလူထုအကျိုးစီးပွားကို ဂရုစိုက်ကြောင်း တရုတ်ကွန်မြူနစ်က ပြသလိုက်ခြင်းပင်ဖြစ်သည်။

ဗမာစစ်အစိုးရသည်လည်း အတုအယောင်ဆောင် ရွေးကောက်ပွဲဖြစ် ဒီမိုကရေစီအရေခြုံမည့်အစား ပြည်သူ့ဘ၀သာယာဝပြောရေးကို ဦးစားပေးလုပ်ကိုင်ပါက ပြည်သူ့ထောက်ခံမှု ရရှိနိုင်ပါသည်။ လူ့အခွင့်အရေး လေးစားသောအစိုးရသည် ဒီမိုကရေစီအရေခြုံ၍ လူ့အခွင့်အရေးချိုးဖျက်သော ရွေးကောက်တင်မြှောက်ခံအစိုးရထက် သာသည့်သဘောပင်ဖြစ်၏။

No comments: