Wednesday, October 28, 2009

နိုင်ငံကျော်စာရေးဆရာ နီကိုရဲ ဈာပန ပြီးဆုံး

မျိုးချစ်သူ / ၂၈ အောက်တိုဘာ ၂၀၀၉

ယခုလ (၂၄) ရက်နေ့ နံနက်၌ ရန်ကုန်မြို့ လှိုင်သာယာ မြို့နယ် လုမ္ဗနီ အထူး ကုဆေး ရုံတွင် နှလုံး ရောဂါဖြင့်ကွယ်လွန်ခဲ့သည့် စာရေးဆရာ နီကိုရဲ၏ရုပ်ကလာပ်ကို ယနေ့ မွန်းလွဲ (၂) နာရီတွင် ရန်ကုန်မြို့ ရေဝေးသုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့သည်။

စာရေးနီကိုရဲ၏ ဈာပနအခမ်းအနားသို့ နာရေးကူညီမှုအသင်းမှ ဦးကျော်သူနှင့်ဇနီး အပါအ၀င် စာရေးဆရာမ သန်းမြင့်အောင်နှင့် အခြားသောနာရေးကူညီမှုအသင်းသားများ၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီလွင်မိုး၊ သရုပ်ဆောင် မျိုးစန္ဒီကျော်၊ ဟာသသရုပ်ဆောင် ညောင်ညောင်၊ ဒါရိုက်တာ မိုက်တီးတို့နှင့် အခြားသော စာရေးဆရာများ၊ အနုပညာမောင်နှမများ၊ နီကိုရဲကိုချစ်သော ပရိသတ်များ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

ရုပ်ရှင်သရုပ်ဆောင် လွင်မိုးက “သူအောင်မြင်ခဲ့တဲ့ အနုပညာသမားဘ၀နဲ့ သူပေးဆပ်လိုက်ရတဲ့ အချိန်တွေကတော့ နှမြောစရာ ကောင်းပါတယ်” ဟု ၀မ်းနည်းကြောင်း ဆိုသည်။

နီကိုရဲအသုဘအခမ်းအနားတွင် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ၏လွမ်းသူ့ပန်းခြင်းတွင် “နီကိုရဲ..ကမ္ဘာမြေကို ရောက်ခဲ့တဲ့ ရက်ခြင်းတူပေမယ့် မင်းကတော့... ၀ဋ်ကျွတ်သွားပြီ၊ ငါကတော့... ၀ဋ်ခံရင်းနဲ့ ငြိမ်းချမ်းမှုကို ဆက်ရှာရဦးမယ်...။ ရုပ်ရှင်မင်းသား မဟုတ်တော့တဲ့ ...ကျော်သူ” ဟု ၀မ်းနည်းကြောင်းစာ ရေးသားထားသည်။

စာရေးဆရာနီကိုရဲ၏ အမည်ရင်းမှာ ကိုရဲဝင်းဖြစ်ပြီး အဖဦးတင်ဝင်း၊ အမိဒေါ်မြကြည်တို့မှ ၁၉၆၆ ခုနှစ် နိုဝင်ဘာ (၂) ရက်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း (၂) ဦးအနက် အကြီးဆုံးဖြစ်သည်။ ၎င်းသည် ၁၉၉၂ ခုတွင် ရန်ကုန်တက္ကသိုလ်မှ သိပ္ပံ (ရုက္ခဗေဒဘွဲ့ ) ရခဲ့ပြီး အသက် (၂၇) နှစ်တွင် ရုပ်ရှင်အောင်လံမဂ္ဂဇင်း၌ တိတ်ဆိတ်ခြင်းတံတားပေါ်မှာ ၀တ္ထုတိုဖြင့် စာပေလောကသို့ ၀င်ရောင်ခဲ့သည်။

ဟန်သစ်မဂ္ဂဇင်းတွင် ကြည်ပြာရောင်နဂ္ဂတစ်များ၊ ကျတော်နှင့်ချစ်ခြင်းနဂ္ဂတစ်များ အခန်းဆက်ရေးသားရင်းမှ နာမည်ကျော်စာရေးဆရာတဦး ဖြစ်လာခဲ့သည်။

ပင်နီစာအုပ်တိုက်မှထုတ်ဝေသည့် ချစ်ခြင်း၏နဂ္ဂတစ်များ လုံးချင်းဝတ္ထုဖြင့် အရောင်းရဆုံးစာရင်းဝင်ဖြစ်ခဲ့သည်။ လုံးချင်းဝတ္ထု (၃၀) နီးပါး ရေးသားထုတ်ဝေခဲ့သည်။ ရုပ်ရှင်၊ ဗွီဒီယို၊ ရေဒီယို ဇာတ်ညွှန်းပေါင်း (၃၀) ကျော်ရေးသားခဲ့သည်။

နီကိုရဲသည် အိုင်ဒီယာမဂ္ဂဇင်း စတင်တည်ထောင်သော အယ်ဒီတာအဖွဲ့ဝင် တဦးလည်းဖြစ်ပြီး ၎င်းကွယ်လွန်ချိန်တွင် ဇနီး မနိုင်နိုင်ဝင်းနှင့် သား မောင်လင်းမြတ်တို့ ကျန်ရစ်ခဲ့သည်။

No comments: