Friday, October 30, 2009

ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေအားလုံးနှင့်တွေ့ခွင့်ပေးရန် တောင်းဆို

NEJ / ၃၀ အောက်တိုဘာ ၂၀၀၉

နေအိမ် အကျယ်ချုပ် ဖောက်ဖျက် မှုဖြင့် ပြစ်ဒဏ်များ ချမှတ် ခဲ့မှု အပေါ် ဗဟို တရားရုံး ချုပ်တွင် အယူခံ တင်ရန် လျှောက်လွဲချက် မူကြမ်းကို တိုင်ပင် ဆွေးနွေးရန် ၎င်း၏ ရှေ့နေ အားလုံးနှင့် တွေ့ဆုံ ခွင့်ပေးရန် ဒေါ်အောင်ဆန်း စုကြည်က စစ်အစိုးရ အာဏာပိုင် များထံ တောင်းဆို လိုက်သည်။

ဒေါ်အောင်ဆန်း စုကြည်၏ အယူခံ အမှုအတွက် လိုက်ပါ ဆောင်ရွက်ပေး နေသည့် ၎င်း၏ အကျိုးဆောင် ရှေ့နေ (၄) ဦးအနက် ကျန်ရှိ သည့် ရှေ့နေ (၂) ဦး ဖြစ်သည့် ဦးလှမျိုးမြင့်၊ ဒေါ်ခင်ဌေးကြွယ် တို့နှင့် တွေ့ခွင့် မရသည့် အတွက် ယခုကဲ့သို့ တောင်းဆို လိုက်ခြင်း ဖြစ်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

နေအိမ် အကျယ်ချုပ် ကျခံနေ ရသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် ရှေ့နေ (၂) ဦး ဖြစ်သည့် ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း တို့နှင့် ယမန်နေ့က တက္ကသိုလ် ရိပ်သာ လမ်းရှိ ၎င်း၏ နေအိမ်တွင် တွေ့ဆုံခွင့် ရရှိခဲ့သည်။

ဦးဉာဏ်ဝင်းက “ကျနော်တို့ ရှေ့နေ (၄) ယောက် တွေ့ခွင့်တောင်းထားတာ (၂) ယောက်ပဲ ကန့်သတ်ခွင့်ပြုတာ (၂) ခါရှိသွားပြီ။ ဟိုရှေ့ပိုင်းတုန်းကတော့ (၄) ယောက်စလုံး တွေ့ခွင့်ပေးတယ်။ ဒီဟာလည်း ဘာကြောင့်ပြောင်းသလဲ မသိဘူး။ ဒါကိုလည်း ကျနော်တို့ သီးခြားအာဏာပိုင်အဖွဲ့အစည်းတွေကို တင်ဖို့ရှိပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် အယူခံအတွက် ဗဟိုတရားရုံးချုပ်သို့တင်မည့် ပြင်ဆင်မှုများကို ဆွေးနွေးကြပြီး တင်မည့်လျှောက်လွဲချက်မူကြမ်းကို ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သဘောတူပါက တင်ရန်ရှိကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ယင်းသို့ တိုင်ပင်ဆွေးနွေးရာတွင် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏တရားရေးရပိုင်ခွင့်အပေါ် ကန့်သတ်မှုကို ပြောကြားခဲ့ကြောင်း ဦးဉာဏ်ဝင်းက “ဒေါ်စုပြောတာက ရှေ့နေ (၁) ယောက်နဲ့ လုံလောက်တယ်၊ (၂) ယောက်နဲ့ လုံလောက်တယ်ဆိုတာ ပြောခွင့်မရှိဘူးတဲ့။ ရှေ့နေ (၄) ယောက်ဆိုရင် (၄) ယောက်ရဲ့ opinion ကို တောင်းလို့ရတယ်တဲ့။ (၂) ယောက်ဆိုတော့ (၂) ယောက်ရဲ့ opinion ကိုပဲ နားထောင်ရတယ်တဲ့” ဟု ပြန်လည်ပြောဆိုသည်။

ထို့အပြင် အခြားပြောဆိုခဲ့သည့် အကြောင်းအရာများနှင့်ပတ်သက်၍လည်း ဦးဉာဏ်ဝင်းက “မစ္စတာကတ်ဒ်ကင်ဘဲလ် ရောက်မယ်လို့ သူသတင်းကြားတယ်။ တိုက်ရိုက်တွေ့ဆုံမှုတွေနဲ့ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေကို စောင့်ကြည့်နေတယ် ဆိုတာတော့ ပြောပါတယ်။ အကြောင်းအရာအနေနဲ့တော့ ဘာမှ ဒေါ်စုက မပြောဘူး” ဟု ဆိုသည်။

ယခုလောလောဆယ် ဖြစ်ပေါ်နေသည့် အန်အယ်လ်ဒီ ညီလာခံခေါ်ယူရေးကိစ္စနှင့်ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “အန်အယ်လ်ဒီက ညီလာခေါ်ယူဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော့်ကိုမေးတယ်။ ဘာဖြစ်လို့ ဒီလို ဆောင်ရွက်ချင် တယ်လို့ သိရလဲတဲ့။ ကျနော်က ကျနော်တို့ ကြေညာချက်မှာပါတာ ပြောပြတယ်။ သူက ညီလာခံဟာ ဒီစာထဲမှာပါတဲ့အတိုင်းပဲ လုပ်ဖို့ အရင်ကတည်းက ခွင့်မသာတာကို ပြောတယ်။ အခု သူတို့ရဲ့ဆောင်ရွက်ချင်တဲ့ဆန္ဒ ဘာဖြစ်လို့ ဒီလို အခုမှဖြစ်သလဲဆိုတာ သူပြောတယ်။ ဒါပဲ။ ဒီအပေါ်မှာ ဘာမှ ထွေထွေထူးထူးမပြောဘူး။ ကျနော်ပြောနေတဲ့ ကြားနေတဲ့ဟာကို ကျနော်ပြောပြတယ်။ ဒီကိစ္စ ဒေါ်စုသဘောတူလားလို့ တယောက်က ကျနော့်ကိုမေးတယ်။ မေးတော့ ကျနော်က သူ့ကိုပြောတယ်။ ဒေါ်စုက စီအီးစီရဲ့ လုပ်ငန်းတွေကို လုပ်သာလုပ်ပါ။ အဲဒီလုပ်တဲ့လုပ်ငန်း ရှေ့ရောက်နေရင်ကာပေးမယ်။ နောက်ရောက်နေရင် တွန်းပေးမယ်။ ဒါ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ အဲတော့ ဒီစကားအရ ဒီဟာကို ဒေါ်စုသဘောတူသလားဆိုတာ ပြဿနာမပေါ်ဘူးလို့ ကျနော်ဒီလိုဖြေတယ်လို့ ပြောတယ်။ ဒီလိုဖြေတာကို ဒေါ်စုသဘောတူတယ်” ဟု ပြောသည်။

နေအိမ်ပြင်ဆင်ရေးကိစ္စနှင့်ပတ်သက်၍မူ ဒေါ်အောင်ဆန်းစုကြည်က architect နှင့် တွေ့ဆုံနိုင်ရန် ဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းပြောချင်လုပ်ချင်သည့် အိမ်မွမ်းမံပြင်လိုသည်များနှင့် architect ဆွဲထားသည့်ပုံစံများ အကုန်မတူသည့်အတွက် architect ကို တွေ့ဆုံမေးမြန်းရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ပြီးခဲ့သည့် လပိုင်းများအတွင်း မြို့နယ်အဖွဲ့ခွဲများက ပါတီညီလာခံခေါ်ယူရေးနှင့် ပါတီဗဟို ဦးစီးကော်မတီ ပြန်လည်ဖွဲ့စည်းရေး တောင်းဆိုထားမှုအပေါ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က လတ်တလောအားဖြင့် ညီလာခံခေါ်ယူရေး မဖြစ်နိုင်သေးကြောင်း အောက်တိုဘာ (၂၂) ရက်တွင် သဘောထားထုတ်ပြန်ခဲ့သည်။

No comments: