Wednesday, October 21, 2009

သတ်ပုံမှား၍ စစ်ဗိုလ်ချုပ်များ ဒေါသထွက်

အောင်သက်ဝိုင်း Wednesday, 21 October 2009

၁၇ ကြိမ် မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အထိမ်းအမှတ် ထုတ်ဝေသော ပြန်ကြားရေး ၀န်ကြီးဌာန၏ သတင်း လွှာတွင် ပြဇာတ်ပြိုင်ပွဲ အတွက် တပ်မတော်သား ဂုဏ်ပြုပြဇာတ် ၏ အမည်“သားကောင်း ရတနာ” ဟူသော အမည်ကို “သားကောင်း ရတာနာ”ဟု ပြောင်းလဲ ပါရှိသည့် အတွက် စစ်ဗိုလ်ချုပ်များ လွန်စွာ ဒေါသ ဖြစ်နေ ကြကြောင်း သတင်း ရရှိသည်။

အောက်တိုဘာလ ၁၈ ရက်နေ့က နေပြည်တော်တွင် စတင်သည့် ၎င်း ပြိုင်ပွဲများ ကျင်းပမည့်နေရာ၊ အချိန်၊ ပြဇတ်အမည်များ အပါအ၀င်ပြိုင်ပွဲ သတင်းအချက်အလက်များ အသား ပေး ဖော်ပြထားသော အဆိုပါ သတင်းလွှာတွင် ယခုကဲ့သို့ “သားကောင်း ရတာနာ”ဟူ၍ ပြိုင်ပွဲဝင် ပြဇာတ်အမည် ပြောင်းလဲပါရှိသော ကြောင့် စစ်ဗိုလ်ချုပ်များစိတ်ဆိုး ဒေါသထွက်နေခြင်းဖြစ်သည်ဟု နေပြည်တော် ၀န်ထမ်း အသိုင်းအ၀ိုင်းကြား တွင် ပြောဆိုနေကြသည်။

ယင်း သတင်း လွှာကို ပြန်ကြားရေး ၀န်ကြီး ဌာနမှ ဦးစီးသော အဆို အက အရေး အတီး ပြိုင်ပွဲ ပြန်ကြားရေး၊ သတင်း ထုတ်ပြန်ရေး နှင့် လှုံ့ဆော်ရေး ဆပ်ကော်မတီက ဦးစီး ထုတ်ဝေခြင်း ဖြစ်ပြီး ပြိုင်ပွဲများအား လာရောက် ကြည့်ရှုသည့် စစ်ဗိုလ်ချုပ် များနှင့် ပရိသတ် များကို အခမဲ့ ဝေငှခြင်း ဖြစ်ကြောင်း သိရှိရသည်။

“သတင်းလွှာက အခမဲ့ဝေတာ၊ သားကောင်း ရတာနာ ဆိုတဲ့ အရေးအသားပါလာတော့ ဗိုလ်ချုပ်တွေနဲ့ ၀န်ထမ်း အသိုင်းအ၀ိုင်းမှာ တော်တော် ဂယက်ရိုက်သွားတယ်”ဟု နေပြည်တော် အလုပ်သမားဝန်ကြီးဌာန မှ အရာရှိ တဦးက ပြောသည်။

တပ်မတော်သား များကို “သားကောင်းရတနာ” အစား “သားကောင်းရတာနာ” ဟု ဖော်ပြခြင်းသည် မှားယွင်း ရေးသားခြင်း ဖြစ်နိုင် သော်လည်း သတင်းလွှာ ထုတ်ဝေကြသည့် အစိုးရ ၀န်ထမ်းများ အရေး ယူခံရဖွယ် ရှိ သည်ဟုလည်း ၀န်ထမ်းများအကြား ပြောဆို နေကြသည်။


“သားကောင်း ရတာနာ လို့ မှားရေး မိတာလား၊ တမင် ရေးတာလား ဆိုတာတော့ သတင်းလွှာ ထုတ်တဲ့ဝန်ထမ်း တွေပဲသိမှာပါ။ ဒါပေမယ့် ဒီရေး သားချက်ကြောင့် အရေးယူတာ တွေဖြစ်လာနိုင်ပါတယ်၊ ဒါက ဗိုလ်ချုပ်တွေရဲ့ ဒေါသကို ဆွပေး သလိုဖြစ် သွားတယ်” ဟု နေပြည်တော် ၀န်ထမ်း တဦးက ပြောသည်။

လွန်ခဲ့သည့် ၁၉၉၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်ထုတ် ကြေးမုံ သတင်းစာ၌ ၀န်ကြီး ချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ဓာတ်ပုံ အထက်တွင် “ကမ္ဘာကျော် လူလိမ်ကြီးများ”ဟူသော စာလုံးများ ပါသည့် စာတန်းတခု မှား ယွင်း ပါရှိသွား သဖြင့် ယင်းသတင်းစာ တိုက်မှ တာဝန် ရှိသူများ ဖြစ်သော ဦးလှဟန် နှင့် ဦးသာဝင်းတို့ ၂ ဦး သည် စစ်ကြောရေး စခန်းတွင် ခေါ်ယူစစ်ဆေး ခံခဲ့ရာမှ ကွယ်လွန်သွား သည့်ဖြစ်ရပ် ရှိခဲ့ဖူး ကြောင်း သိရသည်။

နေပြည်တော်တွင် ကျင်းပသည့် ယခု အဆို အက အရေး အတီး ပြိုင်ပွဲများကို စစ်အစိုးရဗိုလ်ချုပ်များအားလုံး မဖြစ်မနေ သွားရောက်ကြည့်ရှုရမည်ဟုညွှန်ကြားထားသကဲ့သို့ နေပြည်တော်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများကို လည်း မဖြစ်မနေလာရောက်ကြည့်ရှုရန် အမိန့်ထုတ်ထားသည့်အတွက်ဒေသခံများမှာ စိတ်ပါ သည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ သွားရောက်ကြည့်ရှုနေရသည်ဟုလည်း အထက်ပါ နေပြည်တော်ဝန်ထမ်း က ဆိုသည်။

စစ်အစိုးရက ယင်း အဆို အက အရေး အတီး ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပနေပြီး ယခုနှစ်ကျင်းပသောပြိုင်ပွဲ တွင် ၀င်ရောက် ယှဉ်ပြိုင်မည့်သူနည်းပါးသည့်အတွက် ယခင်နှစ်များက ပြိုင်ပွဲဝင်ဖူးသူများကို လိုက်လံရှာဖွေ ကာ ပြိုင်ပွဲဝင် ခိုင်းကြောင်း သိရှိရသည်။

ယခု ၁၇ ကြိမ်မြောက် အဆို အက အရေး အတီး ပြိုင်ပွဲများကို နေပြည်တော် ပျဉ်းမနား ဒေသရှိ စိုက်ပျိုးရေး တက္ကသိုလ်၊ မွေးမြူရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ်၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနနှင့် အမှတ် ၇ တည်းခိုရေးစခန်းများတွင် အောက်တိုဘာလ ၁၈ ရက်နေ့မှစတင်ပြီး ကျင်းပလျက်ရှိသည်။

No comments: