Thursday, October 22, 2009

ဦးတေဇ ပုဂံ FM လွှင့်မည်

လွင်ကို Thursday, 22 October 2009

မြန်မာ စစ်အစိုးရ နှင့် နီးစပ် သည်ဟု လူအများက ပြောဆို လျက်ရှိသော စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ တည်ထောင် ထားသည့် ထူး ထရေးဒင်းက ပုဂံ FM အမည်ဖြင့် ရေဒီယို လိုင်းတလိုင်းကို ထုတ်လွှင့်ခွင့် ရရှိထားပြီး ၂၀၁၀ နှစ်ဆန်းတွင် စတင် ထုတ်လွှင့် မည်ဟု ကြားသိ ရသည်။

ယင်းFMလိုင်းကို ၎င်းတို့၏ လုပ်ငန်းများ၊ project များ၊ သစ်လုပ်ကွက်များ စသောလုပ်ငန်းများအခြေစိုက်ရာ မကွေးတိုင်းနှင့် ချင်းပြည်နယ်ရှိ ဒေသခံများ နားဆင်နိုင်ရန် စစ်အစိုးရရုံးများ အခြေစိုက်ရာ နေပြည်တော်၊ ပျဉ်းမနားရှိ မြန်မာ့အသံမှ ထုတ်လွှင့်ရန်စီစဉ်နေကြောင်း ထူးထရေးဒင်းကုမ္ပဏီမှ တာဝန်ရှိသူတဦးက ဆိုသည်။

“ပုဂံ FM ကနေပြီး ဒေသခံတွေအတွက် ကျန်းမာရေး၊ ပညာပေးနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေ ထုတ်လွှင့်ဖို့ရှိပါတယ်” ဟု ၎င်းကဆိုသည်။

မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့တွင် ထုတ်လွှင့်မည့် ပုဂံ FM လိုင်းမှာ ပုဂ္ဂလိကလုပ်ငန်းရှင် ပိုင်ဆိုင်သော ငါးခု မြောက် FM လိုင်းတစ်လိုင်းဖြစ်လာမည်ဖြစ်သည်။

စစ်အစိုးရအနေဖြင့် ၂၀၀၉ ခုနှစ် ဧပြီလအတွင်းက ပုဂ္ဂလိကလုပ်ငန်းရှင်များကို FM လိုင်းများ လုပ်ကိုင်ခွင့် ချပေးခဲ့သည်။ ထိုသို့ ချပေးရာတွင် စစ်အစိုးရ အသိုင်းအ၀န်းနှင့် နီးစပ်သည့် လုပ်ငန်းရှင်များသာ ရရှိခဲ့သည်။

“ဦးတေဇ အနေနဲ့ သူ့ရဲ့ စီးပွားရေးတွေ၊ သစ်လုပ်ကွက်တွေ အတွက် အဲဒီဒေသတွေမှာ ၀ါဒဖြန့်ဖို့ဆိုတာ သေချာတယ်။ ဘာလို့ဆိုတော့ ချင်းပြည်နယ်မှာဆိုလည်း သူ့ရဲ့ သစ် လုပ်ကွက်တွေရှိတယ်လေ” ဟု ရန်ကုန် သတင်းဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

ယခုအခါ ဦးတေဇအနေနှင့် ပုဂံ FM ထုတ်လွှင့်ရန် စီစဉ်နေသည့်ပြင် ရုပ်သံလိုင်းတလိုင်း ထုတ်လွှင့်ခွင့်ရရန် ကြိုးစားနေကြောင်းလည်း ၎င်းနှင့် နီးစပ်သူတဦးက ပြောပြသည်။

“ဦးတေဇက ရုပ်သံလိုင်းတလိုင်းရဖို့ ကြိုးစားနေတယ်၊ ချန်ပီယံလိဂ် အပါအဝင် ကမ္ဘာ့ ဘောလုံးပြိုင်ပွဲတွေကို ငွေပေးပြီးကြည့်ရတဲ့ လိုင်း လုပ်မှာ၊ ခု Forever က လွှင့်နေတာမျိုးကိုလုပ်ဖို့ စီစဉ်နေတယ်။ အဲဒါကြောင့် Forever က ဒီနှစ်ကုန်အထိပဲ သုံးလို့ရမယ့် ကတ်တွေကို အသဲအသန် လိုက်ရောင်းနေတာ” ဟု သူကဆိုသည်။

စစ်အစိုးရနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော ပုဂ္ဂလိလုပ်ငန်းရှင်များသည် လက်ရှိတွင် ကြေးစားဘောလုံးအသင်းများ၊ ကိုယ်ပိုင် မီဒီယာများ အပြိုင်အဆိုင် ထူထောင်လာကြပြီး ၎င်းတို့ အကျိုးစီးပွားအတွက် လုပ်ဆောင်လျက်ရှိသကဲ့သို့ စစ်အစိုးရကလည်း အဆိုပါ စီးပွားရေး လုပ်ငန်းရှင်ကြီးများကို ပြန်လည်အသုံးချလျက်ရှိသည်ဟု ရန်ကုန်အခြေစိုက် သတင်းအယ်ဒီတာ တဦးက သုံးသပ်သည်။

“လုပ်ငန်းတွေတခုပြီးတခု လုပ်ခွင့်ရနေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ရွေးကောက်ပွဲ ဝင်ကြမှာလို့လည်း သတင်းထွက်နေတယ်၊ အစိုးရကလည်း သူတို့ကို ပြန်အသုံးချတယ်၊ ဥပမာ - FM တွေကို ပြန်ချုပ်ထားတာမျိုး၊ ဝါဒဖြန့်တဲ့ အသံတွေ လွှင့်ခိုင်းတာမျိုးပေါ့” ဟု ၎င်းက ပြောသည်။

ဆက်လက်၍ သူက ပုဂ္ဂလိက ပိုင် FM များဆိုသော်လည်း မြန်မာ့အသံနှင့် ကင်းကွာ၍ မရနိုင်ကြောင်း၊ မြန်မာ့အသံမှ တဆင့်သာ ထုတ်လွှင့်ရကြောင်း၊ မြန်မာ့အသံ ဝန်ထမ်းများကိုလည်း အဆိုပါ FM များတွင် ခန့်ထားကြောင်း ဆိုသည်။

လက်ရှိမြန်မာနိုင်ငံတွင် ထုတ်လွှင့်နေသော FM များအနက် ပထမဆုံး လွှင့်သည့်လိုင်းမှာ ရန်ကုန်စည်ပင်ပိုင် စီးတီး FM ဖြစ်ပြီး ၂၀၀၁ ခုနှစ်က စတင်ခဲ့သည်။ ၂၀၀၉ ခုနှစ်အတွင်းတွင် Forever Group ပိုင် မန္တလေး FM၊ ရွှေသံလွင်ဆောက်လုပ်ရေးပိုင် ရွှေ FM၊ Red link Communication ပိုင် ချယ်ရီ FM၊ ရွှေတောင်ကုမ္ပဏီပိုင် ပတ္တမြား FM တို့ကို အသီးသီး ထုတ်လွှင့် လျက်ရှိသည်။

No comments: