Saturday, October 24, 2009

ငွေပေးနိုင်သူများကိုသာ ထက်မြက်ထူးချွန်ဖြေရန် ရွေးချယ်

ဖြိုးကြီး

ထက်မြက် ထူးချွန် ဖြေဆိုမည့် ကျောင်းသားများ ရွေးချယ် ရာတွင် ငွေပေးနိုင် သူများကိုသာ ရွေးချယ်လိုက် သည့်အတွက် အခြား ကျောင်းသား မိဘများက မကျေ မနပ်ဖြစ် နေကြသည်။

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမက (၉) မှ ဆရာဆရာမများက ၎င်းတို့ထံတွင် ကျူရှင်တက်ရောက်သည့် ကျောင်းသားများကိုသာ ထက်မြက်ထူးချွန်ဖြေဆိုရန် ရွေးချယ်ခေါ်ယူကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။

“နောက်နှစ်ရက်လောက်ဆိုရင် ထက်မြက်ထူးချွန်ဖြေရမယ့် အချိန်မှာ အတန်းပိုင်ဆရာမတွေက သူတို့ကို ပေးနိုင် ကျွေးနိုင်၊ သူတို့ဆီမှာ ကျူရှင်တက်တဲ့ ကျောင်းသားတွေကို ရွေးခေါ်သွားတယ်၊ ကျူရှင်မတက်တဲ့ ကျောင်းသားတွေကျတော့ စာတော်လည်း မခေါ်ဘဲ ချန်ထားခဲ့တယ်” ဟု ပြောသည်။

ထက်မြက်ထူးချွန် ဝင်ရောက်ဖြေဆိုချင်သည့် အမှန်တကယ် ကြိုးစားထားသည့် ကျောင်းသားကျောင်းသူများမှာ ယခုကဲ့သို့ ဆရာမများ၏ အဂတိလိုက်စားမှုကြောင့် ၎င်းတို့၏ အစွမ်းအစကို ထုတ်ပြခွင့်မရကြတော့ကြောင်း အဆိုပါ ကျောင်းသားမိဘက ဆက်ပြောသည်။

“ဆရာမတွေကိုယ်တိုင်းကလည်း သူတို့ပါးစပ်ကနေ ကျောင်းသူတဦးကို နာမည်လေးခေါ်ပြီး ထက်မြက်ထူးချွန်းမှာ နင်ပါမှ ငါတို့စားရမှာဆိုပြီး ပြောတာကို ကျန်တဲ့ ကျောင်းသားလေးတွေက ကြားပြီး မိဘတွေကို ပြန်ပြောကြတော့ အကုန်သိရတာ” ဟု ပြောသည်။

ယခုကဲ့သို့ ဆရာဆရာမများ၏ လုပ်ရပ်ကြောင့် ကျောင်းသားမိဘများအနေဖြင့်လည်း အပြိုင်အဆိုင် လာဘ်ထိုးမှုများ ပြုလုပ်နေကြသောကြောင့် ငွေကြေးချို့တဲ့သည့် ကလေးငယ်များမှာ အတန်းထဲတွင် မျက်နှာငယ်နေရကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဆရာဆရာမများ၏ အဂတိလိုက်စားမှုနှင့် ဘက်လိုက်နေမှုများကြောင့် မြန်မာနိုင်ငံပညာရေးသည် အရည်အချင်းမရှိဘဲ အတန်းတက်ရသည့် အခြေအနေများ ဖြစ်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

No comments: