Thursday, October 22, 2009

ဒုတိယဗိုလ်ချုပ်ကြီးအုန်းမြင့်သတင်း မြန်မာသတင်းစာရှေ့ဖုံးတွင်ဖေါ်ပြခဲ့

Kaowao အောက်တိုဘာ၂၂၊၂၀၀၉

ကောင်းဝါ(အောက်တိုဘာ-၂၂)။ ။ ကစထမှူး တာဝန်မှ အနားပေး လိုက်ကြောင်း အင်တာနက် သတင်း များတွင် ပြန့်နှံ့ ခဲ့ပြီးနောက် ဒုတိယ ဗိုလ်ချုပ်ကြီး အုန်းမြင့် သတင်း ယနေ့ထုတ် စစ်အစိုးရ သတင်း စာများ ရှေ့ဖုံးတွင် ဖေါ်ပြခဲ့ သည်ကို ဖတ်ရှုခဲ့ ရသည်။


ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးအုန်းမြင့်နှင့်ဇနီး ဒေါ်နုနုဆွေတို့ ကျင်းပဆဲဖြစ်သည့် ဆိုကရေးတီး ပြိုင်ပွဲ၌ မကွေးတိုင်းအဖွဲ့၏ “သားကောင်းရတနာ” ပြုဇာတ်ပြိုင်ပွဲကြည့်ရှုနေသည့်သတင်းကို ဓါတ်ပုံနှင့်တကွဖေါ်ပြ ခဲ့သည်။

မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့၏ စစ်ဆင်ရေး အထူးအဖွဲ့မှူး၊ ကစထ(၆)မှူး ဒုတိယဗိုလ်ချုပ်ကြီး အုန်းမြင့် တာဝန်ဆက်လက်ထမ်းဆောင်နေဆဲဖြစ်ကြောင်း ဖေါ်ပြလိုက်သည့် စစ်အစိုးရသတင်းဖြန့်နည်းတစ်ရပ် သာဖြစ်သည်ဟု အကဲခတ်များက ပြောဆိုနေကြသည်။

ဒု-ဗိုလ်ချုပ်ကြီးအုန်းမြင့် ကချင်ပြည်နယ်မှ ပြောင်းရွှေ့ခံရပြီးနောက် ၄င်းဆွေမျိုးအပေါင်းအပါများ၏ လုပ်ငန်းများ စစ်ဆေးခံရမှုရှိလာပြီး အရက်အလွန်အကျွံသောက်ရာမှ စိတ်ဖောက်ပြန်သွားသည်ဟု ခေတ်ပြိုင်အင်တာနက်၊ အောက်တိုဘာလ ၂၀ ရက်နေ့သတင်း၌ ဖေါ်ပြခဲ့သည်။

၎င်းသည်၂၀၀၃ မှ ၂၀၀၈ ခုနှစ်တွင် မပခတိုင်းမှူးဖြစ်ခဲ့ပြီး နီးစပ်ပတ်သက်ရာဆွေမျိုးသားသမီးများကို လုပ်ငန်းပါမစ် အမျိုးမျိုးခွင့်ပြုခဲ့သဖြင့် မြန်မာစစ်အစိုးရ၌ ချမ်းသာလာသော ဗိုလ်ချုပ်တစ်ဦးဖြစ်လာသည်ကို လေ့လာချက်များအရ သိရသည်။

ယခင် ၁၉၉၄ ခုနှစ် မွန်ပြည်သစ်ပါတီနှင့် ယခင်နဝတစစ်အစိုးတို့ အပစ်အခတ်ရပ်စဲမှုဆွေးနွေးစဉ် ဒု-ဗိုလ်ချုပ်ကြီး အုန်းမြင့်သည် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အခြေစိုက် ခလရ ၆၂ ၌တပ်ရင်းမှူးအဆင့်သာ ရှိခဲ့သည်။

သို့ရာတွင် ၁၉၉၄ ခု၊ ဇူလိုင်လခန့်၌ မွန်ပြည်သစ်ပါတီနှင့် နဝတတို့အပစ်အခတ်ရပ်စဲမှု မအောင်မြင်မီ တတိယ အကြိမ်ဆွေးနွေးပွဲအပြီး ခလရ ၆၂ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးအုန်းမြင့် ဦးစီးစစ်ကြောင်းသည် ဘုရားသုံးဆူ နယ်စပ်မှအပြန်လမ်းကြောင်း၌ ဟလော့ဟနီမွန်ဒုက္ခသည်စခန်း၏အစိတ်အပိုင်းတစ်ခုဖြစ်သော ဗလဲ့ဒုန်ဖိုက်စခန်း ကိုမီးရှို့ဖျက်ဆီးခဲ့သဖြင့် ထိုစဉ်ကပြည်ပသတင်းစာများ၌ ဖေါ်ပြခံရသူတစ်ဦးဖြစ်ခဲ့သည်။

အဆိုပါ ဒုက္ခသည်စခန်းမီးရှို့သော မြန်မာစစ်တပ်လုပ်ရပ်ကို ဘန်ကောက်အာစီယန် အစည်းအဝေးတစ်ခုသို့ရောက် ရှိနေသော နဝတစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဦးအုန်းဂျော်အား နိုင်ငံခြားသတင်းထောက်များမေးမြန်းမှုကြောင့် မဖြေရှင်းနိုင်ဖြစ်ကာ ထိုစဉ်ကအရှက်တကွဲဖြစ်ခဲ့သည့် သာဓကများ ရှိခဲ့သည်။

သာမန်တပ်ရင်းမှူးဘဝမှ တိုင်းမှူးဗိုလ်ချုပ်တစ်ဦးဖြစ်လာသည်အထိ ၁၀ စုနှစ်တစ်ခုကာလပင် မပြည့်ခဲ့သည်ကို ထောက်ရှုခြင်းအားဖြင့် စစ်အစိုးရတပ်ဖွဲ့ဝင်များတွင် ထိပ်ပိုင်းဗိုလ်ချုပ်ကြီးများကို ချဉ်းကပ်နိုင်သူတစ်ဦးဟု ဆိုနိုင်ပါ သည်။

No comments: