Friday, October 30, 2009
ကဲ … ယုံချင် ယုံ၊ မယုံချင်နေ (အပိုင်း - ၄)
အထူးကျွမ်းကျင်တဲ့ စပါယ်ရှယ်လစ် ရှေ့နေ
ရဲစခန်းကတဆင့် ညွှန်ပြလို့ ငှားတဲ့ ရှေ့နေ၊ အမှုပွဲစားတွေက ငှားပေးတဲ့ ရှေ့နေ၊ တရားခွင်စာရေးနဲ့ ဘီးလစ်စာရေးတို့က ညွှန်းတဲ့ ရှေ့နေ၊ တရားသူကြီးကိုယ်တိုင်က ငှားဖို့ပြောတဲ့ ရှေ့နေ အစရှိသဖြင့် အမှုဖြစ်လာပြီဆိုမှတော့ ငွေကုန်ဖို့က နည်းလမ်းပေါင်းစုံနဲ့ ပေါ်လာတာပါပဲ။ …. သေဒဏ်ထိုက်သင့်တဲ့အမှုကို ကျူးလွန်ပြီး ငွေမတတ်နိုင်တဲ့ အမှုသည်တွေအတွက် နိုင်ငံတော်က အစိုးရစရိတ်နဲ့ ရှေ့နေ ငှားပေးပါတယ်။
တကယ်တမ်း ပြောရရင် အထက်တန်း ရှေ့နေ၊ မှတ်ပုံတင်လက်မှတ်ရ ရှေ့နေ၊ တရားရုံးချုပ် ရှေ့နေ အစရှိသဖြင့် ရှေ့နေတွေထဲမှာလည်း အမျိုးမျိုးပါ၊ အထက်တန်းရှေ့နေဆိုတာက မြို့နယ်၊ ခရိုင်၊ ပြည်နယ်နဲ့ တိုင်း အထိပဲ လိုက်ပါဆောင်ရွက်လို့ ရတယ်။
ရန်ကုန်တိုင်းမှာ လိုက်ပါဆောင်ရွက်ဖို့ စာရင်းတင်ထားတဲ့ ရှေ့နေက အခြား ပြည်နယ်နဲ့ တိုင်းမှာ အမှုသွားလိုက်ချင်ရင် လိုက်ပါဆောင်ရွက်ခွင့်ကို သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းမှာ ထပ်မံတင်ပြခွင့် တောင်းရပြီး တရားရုံးချုပ်ရှေ့နေကတော့ တနိုင်ငံလုံးကို လိုက်ပါဆောင်ရွက်နိုင်တယ်။
ဆရာဝန်မှားသွားရင် လူနာက မြေကြီးအောက် ၆ ပေမှာ စန့်စန့်လေးနေရသလို၊ ရှေ့နေ တချက် လျှာချော်သွားရင်လည်း အမှုသည်က လေထဲမှာ ၆ ပေတန်းလန်းနဲ့ ဂန့်ရတယ်ဆိုတဲ့ ဆိုရိုးစကားရှိတယ်လေ။
ဒါကြောင့် ရှေ့နေငှားမယ်ဆိုရင်လည်း စိတ်ချရဖို့ လိုတယ်။ ဥပဒေကို ပိုင်ပိုင်နိုင်နိုင်သိတဲ့ ရှေ့နေဆိုပေမယ့် တရားရုံးနဲ့ မပိုင်ရင်လည်း မဖြစ်သေးဘူးလေ။ ခေတ်နဲ့ စနစ်ကိုက အဲဒီလို ဖြစ်နေတာကိုး။
ဆရာဝန်တွေမှာ အထူးကုဆိုတာတွေ ရှိသလို၊ ရှေ့နေတွေမှာလည်း စပယ်လစ်ရှေ့နေတွေ ရှိပါတယ်။ မူးယစ်ဆေးဝါးမှုဆိုရင် ဘယ်မြို့နယ်မှာ ဘယ်သူ့ကို ငှား၊ လူသတ်မှု ဓားပြမှုဆိုရင် ဘယ်ရှေ့နေကို ငှား၊ စသုံးလုံး အမှုဆိုရင် သူတို့နဲ့ အမြဲတမ်း ထိတွေ့နေတဲ့ ရှေ့နေကို ရှာ၊ မုဒိန်းမှုဆိုရင်တော့ဖြင့် ဘယ်သူက အတော်ဆုံး စသဖြင့် အထူးကျွမ်းကျင်တဲ့သူတွေ ရှိပါတယ်။
ရှေ့နေတွေကလည်း ပေါမှပေါ။ တချို့ဆို နာမည်တူတွေ များလွန်းလို့ တရားရုံးချုပ်က နံပါတ် တပ်ပေးထားတယ်။ ဥပမာ - မောင်မောင်ဆိုတဲ့ အမည်က မြန်မာပြည်မှာ အလွန်အမှည့်များတဲ့ နာမည်ပေါ့။ တရားရုံးချုပ် ရှေ့နေတွေထဲမှာတင် ကျနော်တို့ခေတ်က ၆ ဦးလောက် ရှိတယ်။
အဲဒီတော့ ဦးမောင်မောင် (၁) ၊ (၂) ၊ (၃) စသဖြင့် အမှတ်စဉ်ထိုးပေးလိုက်တာ (၆) ကျတော့ သိပ်အဆင်မပြေဘူး၊ နံပါတ် ၆ လား၊ တခြားထင်စရာလား မဖြစ်ရလေအောင် တချို့ကျတော့ ယူထားတဲ့ ဘွဲ့ထူးတွေနဲ့ ကိုယ့်ဘာသာကိုယ် ခွဲလိုက်တယ်။ ဒေါက်တာမောင်မောင်ကျော်၊ ဦးအုန်းမောင် (စိတ်ပညာ) စသဖြင့်ပေါ့။
တချို့ကျတော့လည်း မိမိရဲ့ မွေးရပ်မြေကို အမည်နောက်မှာ ထည့်လိုက်တာပါပဲ၊ ဦးအေးမောင် (ပန်းတနော်)၊ စိန်ဝင်း (မြင်းခြံ)၊ မျိုးထွဋ် (ညောင်တုန်း) စသဖြင့်ပေါ့ နွားထိုးကြီးတို့ ပြွန်တန်ဆာတို့က ရှေ့နေတွေတော့ မွေးရပ်ထည့်တာ မတွေ့ပါဘူး။ မွေးရပ်မြေကို မချစ်လို့တော့ မဟုတ်ဘူး ထင်ပါတယ်။ ဒါက ရှေ့နေတွေကိုယ်တိုင် ရွေးချယ်ထားတဲ့ နာမည်ပါ။
`အမှုသည်တွေကလည်း လူအမျိုးမျိုး မဟုတ်လား။ ပေးထားတဲ့ အမည်တွေအတိုင်း ခေါ်ချင်မှ ခေါ်တာ။ နောက်ကွယ်ကျရင် ပြောချင်ရာပြောတာ။ ငွေပေးပြီး ငှားထားရတော့ နောက်ကွယ်မှာ ပေးထားတာနဲ့ တန်အောင်ခေါ်လိုက်အုံးမယ်ဆိုပြီး ခေါ်ကြတာပါပဲ။ သူတို့လည်း သူတို့ နာကျည်းချက်တွေနဲ့ကိုး။ ဘယ်တားလို့ ရပါ့မလဲ။
အဲဒီလို ခေါ်ကြတဲ့အထဲမှာ အချို့ ဂုဏ်ထူးဝိသေသတွေက မဆိုးဘူး၊ ခေတ်မီတယ်လို့ ပြောရင် ရတယ်။ မူးယစ်ဆေးဝါးမှု၊ ဓားပြမှုလိုက်တဲ့ ရှေ့နေတွေကို ပေးထားတာက အီတလီ မာဖီးယားဂိုဏ်းက ခေါင်းဆောင်တွေလို ဒွန် ဘယ်သူဘယ်ဝါပေါ့။ အဲဒီရှေ့နေဆို မူးယစ်ဆေးဝါးမှုတွေမှာ စပါယ်ရှယ်လစ်လို့သာ မှတ်၊ ၁၉၈၈ မတိုင်မီက မူးယစ်ဆေးဝါးမှုက များမှ များကိုး။ အဲဒီတော့ ကျွမ်းကျင်သူတွေ ပေါ်လာတာပေါ့။ ဘယ်မြို့နယ်မှာဆို ဒွန် ဘယ်သူကို ငှားလိုက်ပေါ့။
မုဒိန်းမှုတွေလိုက်တဲ့ ရှေ့နေတွေကျတော့ သိပ်မသက်သာလှဘူး။ ကျနော်တို့ခေတ်တုန်းက မုဒိန်းမှုတွေဆို ရဲကနေ အငြိမ်းစားယူပြီး၊ ရှေ့နေလိုက်တဲ့ သူတွေက အဲဒီအမှုတွေကို ရတာများတယ်။ စေ့စေ့ပေါက်ပေါက် မေးရတာရယ်၊ နောက်ပြီး စွပ်စွဲတဲ့သူ၊ ကျူးလွန်ခံရတဲ့ အမျိုးသမီးက အမှန်အကန်လား၊ အကြံအဖန်လား ဆိုတာတွေကို သူတို့က ရဲလုပ်သက်တွေအရ သိပြီးသားဆိုတော့ အဲဒီတချက်က သူတို့အတွက် တပန်းသာတာပေါ့ဗျာ။
တခါက ရဲဝန်ထောက်ဟောင်း တရားရုံးချုပ် ရှေ့နေတဦးဆို မေးရင်းမေးရင်း အာတွေ့သွားလို့ တရားရုံးချုပ်က လိုင်စင် ၂ နှစ် အနားပေးတာ ခံလိုက်ရတာတွေလည်း ရှိတယ်။
ပါးစပ်လိုင်စင် ရပြီဆိုပြီး ပြောချင်တာပြောလို့တော့ မရဘူး။ ကန့်သတ်ချက်တွေကိုလည်း သတိထားမှ။ အဲဒီရှေ့နေတွေကိုတော့ အမှုသည်တွေက မုဒိန်းကို ရှေ့က တပ်ရင်တပ်၊ ဒါမှမဟုတ်ရင် နောက်က တပ်ပေးလိုက်တာပဲ။ မုဒိန်း ဘယ်သူဘယ်ဝါပေါ့ဗျာ။
အဲဒါကြောင့် သိပ်မကောင်းဘူး ပြောတာ။ တခါက ပန်းပဲတန်းမြို့နယ်မှာ နာမည်ကြီးအရိုးအကြောကု ဆရာကြီးနဲ့ နာမည်ကြီး ဗေဒင်ဆရာတို့ ၂ ဦးရဲ့ အမှုကို လိုက်ပေးတဲ့သူဆို အမှုသည်တွေ အမှုက ကွင်းလုံးကျွတ်လွတ်ကုန်လို့ အဲဒီဘွဲ့ကို မယူချင်ဘဲနဲ့ အပ်နှင်းခံလိုက်ရတယ်။
နောက်တခါ ခေတ်အခြေအနေက မကောင်းတော့ ငွေရလွယ်တဲ့ အလုပ်လုပ်ကိုလုပ်ကြရတဲ့ အမျိုးသမီးတွေလည်း အမျိုးမျိုးပဲ။ ဒါတောင် အခုခေတ်လို မိုတယ်တွေ၊ နိုက်ကလပ်တွေ မရှိလို့ ကျနော်တို့ခေတ်က စားသောက်ဆိုင်တွေနဲ့ လေအေးသာတို့လောက်ပဲ ရှိတာ။ ညဘက် ဆူးလေလမ်း၊ ကမ်းနားလမ်း၊ လမ်း ၃ဝ ၊ ဦးဝိစာရလမ်းနဲ့ သင်္ဃင်္န်းကျွန်း ဘိုမတို့လို နေရာတွေလည်း ရှိတော့ အဲဒီအမှုတွေကလည်း အများသား။
မြို့နယ်တွေအလိုက် ရှိကြပေမယ့် အများဆုံးလို့ ပြောလို့ရတာက ပန်းပဲတန်းနဲ့ ကျောက်တံတားမြို့နယ်တွေမှာပါ။ အဲဒီအမှုတွေမှာလည်း စပါယ်ရှယ်လစ် အထူးကျွမ်းကျင်တဲ့ ရှေ့နေတွေ ရှိတယ်။ မှောင်ရိပ်ခိုတာ မဟုတ်ဘူး။ တူတူပုန်းတမ်း ကစားနေတာပါ ဆိုတာတွေပေါ့၊ အဲဒီရှေ့နေတွေကျတော့ ပိုပြီးဆိုးတယ်။
ဘွဲ့ထူးကို အားမနာပါးမနာ အမှုသည်တွေက ပေးလိုက်တာများ ဘယ်သူဘယ်ဝါပေါ့ဗျာ။ သူ့ခမျာလည်း နာမည်သာဆိုးတာပါ၊ ရုံးလာရင် သူ့အနားမှာ အရွယ်စုံ၊ ဆိုက်စုံ ဝိုင်းအုံနေလိုက်တာများ တခါတခါ မထင်ရတဲ့သူတွေပါ တွေ့ရသေးတယ်။
အထူးကျွမ်းကျင်တဲ့ ရှေ့နေတွေကိုလည်း သိရပြီဆိုမှတော့ ငှားရတော့မှာပေါ့။ ရှေ့နေခလား … ဒါလည်း အမျိုးမျိုးပဲ။ နေ့တွက်နဲ့လိုက်တဲ့ ရှေ့နေရှိတယ်။ သူက ရုံးချိန်းရက်တွေမှာ ခရီးစရိတ် အပြီးအငြိမ်းတခေါက်ကို ဘယ်လောက်ပေး … ဆိုတာမျိုးပေါ့။ အမှုသည်တွေက မတတ်နိုင်ရင် ရှေ့နေတချို့လည်း သနားပြီး၊ အဲဒီလို လိုက်ပေးရတာပဲ။
ပေးတဲ့အခါ ပေး၊ မပေးတဲ့အခါလည်း မပေးတဲ့ အမှုသည်လည်း ရှိပါတယ်။ ပုတ်ပြတ်နဲ့လိုက်တဲ့ ရှေ့နေရှိတယ်။ သူကတော့ အမှုကို မြို့နယ်ရုံးမှာ အပြီးအထိ လိုက်ပါဆောင်ရွက်ပေးမယ်။ ဘယ်ရွေ့ဘယ်မျှပေါ့။ ဒီနေရာမှာ တရားရုံးချုပ်ရှေ့နေတွေက အမြင့်ဆုံးတရားရုံးထိ လိုက်ပါဆောင်ရွက်ပေးမယ်၊ ဘယ်လောက်ဆိုပြီး တောင်းတာလည်း ရှိတယ်။
တချို့ရှေ့နေကတော့ ရှင်းတယ်။ တရားရုံးကို ပေးစရာရှိတဲ့ကိစ္စ ခင်ဗျားတို့ ဘာသာလုပ်။ ရှေ့နေကတော့ ဥပဒေဘောင်ထဲက ကိစ္စတွေကို အကုန်ပြည့်စုံအောင် မေးမြန်းစစ်ဆေးပေးမယ်လို့ ပြောတာရှိတယ်။ တချို့ရှေ့နေက အဲဒီလိုမဟုတ်ဘူး။
တရားသူကြီးနဲ့ ရုံးကိစ္စအားလုံးအတွက် ဘယ်လောက်ပေးရမယ်၊ ရှေ့နေခက ဘယ်လောက် စသဖြင့်လည်း ပြောတတ်တယ်။ အမှုစစ်နေရင်းကနေ တရားရုံးဆုံးဖြတ်ချက်တွေကို မကျေနပ်လို့ အယူခံ၊ ပြင်ဆင်တက်ရရင် ငွေထပ်ပေးရပါတယ်။
အဲဒါကိုတော့ တသီးစား၊ နှစ်သီးစား စသဖြင့် တရားရုံးအဆင့်ဆင့်ပေါ်မှာ မူတည်ပြီး ထပ်မံငွေပေးရပါသေးတယ်။ ဥပဒေပညာနဲ့ အသက်မွေးတဲ့ ရှေ့နေတွေကတော့ တရားရုံးအဆင့်ဆင့်အတွက် ခရီးစရိတ်ကလွဲလို့ ထပ်တောင်းတာ မရှိပါ။ တချို့တချို့သော ရှေ့နေတွေကတော့ မိုးပေါ်ထိတက်လည်း ငွေထပ်တောင်းဦးမှာပါပဲလို့ ပြောလိုက်ပါရစေ။
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment