(က)
“စိန်ခေါ်နေတဲ့လမ်း ဆူးခင်းနဲ့
စီးချင်းထိုးကာ မြေလှန်ပစ်ပြီးတော့
စိုပြည်နိုင်မယ့် နည်းလမ်း
ရှိလျက်နဲ့ မနီးစပ်သေးခင် ရှာဖွေနေဆဲက
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်
တိတ်တဆိတ် ရောက်လာတယ် ……”
(ခိုင်ထူး၏ …. အိမ်အလွမ်း)
“စိန်ခေါ်နေတဲ့လမ်း ဆူးခင်းနဲ့
စီးချင်းထိုးကာ မြေလှန်ပစ်ပြီးတော့
စိုပြည်နိုင်မယ့် နည်းလမ်း
ရှိလျက်နဲ့ မနီးစပ်သေးခင် ရှာဖွေနေဆဲက
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်
တိတ်တဆိတ် ရောက်လာတယ် ……”
(ခိုင်ထူး၏ …. အိမ်အလွမ်း)
ကျနော့်တွင် အလွမ်းစိတ်က ဝမ်းစာအပြည့် ထိုးသိပ်ထည့်ထားခဲ့သည့်ဟန် ရှိ၏။ ထစ်ကနဲရှိ အလွမ်းစိတ်က နိုးကြွလာပြီး …. လွမ်း ….။ လွမ်းနေတတ်၏။ လွမ်းဆွတ်မိသည်မှာလည်း အကြောင်းအရာအမျိုးမျိုးမဟုတ် ….။ တခုတည်းကိုသာပင် ….. တမ်းတမ်းတတ ….. စူးစူးနစ်နစ် ….. လွမ်းမောမိခြင်း …..။ လွမ်းမောရသည့် အိမ်အလွမ်း….။
ဤအိမ်တွင် ကျနော့်မိဘများနှင့်၊ ကျနော့်အထက် မွေးချင်းမောင်နှမတို့ မည်မျှကြာမြင့်စွာကပင် နေထိုင်ခဲ့ကြသည်ကို ကျနော်မသိ….။ အိမ်၌ရှိနေခဲ့စဉ် ကာလများတွင်လည်း စူးစမ်းစရာကိစ္စတရပ်အဖြစ်လည်း မယူဆမိ၍ မမေးစမ်းမိခဲ့…..။ ကျနော်သိသည်က …. ဤအိမ်တွင်ပင် ကျနော့်ကို မွေးဖွားခဲ့၏။ ဤအိမ်တွင်ပင် တရွေ့ရွေ့နှင့် ကျနော် ကြီးပြင်းခဲ့၏။
မုတ်သုန်မိုးစွေလျှင် …. အိမ်၏ အနောက်ဘက်ရှိ တံခါးများကို ပိတ်ထားရ၏။ အနောက်တောင် မုတ်သုန်လေသည် အားနှင့်မာန်နှင့် မိုးရေစက်တို့ကို တွန်းထိုး၍ အိမ်အတွင်းသို့ ပက်ဖျန်းတတ်၏။ မြန်မာပြည်အောက်ပိုင်း ကမ်းမြောင်ဒေသဖြစ်၍ မုတ်သုန်မိုးက အားသန်၏။ ရွာပြန်လျှင် ….သွန်းဖြိုးမစဲတော့….။
ပြီးလျှင်…. ဖွဲဖွဲနှင့်စွေသော မိုးမဟုတ်…၊ သည်းသည်းမည်းမည်းနှင့် မိုးသားပါပါ ရွာသောမိုး…..။ မုတ်သုန်ရာသီ တလျှောက်လုံး … အိမ်သည် မိုးရေစက်များအောက်၌ ကုပ်၍ဝပ်နေရ၏။ တခါတရံ အုတ်ကြွပ်အချပ်များကြားမှ မိုးရေစက်တို့က စီး၍ကျတတ်၏။ ဤတွင် ကျနော့်အထက် အကိုများက ရေစီးကြောင်းများ စီးနေသည့် အုတ်ကြွပ်ချပ်များအကြား သွပ်ပြားချပ်ငယ်လေးများကို ထိုးသွင်း၍ ခေါင်းမိုးကို ဖာထေးကြရ၏။
ရာသီအကူးအပြောင်းက သိမ်သိမ်မွေ့မွေ့နှင့်ပင် ကူးပြောင်းတတ်၏။ မြောက်ပြန်လေသည် အိမ်၏နံဘေး တံခါးရွက်များကြားမှ စိမ့်၍တိုးဝင်လာပြီဆိုလျှင် ….. အနောက်တောင်လေသည် အားလျော့၍ တရွေ့ရွေ့ ဆုတ်ခွာလေပြီဟု နားလည်မိ၏။
အိမ်မှ မြောက်ပြန်လေသွေးရာ အရပ်သို့ မျှော်ငေးကြည့်လျှင် ….. ပြာမှိုင်းမှိုင်း တောင်သွယ်တန်းတို့ကို တွေ့ရ၏။ မြူတို့နှင့် ရစ်ဆိုင်းခံထားရသည့် မှိုင်းညို့သော တောင်ပြာတန်းက အဖြူတရစ်၊ ပြာမှိုင်းမှိုင်းတရစ်နှင့် မြင်ရသည်မှာ အမြင်တွင် ပသာဒရှိလှ၏။
မှိုင်းညိုပြာရီသော တောင်တန်းကြီးများပေါ်တွင်က ….. ကရင်ပြောက်ကျားတို့ ရှိ၏။ ဖာပွန်အရပ်ဆီမှ မြစ်ဖျားခံ၍ စီးဆင်းလာသော မြစ်တစင်းသည် မြို့ငယ်လေးအား ရစ်ပတ်၍ ခေါင်းလောင်းပုံသဏ္ဍာန်ရှိသည့် စစ်တောင်းမြစ်ဝဆီသို့ တိုးဝင်၏။
မြစ်က တောင်ပြာတန်းနှင့် မြို့အကြားတွင် “ကြား” အဖြစ် ရစ်ခွေ၍ထား၏။ မိုးအခါ၌ မြစ်ပြင်သည် တောင်ကျရေများကြောင့် ကမ်းလုံးအပြည့်၊ ရေဖွေးဖွေးနှင့် ပင်လယ်ပြင်အလား….။ ကူးရသန်းရခက်၏။
ဆောင်းနှောင်း၊ နွေဦးနေ့ရက်များတွင်မူ….. မြစ်ပြင်သည် ရေသားနည်း၍ ရေပြင်ကကျဉ်း၏။ အချို့နေရာများတွင်၊ရေသားထုက ခါးလယ်၊ ပေါင်ရင်းမျှပင် မရှိ…..။ ရေစီးက ဆင်မယာဉ်သာ…..။
နွေဦးသည် အမြဲလိုလိုပင် ….. တိတ်ဆိတ်စွာနှင့် ရောက်လာတတ်၏။ နွေဦးနှင့်အတူ ကရင်ပြောက်ကျားတို့သည်လည်း ပြာမှိုင်းသော တောင်တန်းကြီးများပေါ်မှ ဆင်းလာတတ်ကြမြဲ…..။ မြစ်ကိုဖြတ်ကူးကာ ….. မြို့သိမ်းထိုးစစ်ကို ဆင်နွှဲ၏။
ကရင်ပြောက်ကျား စစ်သည်တော်များ၏ ကျွဲချိုမှုတ်သံများ၊ မောင်းပြန်ရိုင်ဖယ်သေနတ်သံများနှင့် မြို့လေး၏ နွေဦးညများသည် နွေကြိုလွတ်မြောက်တေး သီကျူးနေသကဲ့သို့…..။
ထိုညများတွင် ကျနော်တို့သည် အိမ်အတွင်းမှဆင်း၍ အိမ်အောက်ရှိ ဗုံးခိုကျင်းများတွင် ခိုရင်း….. ပြည်တွင်းစစ်၏ ညည်းတွားသံအား ရင်မောစွာနှင့် နားစွင့်၍နေကြရ၏။ အမေ့ရင်ခွင်တွင် ခေါင်းမှီရင်း …. ဗုံးခိုကျင်းလေးအတွင်းမှ …. ဗိုလ်စိုး ….. ဗိုလ်ကျော်ဟိုး….ဗိုလ်စိန်ထီး၊ နော်တလုံးစိန်….စသည့် ကရင်ပြောက်ကျား စစ်သည်တို့၏ အမည်များနှင့် ရင်းနှီးခဲ့ရသည်။
သို့သော် ….. တမိုးသောက်၍ တနေ့ကူးသော် …. မြို့လေးသည်က တလိုင်းတို့လက်၌ ကျန်ရစ်မြဲ…..။ လွတ်မြောက်တေးချင်းသံတို့က …. ဝေး၍ …. ဝေး၍ တိုးတိတ်သွားမြဲ….။
ကျနော် …. ဤအိမ်တွင် …… ၂၁ နှစ်တိုင်တိုင် နေထိုင်ခဲ့၏။ ပြီးလျှင် ….. ဤအိမ်သို့ ပြန်မရောက်နိုင်ခဲ့သည်မှာလည်း …. လာမည့်နွေဦးဆိုလျှင် ….. ၂၁ နှစ်တိုင်တိုင် ရှိလေပြီ။ အိမ်ကိုက … လွမ်းမောရဆဲ။
“အမျှော်တွေ ဆန့်ထုတ်ရင်တောင်
ကမ္ဘာတသန်း ရှည်ဦးထင်ရဲ့။
အဝေးရဲ့ အဝေး အဝေး တဖက်မှာ
ဝေးရတာကြာတဲ့ အာသီသတခု ရှိနေတယ်။
ပြက္ခဒိန်တွေ လိမ်ညာနေမိတဲ့အထိ
အချိန်တွေ ထွက်ကျနေစေချင်တယ်။
အမေအိုရဲ့ မျက်ညိုကွင်းချိုင့်ချိုင့်ထဲ
မျှော်လင့်စကားလေး တလက်လက်
မနက်တွေ ခဏခဏ လင်းစေချင်တယ်။
ဝင်းတံခါးတောင် မပိတ်စေချင်ဘူးပေါ့။
ညနေတိုင်း
ညနေတိုင်း
ညနေတိုင်း
ထမင်းဝိုင်း မသိမ်းဖြစ်တာ ကြာပါပကော။
(စည်သူငြိမ်း၏ အိမ်အပြန်)
(ခ)
“ ပလပ်စတစ်အကြည်သားပေါ်
တိမ်တွေ ရေးဆွဲချလိုက်ပြီ
တိမ်အိမ်ကလေး ဆောက်ကာဝင်လိုက်မိ
ဘယ်လိုမှ ပြန်ထွက်မရတော့ဘူး။
(မောင်ချောနွယ်၏ အိမ်)
ကမ္ဘာတသန်း ရှည်ဦးထင်ရဲ့။
အဝေးရဲ့ အဝေး အဝေး တဖက်မှာ
ဝေးရတာကြာတဲ့ အာသီသတခု ရှိနေတယ်။
ပြက္ခဒိန်တွေ လိမ်ညာနေမိတဲ့အထိ
အချိန်တွေ ထွက်ကျနေစေချင်တယ်။
အမေအိုရဲ့ မျက်ညိုကွင်းချိုင့်ချိုင့်ထဲ
မျှော်လင့်စကားလေး တလက်လက်
မနက်တွေ ခဏခဏ လင်းစေချင်တယ်။
ဝင်းတံခါးတောင် မပိတ်စေချင်ဘူးပေါ့။
ညနေတိုင်း
ညနေတိုင်း
ညနေတိုင်း
ထမင်းဝိုင်း မသိမ်းဖြစ်တာ ကြာပါပကော။
(စည်သူငြိမ်း၏ အိမ်အပြန်)
(ခ)
“ ပလပ်စတစ်အကြည်သားပေါ်
တိမ်တွေ ရေးဆွဲချလိုက်ပြီ
တိမ်အိမ်ကလေး ဆောက်ကာဝင်လိုက်မိ
ဘယ်လိုမှ ပြန်ထွက်မရတော့ဘူး။
(မောင်ချောနွယ်၏ အိမ်)
ဤအိမ်လေးအတွင်းမှ ကျနော် ဒီညနောက်ဆုံး အပြီးအပိုင်ထွက်ခွာရပေလိမ့်မည်။ “အပြီးအပိုင်” ဟု ဝေါဟာရကို ရွေး၍ ကျနော် သုံး၏။ မှန်သည်…..။ ကျနော် ဤအိမ်လေးမှ ထွက်ခွာသွားသည်နှင့် ဤအိမ်လေးကို ကျနော်ကိုယ်တိုင်ပင် မီးရှို့ဖျက်ဆီး၍ ထွက်ခွာသွားရမည်ဖြစ်၍ အပြီးအပိုင်ထွက်ခွာသွားရမည်ဟု သုံးလိုက်ခြင်း ဖြစ်၏။
“နော်တ” တောင်တန်းပေါ်မှ ပြိုဆင်းလာသည့် မြူနှင်းဖွဲ့များက အဆုပ်၊ အဆုပ်လိုက် ….. အုပ်ဖွဲ့၍ အိမ်ငယ်လေးကို ဖုံးဖိထားရန် လုံ့လထုတ်၍နေ၏။ အေးစက်စက် အထိအပွေ့က မှောင်ရိပ်ခို၍ အိမ်ငယ်လေးအတွင်းသို့ လက်ရဲဇက်ရဲနှင့် ဝင်လာ၏။
ညငှက်အချို့ အိမ်ငယ်လေးပေါ်မှ ဖြတ်၍ ပျံသန်းသွားကြ၏။ အတောင်တူငှက်တို့၏ ပျံသန်းမှုက …. အေးစက်သော ကောင်းကင်တွင် အားမာန်အပြည့်နှင့် အသော့နှင်လေဟန် …..။ သောင်းရင်းမြစ်ပြင်အတွင်းမှ ဖြတ်မောင်းသွားသည့် စက်လှေသံကို မြောက်ပြန်လေနှင့်အတူ သဲ့သဲ့ကြားရ၏။
အိမ်ဟု ဆိုသော်လည်း ၈” x ၁၀” အရွယ်၊ အင်ဖက်မိုး၊ သဲပွက်ခင်း၊ သဲပွတ်ကာ တဲငယ်လေးဖြစ်သည်။ “နော်တ” တောင်တန်းကြီး၏ တခုသော တောင်စွယ်တန်းအခြေတွင် ကမ်းပါးယံကို မြေညှိ၍ ဆောက်ထားသဖြင့် အိမ်ငယ်လေးသည် တောင်ကမ်းပါးယံကို ဖက်တွယ်၍ တွယ်ကပ်ထားသကဲ့သို့…..။
အိမ်မှ ဆင်ခြေလျှောလေးအတိုင်း ဆင်းလျှင် ….. ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရအဖွဲ့ NCGUB ၏ အိပ်ဆောင်နှင့် စားရိပ်သာ ….။ ပြီးလျှင် ….. အောက်တဆင့်၌က ….. ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရအဖွဲ့၏ ရုံး …..။ ရုံးအဆောက်အဦးက အပြီးမသတ်သေး ….။ တံခါးဘောင်တို့က ခွေထားပြီးဖြစ်သော်လည်း တံခါးရွက်များကို မတပ်ဆင်ရသေး …..။ ကြမ်းခင်းနှင့် နံရံတို့တွင်လည်း ဘိလပ်မြေ အချောမကိုင်ရသေး…..။ ရုံး၏ အခြားတဖက်တွင်မူ …. “နော်တ၊ ထီးသခီး-မာနယ်ပလော” ကားလမ်း….။ အိမ်ငယ်လေးပေါ်မှကြည့်လျှင် ….. ကားလမ်းသည် နီညိုညိုမြွေကြီး တကောင်အလား တွေ့ရ၏။
ဤအိမ်လေးသို့ ကျနော် စရောက်သည့်အချိန်တွင် အိမ်ငယ်လေးက လူသူမနေ၊ ကင်းမဲ့နေသည်မှာ လပေါင်းများစွာ ရှိသည့်ဟန်ရှိ၏။ ခေါင်ရိုးက ပြုပ်၍နေသည်။ အိမ်အရှေ့ တံစက်မြိတ်က ပြိုပျက်လျက် …။ အခင်းသဲပွတ်ချပ်များက ကျိုးပျက်၍ အပေါက်အပြဲများနှင့်….။ ဝါးပေါသဖြင့် ….. သဲပွတ်ပေါက်ရသည်မှာ မခက်ခဲ….။
အခင်းကို အသစ်ပြန်ခင်း၏။ တံစက်မြိတ်အားပြင်၏။ ခေါင်မိုးအားအသစ်ပြန်မိုးရ၏။ ခေါင်ရိုးအား အသစ်ထပ်မံ၍ ချုပ်ရ၏။ အိုဟောင်းမှုက …. အသစ်…. အသစ်တို့နှင့် အစားထိုးလိုက်သည့်အတွက် …. သစ်….သစ်၊ ခိုင်…ခိုင် ပြန်ဖြစ်၍လာသည်။
ဤအိမ်လေးအတွင်းမှနေရင်း …. အသံဖမ်း တိပ်ရီကော်ဒါပါသည့် လှိုင်းတိုလေဒီယိုလေးနှင့် မြန်မာ့အရေး လေ့လာ၏။ ကမ္ဘာအရေး နားစွင့်၏။ ပြီးလျှင် …. အသံဖမ်းကြိုးခွေနှင့် ဖမ်းယူကြ၏။ ထိုမှ …. အိုလံပီယာ လက်နှိပ်စက်ကြီးနှင့် စာရွက်ပေါ်သို့ မြန်မာ့အရေး၊ ကမ္ဘာ့အရေး တင်ကြ၏။
ကျနော်သည် နေ့တဓူဝပင် …. ဤအိမ်လေးအတွင်းမှ မြန်မာ့အရေး၊ ကမ္ဘာ့ရေးရာ သတင်းဖိုင်တွဲကို နေ့စဉ်ပင် ပြုစုခဲ့၏။ ၄ နှစ်ဟူသော ကာလက ပြန်ပြောင်း၍ ကြည့်လျှင်မူ…. ခဏငယ်လေးပမာ…..။ တိုတောင်းလွန်းလှ၏။
န-နာရီ….။ ဤအိမ်ငယ်လေးအတွင်းမှ ကျနော်တို့ ဆုတ်ခွာကြရမည့် နောက်ဆုံးအချိန်နာရီက ကျဉ်း၍ကျဉ်း၍ တိုးကပ်လာ၏။
“နော်တ” ခံစစ်စည်း ကျိုးပေါက်ပြီးသည့်နောက်တွင် ….. “ထီးသခီ” သည် မည်မျှအထိ …. မာနယ်ပလောကို လုံလုံခြုံခြုံနှင့် ကာဆီးထားနိုင်လေမည်နည်း….။
“နော်တ” တောင်တန်းကြီးပေါ်မှ ပေါက်ကွဲသံများ ကြားရ၏။ ပေါက်ကွဲသံများအကြားမှ လက်နက်ငယ် ပစ်ခတ်သံများကိုပါ ကြားလာရ၏။
န-နာရီ….။
ကျနော်….. ဤအိမ်လေးအား ကျောခိုင်းလိုက်ရပြီ…..။
“မိန်ရာသီရဲ့စန်း နက္ခတ်နဲ့
လိုက်လို့ညှိကာ အဖြေပြန်တွက်ပြီးတော့
အမေအို မျှော်မယ်မှန်းလည်း သိလျက်နဲ့
ခရီးကြမ်းဖြတ်ကာ ပြန်မလာနိုင်သေးခင်
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်
တိတ်တဆိတ် ရောက်လာတယ်…..”
(ခိုင်ထူး၏ …. အိမ်အလွမ်း)
လိုက်လို့ညှိကာ အဖြေပြန်တွက်ပြီးတော့
အမေအို မျှော်မယ်မှန်းလည်း သိလျက်နဲ့
ခရီးကြမ်းဖြတ်ကာ ပြန်မလာနိုင်သေးခင်
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်
တိတ်တဆိတ် ရောက်လာတယ်…..”
(ခိုင်ထူး၏ …. အိမ်အလွမ်း)
(ဂ)
ကျနော့်တွင် အလွမ်းစိတ်က ဝမ်းစာအပြည့် ထိုးသိပ်ထည့်ထားခဲ့သည့်ဟန် ရှိ၏။ ထစ်ကနဲရှိ အလွမ်းစိတ်က နိုးကြွလာပြီး …. လွမ်း …. လွမ်းနေတတ်၏။ လွမ်းဆွတ်မိသည်မှာလည်း အကြောင်းအရာအမျိုးမျိုးမဟုတ်….။ တခုတည်းကိုသာပင် ….. တမ်းတမ်းတတ ….. စူးစူးနစ်နစ် ….. လွမ်းမောမိခြင်း …..။ အိမ်ကိုလွမ်းသည့် အိမ်အလွမ်း….။ အလွမ်းနှင့်အတူ ….မြို့အဝင်ညကို ရှာဖွေဆဲ….။ မြို့အဝင်လမ်းက ….. ကျွဲချိုကူသံတို့နှင့် လွတ်မြောက်ရေးတေး ဟစ်ကြွေးရင်းနှင့် လျှောက်လှမ်းမည့် မြို့အဝင်လမ်း…..။ နီယွန်မီးရောင်များ ထိန်ညီးမည့် မြို့အဝင်ည….။ အနာဂတ်သည် ညအမှောင်၌ပင် တောက်ပ၍ ပြိုးပြိုးပြက်ပြက်…..။
အလွမ်းစိတ်က ….. နင့်နင့်သည်းသည်း တိုးဝင်လာပြန်၏။
No comments:
Post a Comment