Thursday, October 29, 2009

မြန်မာစစ်အစိုးမှ အင်အားတိုးမြှင့်ရန် ပြည်သူ့စစ်ဖွဲ့စည်းခိုင်း

မင်းအာသံ

နိုင်ငံတော် အရံ အင်အား မြင့်မားလာရေး အတွက် မြန်မာ စစ်အစိုးရက မွန်ပြည် နယ်ရှိ မြို့နယ် ကျေးလက် ဒေသ အသီးသီးတွင် ပြည်သူ့ စစ်တပ် ဖွဲ့စည်းခိုင်း နေသည်ဟု သိရပါသည်။

ကျိုက်မရောမြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ် စသည့် မြို့နယ်ရှိ ကျေးရွာများကို အာဏာပိုင်များက ကျေးရွာပြည်သူ့စစ်တပ် ဖွဲ့စည်းရန် တိုက်တွန်းထားသည်။

“ကျေးရွာပြည်သူ့စစ်နဲ့ ပတ်သက်တဲ့ကိစ္စကတော့ ကြားတာ ကြာနေပြီ၊ ဒါပေမယ့် တစ်ရွာကို ဘယ်နှစ်ယောက် ယူမလဲ သေသေချာချာ မသိသေးဘူး။ ရွာအတွင်းမှာ ပြည်သူ့စစ်တပ် မဖွဲ့မနေရ အာဏာပိုင်တွေက ပြောထားတယ်” ဟု မုဒုံမြို့မှ ဘုန်းတော်ကြီးတစ်ပါးက မိန့်ကြားသည်။

မွန်ပြည်နယ်နည်းတူ အခြားပြည်နယ်တွင်လည်း လာမည့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ အာဏာပိုင်တို့က ပြည်သူ့စစ်အင်အား တိုးမြှင့် ဖွဲ့စည်းသွားမည်ဟု ကြားသိရကြောင်း အထက်ပါသံဃာတော်က မိန့်သည်။

လွန်ခဲ့သော ရက်သတ္တပတ်တွင် ကျိုက်မရောမြို့နယ် ကော့သိုက်ကျေးရွာ၌ ကျေးရွာပြည်သူ့စစ်သင်တန်းအတွက် လူငယ်များကို စုဆောင်းနေကြောင်း ရွာခံတစ်ဦးက ပြောသည်။

လွန်ခဲ့သောနှစ်တွင် စစ်အစိုးရ၏ ပြည်သူ့စစ်မဟာဗျူဟာ ပေါ်လာပြီးနောက် သက်ဆိုင်ရာဒေသအတွင်းရှိ ကျေးရွာဒေသခံများကို နိုင်ငံတော် အရံအင်အားတစ်ရပ် ဖြစ်လာမည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ကျေးရွာပြည်သူ့စစ်တပ် ဖွဲ့စည်းနေခြင်း ဖြစ်သည်ဟု မွန်ပြည်သစ်ပါတီမှ ဗိုလ်မှူးကြီးဟောင်း နိုင်ကောင်းတလရော့က ပြောသည်။

“နအဖက ယခုလို ကျေးလက်ဒေသတွေမှာ ပြည်သူ့စစ် အတင်းဝင်ခိုင်းနေတယ်ဆိုတာက တကယ်လို့ ရွာတွေမှာ သူတို့နဲ့ ဆန့်ကျင့်ဘက်ဖြစ်တဲ့ အဖွဲ့အစည်းတွေ လာပြီး ငွေတောင်းလို့ရှိရင် ပြန်ခုခံဖို့ပဲ၊ နောက်ပြီး ဒီလိုလာရောက်ရင် သူတို့ဆီ အမြန်သတင်းပေးဖို့ပဲ။ ရွာခံက ပြည်သူ့စစ်ဖြစ်တော့ ကြမ်းကြမ်းတမ်းတမ်း လုပ်လို့မရဘူးပေါ့။” ဟု ၄င်းက ဆက်ပြောသည်။

အချို့ကျေးရွာများ၌ ဒေသခံတို့သည် ပြည်သူ့စစ်များထံမှ ကျေးရွာလုံခြုံရေး မရသည့်အပြင် ပြည်သူ့စစ်အတွက် တစ်နှစ်လျှင် စပါးတင်း (၁၀၀) ထောက်ပံ့နေရကြောင်း ပြည်သူ့စစ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်တောင်ပိုင်း ခေါဇာမြို့နယ်ခွဲတွင်လည်း ပြည်သူ့စစ်သင်တန်းသားများ ရရှိရန်အတွက် အာဏာပိုင်တို့မှ လွန်ခဲ့သည့်ရက်သတ္တပတ်က ရွာသားများကို အစည်းအဝေး ခေါ်ယူခဲ့သည်။
ပြည်သူ့စစ်အတွက် ရွာသား ၃၀ ဦးကို လျာထားပြီး သင်တန်းသားများကို ပေါက်မဲစနစ်ဖြင့် ရွေးချယ်မည်ဟု အစည်းအဝေးတက်ရောက်သူတို့က ပြောသည်။ မဲမပေါက်သည့် ရွာသားများမှာ ၄င်းသင်တန်းများ၏ စားဝတ်နေရေးအတွက် ငွေကြေးပေးဆောင်ရမည် ဖြစ်သည်။

လွန်ခဲ့သော မတ်လ (၂၃) ရက်တွင်လည်း မုဒုံမြို့၌ အာဏာပိုင်တို့က မြို့ခံပြည်သူ့စစ်များ သုံးစွဲရန် လက်နက်အဟောင်းကို လက်နက်သစ်ဖြင့် လဲလှယ်ပေးခဲ့သည်ဟု သိရပါသည်။

No comments: