Friday, October 23, 2009

ခြင်းထဲက ကြက်များ

အောင်ဇော်

ရန်ကုန်မှ မိတ်ဆွေ တဦးက ပြောလာသည်။ မြန်မာ စစ်အစိုးရက ၎င်းတို့ ထံတွင် "လွတ်လပ်သည့် သတင်းဌာန" များ လိုအပ် ကြောင်း သဘော ပေါက်လာ ကြပြီး ဤအကြောင်းကို အာဏာပိုင် များက ဒေသခံ သတင်း မီဒီယာဌာန များသို့လည်း ပြော သည်၊ အားပေး မှုများလည်း လုပ်ဆောင်နေ သည်ဟု ဆိုသည်။

ကျနော်က စိတ်လှုပ်ရှားလာပြီး "မြန်မာနိုင်ငံမှာ မကြာခင် လွတ်လပ်တဲ့သတင်းဌာနတွေ ပြန်ပေါ်ထွက်လာနိုင်သလား" ဟု မေးဖြစ်သည်။

ကျနော့်မိတ်ဆွေက ရယ်သွမ်းသွေးလိုက်သည်။ ကျနော်၏ မျှော်လင့်စိတ်ကူးများ အချိန်မတန်သေးကြောင်းလည်း ပြော သည်။ "ခြင်းထဲက ကြက်တွေလိုပါပဲဗျာ" ဟု သူက မြန်မာစကားပုံတခုကို ရည်ညွှန်းပြောလာသည်။ ကျနော်ေ၀၀ါး နေ မည်စိုးသောကြောင့် ၎င်းမိတ်ဆွေက ရှည်လျားစွာ ဆက်လက်ရှင်းပြလာသည်။

မကြာသေးမီက မြန်မာနိုင်ငံတွင် ယခင်ကပိတ်ပင်တားမြစ်ထားသော နာမည်များ ပြန်လည်ပုံနှိပ်ဖော်ပြနိုင်သည့် အခွင့် အရေး တချို့ပေးလာခဲ့သည်။

ဤသို့ ပိတ်ပင်ထားသည့် အမည်များတွင် နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ လွန်ခဲ့သည့် နှစ်အနည်းငယ် ခန့်က အမေရိကန်နိုင်ငံတွင် ကွယ်လွန်လေသူ သူပုန်ကဗျာဆရာ ဦးတင်မိုး၊ အင်းစိန်အကျဉ်းထောင်အတွင်း ၁၉၉၁ ခုနှစ်က နှိပ်စက်ညှဉ်းပန်းခံရ၍ သေဆုံးခဲ့ရသော လှောင်ပြောင်သရော်ရာတွင် လက်သံပြောင်လှသည့် စာရေးဆရာ မောင်သော်က စသည့် နာမည်များ ပါဝင်ကြသည်။

တချို့သော စာစောင်များက ၂၀၁၀ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆောင်းပါးများ၊ တွေ့ဆုံ မေးမြန်း ခန်းများလည်း ဖော်ပြခွင့်ရလာသကဲ့သို့ သတိချပ်သည့် အသုံးအနှုန်းများနှင့် ဆွေးနွေးငြင်းခုန်မှုများလည်း ပြုလာနိုင်ကြ သည်။

ဤသို့ ဖော်ပြကြသည့် စာစောင်များအနက် တခုဖြစ်သော The Voice weekly အပတ်စဉ်ထုတ်ဂျာနယ်တွင် ရွေးကောက်ပွဲ ကို ချီးမြှောက်ထားချိန်၌ အငြင်းပွားဖွယ် ဖြစ်သော အယ်ဒီတာ့အာဘော်များ၊ ဆောင်းပါးများ ဖော်ပြနိုင်ခဲ့သည်။

၎င်းဂျာနယ်က ၅၀၀၀ ကျပ်တန် ငွေစက္ကူအသစ် ထုတ်ဝေသည်ကို ကြိုဆိုသည့် အရေးအသားများ ဖော်ပြခဲ့ပြီး အမေရိကန် ပြည်ထောင်စု ဆီးနိတ်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်၏ သြဂုတ်လ ခရီးစဉ်၊ အမေရိကန်-မြန်မာဆက်ဆံရေး ပြန်လည် တိုးတက် ကောင်းမွန်လာခြေ မျှော်လင့်ချက်အပြည့်ရှိနေပုံ အကြောင်းများ ရေးသားဖော်ပြနိုင်ခဲ့သည်။

သေချာသည့်အချက်မှာ စစ်အစိုးရကို ထောက်ခံသည့် အရေးအသားများကြောင့် တုံ့ပြန်မှုများ ရင်ဆိုင်ကြရခြင်းပင်။ ပြည် တွင်း ပြည်ပရှိ တက်ကြွလှုပ်ရှားသူအုပ်စုများကမူ ဤအရေးအသားများအပေါ် ဒေါသအကြီးအကျယ် ထွက်ကြသည်။

ပို၍စိတ်ဝင်စားဖွယ်အချက်မှာ ရန်ကုန်ရှိ စဉ်ပြိုင်သဖွယ် ဖြစ်နေသည့် ရောင်းအားကောင်းသော Weekly Eleven ဂျာနယ်အပါအ၀င် တချို့စာစောင်များကလည်း The Voice Weekly တွင် ဖော်ပြထားသည့် အယ်ဒီတာ့အာဘော် အရေးအသားကို ဆန့်ကျင်ဝေဖန်သည့် အရေးအသားများ ဖော်ပြခဲ့ကြသည်။ ဤသို့ဖြစ်လျှင် အများကသံသယရှိကြသည် မှာ စစ်အစိုးရက ဤစာစောင်များအကြား ပဋိပက္ခပိုမို ပြင်းထန်လာစေရန် ကစားနေပြီး၊ အယ်ဒီတာများအကြား အမုန်းပွား လာစေရန် ဖန်တီးနေသည်ဟု မြင်ကြသည်။

ဤသို့ဖြင့် ကြက်ခြင်းထဲမှ ခွပ်ပွဲကြီး စတင်လာသည်ဟု ကျနော့်မိတ်ဆွေက ရယ်ပွဲဖွဲ့သည်။ မြန်မာနိုင်ငံတွင် "လွတ်လပ် သည့် သတင်းမီဒီယာဌာနများ" ရရှိနိုင်ရေးအတွက် တိုက်ပွဲကို ကြိုဆိုကြပါစို့ဟု သူကဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံးဟု ဆိုနိုင်သည့် ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းကြီး ၅ ခု ရှိနေသည်။ Living Color Media, Eleven Media Group,Myanmar Consolidated Media Ltd, Yangon Media Group နှင့် Modern Journal Group တို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံ မီဒီယာလောက၏ အင်အားကြီးဦးဆောင်သူများဟု ဆိုနိုင်သည့် ဒေါက်တာ နေ၀င်း မောင်၊ ဒေါက်တာသန်းထွဋ်အောင်၊ ဒေါက်တာတင်ထွန်းဦး၊ ကိုကို (စက်မှုတက္ကသိုလ်) နှင့် ဦးဝေလျံတို့က ဤလုပ်ငန်းကြီး ၅ ခုကို နှစ်ပေါင်းများစွာ ကတည်းက လည်ပတ်လုပ်ကိုင်လာကြသူများ ဖြစ်သည်။

ဤပုံနှိပ်မီဒီယာ ၅ ခုက မှန်မှန်တိုးတက်နေလျှက်ရှိပြီး လာမည့်အနာဂတ်တွင် အခွင့်ရပါက နေ့စဉ်သတင်းစာထုတ် ဝေ မည်ဟု သူတို့၏မျှော်မှန်းထားချက်များကိုလည်း ဖုန်းကွယ်လျှို့ဝှက်ထားခြင်း မရှိကြပါ။ မည်သို့ဖြစ်စေ သူတို့သတင်းစာ ထုတ်နိုင်မည့်အရေးအတွက် အကြောင်းမလှဖြစ်နေသည့်အချက်မှာ နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များထံမှ အခါအခွင့်ပေး သည်ကို စောင့်ဆိုင်းနေကြရခြင်း ဖြစ်သည်။

စစ်အာဏာရှင် အစိုးရ အုပ်ချုပ်နေသည့် မြန်မာနိုင်ငံတွင် အယ်ဒီတာများနှင့် ပုံနှိပ်ထုတ်ဝေသူများမှာ အကယ်၍ စစ်အစိုးရ ကို မြှောက်ပင့်ထောက်ခံနေကြသူများ မဟုတ်လျှင်သော်မှ သူတို့၏ စာစောင်များ အသက်ဆက်နိုင်ရေးအတွက် အာဏာ ပိုင်များ၏ လမ်းကြောင်းကို သတိထားလိုက်နာပေးနေရပါသည်။ အစွမ်းထက်သည့် ဗိုလ်ချုပ်ကြီးများ၊ သို့မဟုတ် ထိပ်သီး ခေါင်းဆောင်ကြီးများနှင့် နီးစပ်သူများကို အနီးကပ် ပေါင်းသင်းဆက်ဆံမှုများလည်း ပြုထားကြရသည်။

စိတ်ဝင်စားဖွယ်ကောင်းသည့် အချက်မှာ မြန်မာနိုင်ငံ၏ နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် စာပေစိစစ်ရေးနှင့် ပုံနှိပ်ထုတ် ဝေရေး လုပ်ငန်းများ မှတ်ပုံတင်ရေးအဖွဲ့ အကြီးအကဲ ဗိုလ်မှူးတင့်ဆွေက လူအများထင်ထားသလောက် ပေါက်ရောက် အစွမ်းထက်လှသည့် ပုဂ္ဂိုလ်မဟုတ်ပါ။

ဗိုလ်မှူးတင့်ဆွေ၏ အထက်လူကြီး၊ တချိန်က သူ၏လုပ်ရပ်များကြောင့် မြန်မာ့ ဟာသ ကာတွန်းအလီ (Comical Ali) ဟု လှောင်ပြောင်ခံခဲ့ရသည့် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း (အီရတ်နိုင်ငံမှ ယခင်ပြောင်လိမ်ခဲ့သည့် ပြန်ကြားရေး ၀န်ကြီးဟောင်း မိုဟာမက် ဆာယိဒ် အယ်လ် ဆာဟဖ် Mohammed Saeed al-Sahhaf ကို ရည်ညွှန်းခေါ်ဆိုခဲ့ကြခြင်း ဖြစ် သည်) သည်ပင် ဒေသခံ သတင်းမီဒီယာဌာနများကို သူ၏ သြဇာလွှမ်းနိုင်ခြင်း မရှိခဲ့ပါ။ မကြာသေးမီကာလက ဗိုလ်မှူးချုပ် ကျော်ဆန်း ဘေးဖယ်ခံထားခဲ့ရသော်လည်း စစ်အစိုးရ၏ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ရွှေမန်း ကြည့်ရှုစောင်မမှုကြောင့် သာ ယခုနေရာ ဆက်လက်တည်မြဲနေရခြင်း ဖြစ်သည်။

ရွေးကောက်ပွဲပြီး နောက်ပိုင်းကာလတွင် လွတ်လပ်သည့် သတင်းမီဒီယာများ လိုအပ်မည်ဖြစ်ကြောင်း စိတ်ဓာတ်စစ်ဆင် ရေး အရာရှိလုပ်ခဲ့ဖူးသူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကောင်းကောင်း တွက်ချက်သိထားနိုင်သကဲ့သို့ ၎င်းနှင့် နီးစပ်သည့် လက်အောက်ဝန်ထမ်းများက မြန်မာနိုင်ငံရှိ ပုံနှိပ်ထုတ်ဝေမှုများကို တိုက်ရိုက်ကြီးကြပ် ထိန်းချုပ်နေခြင်းလည်း ဖြစ်နိုင် သည်။

စာပေစိစစ်ရေးအဖွဲ့နှင့် နီးစပ်သူ နားကြီးမျက်စိကြီး အသိုင်းအ၀ိုင်းများက ဗိုလ်ချုပ်သန်းရွှေနှင့် တခြားထိပ်သီး ခေါင်းဆောင် များက ရည်ရွယ်ချက်ရှိရှိနှင့် တမင် ထိန်းချုပ်မှုများလျှော့ပေး၍ လွတ်လပ်ခွင့်ပေးနေသည်ဟုလည်း ဆိုကြသည်။

ဤသို့ဖြင့် မကြာသေးမီကစ၍ ဒေသခံ ဂျာနယ်မဂ္ဂဇင်းများတွင် ယခင်ပိတ်ပင်ထားသည့် နာမည်များ ပြန်လည်ဖော်ပြခွင့် ရ လာကြပြီး နိုင်ငံရေး ဆွေးနွေးငြင်းခုန်မှုများကိုလည်း ဖော်ပြလာနိုင်ကြသည်။ သို့သော် ရွေးကောက်ပွဲနှင့် ပတ်သက်၍ မေးခွန်း ထုတ်သည့်သူ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်နှင့် ပတ်သက်၍ ဝေဖန်ပြောဆိုသူမှာ အလွန်မှနည်း လွန်းလှပါသည်။

မည်သို့ပင်ဖြစ်စေ ဂျာနယ်များ အားလုံးက စစ်အစိုးရ၏ ၀ါဒဖြန့်ချိရေး ဆောင်းပါးများကို မဖြစ်မနေ ဖော်ပြနေကြရပါသေး သည်။

ကျနော့်မိတ်ဆွေက ဟောကိန်းထုတ်သည်မှာ များမကြာတော့မည့်ကာလတွင် ပုဂ္ဂလိကသတင်းစာများလည်း ခွင့်ပြုလာနိုင် သည်ဟု ဆိုသည်။ သို့သော်လည်း ဤသတင်းစာများက စစ်တပ်နှင့် လာမည့်အစိုးရသစ်အပေါ် ဆက်လက်သစ္စာခံရေးသား နေမည့်အရေးကိုလည်း စစ်ဗိုလ်ချုပ်ကြီးများက သေချာအောင် ဆောင်ရွက်ချင်နေသေးသည်။

“ဗိုလ်ချုပ်သန်းရွှေက ရူးအ နေသူတော့ မဟုတ်ဘူး၊ သူ့အလိုကျ အရောင်အသွေးမျိုးစုံ ဖြစ်နေတာမျိုးကို ဖန်တီးချင်တယ်။ အခု သူက ရန်ကုန်မှာထုတ်ဝေနေတဲ့ စာစောင်တွေကို သေချာလေ့လာနေပြီး၊ လာမည့်အနာဂတ်မှာ အစိုးရက ဘယ်သူ တွေနဲ့ လက် တွဲ လုပ်နိုင်မလဲဆိုတာ စောင့်ကြည့်နေတယ်”ဟု ထိုမိတ်ဆွေက ဆိုသည်။

ဤသို့ဆိုလျှင် စစ်အစိုးရသည် တချိန်က မြန်မာနိုင်ငံတွင် ရှင်သန်အားကောင်းခဲ့သော သတင်းစာလွတ်လပ်ခွင့်မျိုး ပြန်လည် ဖန်တီးပေးလိုခြင်း မဟုတ်ပေ။ ၎င်းတို့က သတင်းစာလွတ်လပ်ခွင့်ကို ဇက်ကြိုးတပ် ထိန်းချုပ်ခဲ့ပြီး သတင်းသမား များကိုလည်း ထောင်သွင်း အကျဉ်းချထားခဲ့သည်။ ယခုတိုင်လည်း အလားတူ ဆက်လက်ကျင့်သုံးနေဆဲ ဖြစ်သည်။

ပဲရစ်အခြေစိုက် သတင်းမီဒီယာများ လွတ်လပ်ခွင့်ကို လေ့လာစောင့်ကြည့်နေသည့် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (Reporters without Borders) က မြန်မာနိုင်ငံကို သတင်းလွတ်လပ်မှု အနည်းဆုံးဖြစ်သည့် နိုင်ငံ ၁၇၂ နိုင်ငံတွင် အဆင့် ၁၇၀ ၌ သတ်မှတ်ဖော်ပြခဲ့သည်။

နေပြည်တော်ရှိ တပ်မတော်ထိပ်သီးခေါင်းဆောင်များနှင့် နီးစပ်သည့် သူများက သတင်းမီဒီယာများကို ထိန်းချုပ်ရသည်မှာ လွယ်ကူသည့်ကိစ္စမဟုတ်ကြောင်း ဖွင့်ဟ၀န်ခံခဲ့ကြသည်။

ယခင် ထောက်လှမ်းရေးအကြီးအကဲဟောင်းနှင့် ၀န်ကြီးချုပ် ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးခင်ညွန့် အာဏာ ရှိနေစဉ်ကာလ၌ သူက အရောင်အသွေးစုံလှသည့် မြန်မာတိုင်းမ်စ် (The Myanmar Times) အပတ်စဉ်ဂျာနယ်ကို ပုံနှိပ်ထုတ်ဝေခွင့်ပြုခဲ့ပြီး နာမည်ဆိုးဖြင့် ကျော်ကြားနေရသည့် မြန်မာနိုင်ငံကို အဖတ်ဆယ်ရန် ကြိုးစားခဲ့သကဲ့သို့ ပြင်ပမှ ဝေဖန်နေသည့် သတင်းစာ များကိုလည်း တန်ပြန်ရန် ဆောင်ရွက်ခဲ့ဖူးသည်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က တချိန်က မြန်မာ တိုင်းမ်စ် သတင်းစာကို အဆင်မြင့်ပါးနပ် ကျွမ်းကျင်လှသည့် ၀ါဒဖြန့်ချိရေး ယန္တရား ဟုပင် ကင်ပွန်းတပ်ခဲ့ဖူးသည်။

၂၀၀၄ ခုနှစ်၊ အောက်တိုဘာလတွင် ဗိုလ်ချုပ်ခင်ညွန့်ပြုတ်သည်မှစ၍ မြန်မာတိုင်းမ်စ်နှင့် ယှဉ်ပြိုင်ရန် တခြားသတင်း ဂျာနယ်များ ထွက်ပေါ်လာခဲ့သည်။ Weekly Eleven, The Voice Weekly နှင့် Yangon Times ဂျာနယ် အသစ် ၃ စောင် ထင်ပေါ်လာခဲ့ သည်။

၎င်းတို့ ကျင့်သုံးသော မဟာဗျူဟာမှာ ကြက်များကို လွှတ်မပေးဘဲ နောက်ထပ်ကြက်များကို ခြင်းထဲသို့ ထပ်ထည့်ခြင်းသာ ဖြစ်သည်။

အကယ်၍ မြန်မာနိုင်ငံတွင် သတင်းစာလွတ်လပ်ခွင့်သာ ရှိပါက ဧရာဝတီမဂ္ဂဇင်းကို မြန်မာနိုင်ငံတွင် ပြန်၍ထုတ်ဝေမည်ဟု ကျနော်က အကောင်းမြင် ရှိနေဆဲဖြစ်သည်။ ကျနော့်မိတ်ဆွေများကို ပြောပြရာ၌ မြန်မာနိုင်ငံရှိ တချို့သော အယ်ဒီတာများ၊ ပုံနှိပ်ထုတ်ဝေသူများမှာ အပြောင်းအလဲ အစစ်အမှန်ကို ယုံကြည် တောင့်တနေကြဆဲ ဖြစ်ပြီး ဤသို့ လွတ်လပ်ခွင့်များ ဖြစ် ပေါ်လာစေရန် ဆက်လက်တံခါးခေါက် လှုပ်ရှားနေကြမည်မှာလည်း မလွဲပင် ဖြစ်သည်။

ကျနော့်မိတ်ဆွေက ပို၍သတိကြီးသည်။ ကျနော့်ကို သိပ်ပြီးဆန္ဒမစောရန်လည်း တိုက်တွန်းသေးသည်။

"တချို့ကြက်တွေက သတ္တိရှိပါတယ်။ သူတို့က ပြန်ခွပ်ကြတယ်။ ဒါပေမယ့် ခင်ဗျားက ရွေးကောက်ပွဲကို သိပ်ပြီး အသံ ကျယ်ကျယ်နဲ့ ဆန့်ကျင်မယ် ဆိုရင်တော့ နေပြည်တော်က ခင်ဗျားကို သတိထားမိလာမှာပဲ" ဟု သူက ဆိုသည်။

စစ်အစိုးရက ရည်ရွယ်နေသည်မှာ ပုံနှိပ်ထုတ်ဝေနေသူများကြားထဲ မည်သူက ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံသည်၊ မည်သူတွေက ဆန့်ကျင်နေသည်ကို သိရှိလာစေရန် ဖွင့်ပေးနေခြင်းသာဖြစ်ကြောင်း သူက သတိပေးသည်။

ဤသို့ဖြင့် ကြက်များက ခြင်းထဲတွင် အချင်းချင်း ခွပ်နေကြသည်။ တိုက်ခိုက်နေကြသည်။ သူက ပြောရာတွင် တချို့ကြက် များက အခွင့်အရေးသမားများ ငဖားများသာဖြစ်ပြီး စစ်အစိုးရအလိုကျ လိုက်ရေးနေသည့်အတွက် များမကြာမီပင် ပြည်သူ့ ရန်သူ ဖြစ်ကုန်ကြရသည်ဟု ဆိုသည်။ တချို့ကြက်များက ပြန်၍တိုက်ခိုက်လိုကြသော်လည်း သူတို့တွင် အချုပ်အနှောင် အကန့်အသတ်များ ရှိနေသေးသည်။

ထိုမျှမက ကျနော့်မိတ်ဆွေက စိတ်ဝင်စားဖွယ် အတွင်းသတင်းလေးကိုပင် မျှဝေလိုက်သေးသည်။ စစ်အစိုးရ၏ ထောက် လှမ်းရေးဌာနများနှင့် အထူးသတင်းတပ်ဖွဲ့တို့က အင်အားကောင်းနေကြသည့် အယ်ဒီတာများ၊ ပုံနှိပ်ထုတ်ဝေသူများနှင့် တချို့ပညာရှင်များ၏ ပျော့ကွက်၊ အားနည်းချက်များကို စုဆောင်းသတင်းရယူနေကြသည်ဟုလည်း ဆိုသည်။ ဤသို့ စု ဆောင်းနေကြသည့် သတင်းများတွင် ပုဂ္ဂိုလ်ရေးဇာတ်လမ်းများ၊ စီးပွားရေးတွင် ပါဝင်ပတ်သက်နေမှုများနှင့် ပြည်ပရှိ အုပ်စု များနှင့် လျှို့ဝှက်ဆက်သွယ်နေမှုများလည်း ပါဝင်သည်ဟု ဆိုသည်။

အတွင်း သတင်း နှိုက်နှိုက်ချွတ်ချွတ် သိရှိထားသူ ကျနော့်မိတ်ဆွေက ရယ်မောရင်း ပြောလိုက်သေးသည်။ အကယ်၍ ယခုနာမည်ကြီးတဦးဦးသာ စည်းဖောက်လာခဲ့ပါက စစ်အစိုးရက အမှုဆင်၍ ထောင်ထဲထည့်တော့မည်ဟု ဆိုသည်။

သူက“တကယ်တော့ သူတို့တွေဟာ ခြင်းထဲက ကြက်တွေလိုပါပဲ”ဟုလည်း နောက်ဆုံး မှတ်ချက်ပေးခဲ့လေသည်။

အောင်ဇော်ရေးသားသည့် Chicken in the Basket ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

No comments: