Friday, October 23, 2009

ဆန္ဒပြအရေးဆိုသူများက ကုမ္ပဏီကို လျော်ကြေးပေးရ

မင်းနိုင်သူ / ၂၃ အောက်တိုဘာ ၂၀၀၉

ရေနံဈေးနှိမ်ဝယ်ယူသည်ကို မကျေနပ်သဖြင့် ဆန္ဒပြခဲ့သော မှော်လုပ်သားများသည် ဖမ်းဆီးထိန်းသိမ်းခံရရုံသာမက လျော်ကြေးပါ ပေးဆောင်ကြရပြီး အမှုပိတ်သိမ်းခံရကြောင်း နှောပင်ရေနှံမှော်မှ တွင်းပိုင်တဦးက ပြောသည်။

မကွေးတိုင်း မြိုင်မြို့နယ် နှောပင်ရေနံမှော်မှ ရေနံရှာဖွေသူများသည် (၆) လကျော်အကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြရပြီးနောက် ကောင်းဇော်ဟိန်းကုမ္ပဏီက ၎င်းတို့ထံမှ သိန်း (၂၅၀) လျော်ကြေးတောင်းကာ အမှုပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ (၇) လပိုင်းကုန်လောက်က ကုမ္ပဏီက သိန်း (၂၅၀) တောင်းပြီး အမှုကို ကျေအေးရုပ်သိမ်းလုပ်သွားတာ။ ပခုက္ကူထောင်မှာ အဖမ်းခံထားရတဲ့ လူ (၂၀) လောက်လည်း ပြန်လွတ်လာတယ်။ သူတို့အပြင် အမှုနဲ့ဆက်စပ်တဲ့ လူ (၄၀) လောက်ပေါင်းပြီး လျော်ကြေးပေးကြရတာ။ မတရားခံခဲ့ကြရတာဆိုတော့ မကျေနပ်ကြဘူးရယ်။ ကုမ္ပဏီဘက်မှာ အစိုးရက အကာအကွယ်ပေးထားလို့သာ ငြိမ်ခံနေကြရတာ။ တရားတာမှမဟုတ်ဘဲ” ဟု နှောပင်ရေနှံမှော်မှ တွင်းပိုင်က ပြောသည်။

မကွေးတိုင်း တိုင်းမှူး၏ အစ်မပိုင်ဆိုင်သော ကောင်းဇော်ဟိန်းကုမ္ပဏီက ရေနံဈေးနှိမ်ဝယ်ယူခြင်း၊ ဂါလန်ပိုရရှိရေးအတွက် ဖောင်းထားသော ပေပါများ အသုံးပြုဝယ်ယူခြင်း၊ ရေနံတူးစက်သုံး ဒီဇယ်အချောဆီ ဈေးတင်ရောင်းချခြင်းတို့ကြောင့် ရေနံတူးဖော်သူများက ကုမ္ပဏီကို ၀ိုင်းဝန်းအရေးဆိုကြသဖြင့် ပြီးခဲ့သည့် ဇန်န၀ါရီ (၈) ရက်၌ ဒေသခံ ခလရ (၂၅၇) တပ်က ရေနံတူးဖော်သူများကို ပစ်ခတ်နှိမ်နင်း၍ ဖမ်းဆီးခဲ့သည်။ ထို့အပြင် ရေနံပွဲစားနှင့် တွင်းပိုင်အချို့တို့လည်း ဖမ်းဆီးစစ်ဆေး မေးမြန်းခံကြရသည်။

“ပခုက္ကူထောင်မှာထည့်ထားပြီး နေပြည်တော်ကကို လာစစ်တာ အတော်ကြာတယ်။ အခုတော့လည်း မတရားအပြုခံရတဲ့ အရပ်သားတွေကပဲ လျော်ကြေးပေးလိုက်ရတာပါပဲ” ဟု နှောပင်တွင်းပိုင်က ပြောသည်။

ကောင်းဇော်ဟိန်းကုမ္ပဏီကို အရေးဆိုဆန္ဒပြခဲ့ကြသည့် ရေနံတူးဖော်သူများက ဒေါသထွက်ကာ ကုမ္ပဏီစခန်းနှင့် ကားနှစ်စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသည်။

“စခန်းဂိုဒေါင်ကို မီးရှို့တော့ ကုမ္ပဏီပိုင် ရေနံပေပါ အလုံး (၇၀) လောက်လည်း ပါသွားတယ်။ အဲဒါတွေအတွက် လျော်ကြေး ပေးရမယ်ဆိုပြီး သိန်း (၂၅၀) တောင်းတာပဲ။ ဒါပေမယ့် ကုမ္ပဏီကလည်း သူတို့ မတရားလုပ်တာဆိုတော့ မယူရဲဘဲနဲ့ ကျေးရွာဆေးခန်းကို ပြန်လှူတယ်ဆိုပြီး လုပ်သွားတယ်” ဟု နှောပင်ဒေသခံက ပြောသည်။

ကောင်းဇော်ဟိန်းကုမ္ပဏီသည် ယခုအထိ နှောပင်ရေနံမှော်တွင် အခြေစိုက်နေဆဲဖြစ်ပြီး ရေနံတွင်းပိုင် အများအပြားကမူ တွင်းနုတ်သွားကြပြီဖြစ်ကြောင်း သိရသည်။

“လုပ်ငန်းတွေက လုပ်မကောင်းတော့ပါဘူး။ မတရားခံရတာတွေလည်း များနေတော့ အတော်များများက တွင်းနုတ်ကုန်ပါပြီ။ နယ်ခံတွင်းပိုင်တွေလောက်ပဲ ကျန်ခဲ့တော့တာ” ဟု ဒေသခံက ပြောသည်။

အရပ်ဘက် ရေနံစိမ်းတူးဖော်ရေးလုပ်ငန်းကို ၂၀၀၅ ခုနှစ်မှစပြီး စစ်ကိုင်း တန့်ဆည်မြို့နယ်၊ ယင်းမာပင် စသည့် နယ်မြေတို့အပြင် မကွေးတိုင်း မြိုင်မြို့နယ် ဆူးကွင်း၊ ပုံတောင်ပုံညာ နတ်ထိပ်၊ ဆောမြို့နယ် ဆိပ်ဖြူ စသည့် ဒေသများတွင် စတင်လုပ်ကိုင်ခဲ့ကြသည်။

စီးပွားရေးကျပ်တည်းမှုကြောင့် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းမှ လူငယ်များ အဆိုပါ ရေနံမှော်များသို့ သွားရောက်လုပ်ကိုင်ခဲ့ကြပြီး ထိုအချိန်က မြို့ပေါ်၌ ကျွမ်းကျင်အလုပ်သမားတဦးကို တနေ့ ကျပ် (၁,၀၀၀) ပေးနေသည့်အချိန်တွင် ရေနံမှော်အလုပ်သမားတဦးအား တနေ့ ကျပ် (၂,၀၀၀) ထိ ပေးသည့်အတွက် လူငယ်များပိုပြီး သွားရောက်ခဲ့ကြသည်။

ယခုအခါ ရေနံမှော်လုပ်ငန်းများတွင် အာဏာပိုင်များက ခေါင်းပုံဖြတ်ဝေစုခွဲယူမှုများ များပြားလာသဖြင့် တွင်းပိုင်များ တွင်းနုတ်ကုန်ကြပြီဖြစ်ရာ ရေနံတူးလုပ်သား အများအပြားမှာ အလုပ်လက်မဲ့ဖြစ်ကြရသည်ဟု တွင်းပိုင်များက ပြောသည်။

“တွင်းပိုင်ဆိုတာ အရှုံးရှိတယ် အမြတ်ရှိတယ်။ အထွက်များရင် မြတ်မယ်၊ မထွက်ရင် ရှုံးမယ်။ အဲ…အစိုးရက နောက်ခံပေးထားတဲ့ ကုမ္ပဏီကတော့ သူတို့ကိုယ်တိုင် တတွင်းမှ မတူးဘဲနဲ့ အသားလွတ်အမြတ်ရနေတာ။ ဘာစွန့်စားမှုမှ မလုပ်ရဘဲနဲ့ ရတာ။ အလုပ်သမားတွေကို သနားတော့ သနားတာပေါ့ဗျာ။ ဒါပေမယ့် ကိုယ်လည်း ခေါင်းပုံဖြတ်ခံရတာများပြီး ကိုက်မှမကိုက်တာ ဆက်မလုပ်နိုင်တော့ဘူး” ဟု ရေစကြိုမြို့ခံ တွင်းပိုင်တဦးက ပြောသည်။

No comments: