Thursday, October 22, 2009

မြ၀တီမှ ရဲတပ်ဖွဲ့ဝင်များ လာဘ်စားမှုဖြင့် အဖမ်းခံရ

ရဲရင့်

ဒုစရိုက် လုပ်ငန်း များမှ လာဘ်ငွေ ရယူသည့် ရဲအရာရှိ (၂) ဦးကို နေပြည်တော် မှလာသည့် အထူး စစ်ဆေးရေး အဖွဲ့က မြ၀တီမြို့တွင် တနင်္လာနေ့က ဖမ်းဆီး လိုက်သည်။

မြ၀တီမြို့နယ်ရဲတပ်ဖွဲ့မှ ဒု-ရဲအုပ်များဖြစ်သည့် အေးထွန်းနှင့် စိုးနိုင်ဝင်းတို့သည် မြ၀တီမြို့နယ်အတွင်းရှိ ပြည့်တန်ဆာရုံများ၊ အနှိပ်ခန်းများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သူများထံမှ လာဘ်ငွေရယူမှုများဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ရဲစခန်းနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းတို့နှင့်အတူ ပူးပေါင်းပါဝင်ပတ်သက်သည့် ရဲတပ်ကြပ်များဖြစ်သည့် ထွန်းအောင်နှင့်ဟန်သိန်းဦးတို့နှစ်ဦးမှာ လက်နက်ငယ် (၁) လက်နှင့်အတူ ထိုင်းဘက်သို့ ထွက်ပြေးသွားသောကြောင့် မြ၀တီရဲက အပူတပြင်းလိုက်လံရှာဖွေလျက်ရှိသည်။

အဆိုပါရဲတပ်ဖွဲ့ဝင် (၄) ဦးသည် မကြာခင်ကဖြစ်ပွားခဲ့သည့် မြ၀တီမြို့ပြင်ရှိ မဲ့ထော့တလေးရွာ၌ ယာဘခေါ်စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိရာတွင် လာဘ်ငွေအဖြစ် ထိုင်းဘတ်ငွေ (၇) သောင်း ရယူခဲ့သည့်ဖြစ်ရပ်ကို အထက်မှစုံစမ်းသိရှိခဲ့ရာမှ အမှုမှန်ပေါ်ပေါက်ခြင်းဖြစ်သည်ဟု ဒေသခံရဲတပ်သားတဦးက ပြောသည်။

အဆိုပါအမှုအပါအ၀င် မြ၀တီရှိ ပြည့်တန်ဆာရုံများ၊ အနှိပ်ခန်းများကိုလည်း တလလျှင် တရုံကို ကျပ်ငွေသိန်းချီ၍ လာဘ်ငွေရယူခဲ့မှုများလည်း ပါဝင်သည်ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ လာဘ်ငွေရယူမှုများကို မကြာမီက ပြောင်းရွှေ့ခံလိုက်ရသည့် ယခင်မြ၀တီမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးတင့်လူ လက်ထက်တွင် အခြေအနေဆိုဝါးခဲ့ပြီး ယခုအမှုတွဲတွင် ဦးတင့်လူလည်း အစစ်ဆေးခံနေရသည်ဟု မြို့ခံတဦးက ပြောသည်။

မြ၀တီမြို့ခံကုန်သည်ကြီးတဦးက “ဒီကိစ္စဟုတ်တယ်၊ ဟိုးလေးတကျော်ပဲ။ ရဲတွေအချင်းချင်း အဝေမတည့်လို့ဖြစ်တာ။ အလကားရတဲ့ငွေကိုတောင် အဝေမတည့်တဲ့ရဲတွေကို မြ၀တီတမြို့လုံးက လူတွေ ကြိတ်ပြီးဝမ်းသာနေကြတယ်” ဟု ပြောသည်။

မြ၀တီမြို့တွင် မော်တော်ဆိုင်ကယ်ဖြင့် ပြည့်တန်ဆာများကို ဖောက်သည်များထံ လိုက်လံပို့ဆောင်သည့် ၀န်ဆောင်မှုလုပ်ကိုင်သူတဦးက မြ၀တီမြို့တွင် ပြည့်တန်ဆာရုံနှင့် အနှိပ်ခန်းများ (၅၀) ခန့်ရှိပြီး မူးယစ်ဆေးဝါး မျိုးစုံကိုလည်း အဆိုပါနေရာများတွင် အလွယ်တကူ ရရှိနိုင်သည်ဟု ပြောသည်။

No comments: