Saturday, October 24, 2009

ကျောင်းဆောက်လုပ် ကုန်ကျစရိတ်အတွက် အလှူငွေများ ကောက်ခံ

စိုင်းနောင့် (မူဆယ်) Saturday, 24 October 2009

ကျောင်း အကျိုးတော်ဆောင် အဖွဲ့က ဒေသဆိုင်ရာ အာဏာပိုင် များနှင့် ပေါင်း၍ ကျောင်းဆောက်လုပ် ကုန်ကျ စရိတ်ကို ကျောင်းသား မိဘများ ထံမှ အတင်း အကြပ် ကောက်ခံနေ လျှက်ရှိသည်။

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ အ.ထ.က (၂) ကျောင်းအကျိုးတော်ဆောင်အဖွဲ့က ၂၀၀၇ ခုနှစ်အတွင်းက ဆောက်လုပ်ပြီးစီးခဲ့သည့် ကျောင်းဆောင် ဆောက်လုပ်စရိတ် အကြွေး သိန်း(၈၀) ကျော်အတွက် ယခုနှစ်တွင် တောင်းခံနေ ခြင်းဖြစ်သည်။


“ကျောင်းက ၂၀၀၇ ကတည်းက ဆောက်ပြီးသွားလို့ ၂၀၀၈ တနှစ်လုံးလည်း သုံးပြီးနေပြီ၊ ဘယ်သူမှ စာရင်း မစစ်နိုင်တဲ့အချိန်၊ စာရင်းဇယားတွေမရှိတော့မှ ကျောင်းသားမိဘတွေကို အစည်းဝေးခေါ်ပြီး အလှူငွေတွေ အတင်းထည့်ခိုင်းနေတာ” ဟု ကျောင်းသားမိဘတဦးက ပြောသည်။

ထို့အပြင် ကျောင်းသားများကို ပညာရည်ချွန်ဆုပေးရာတွင်လည်း အလှူငွေထည့်ဝင်နိုင်သူများကိုသာ ရွေးချယ်၍ ပေးပြီး အရည်အချင်းပြည့်မှီသူများကို ရွေးချယ်ခြင်းမရှိသည့်အတွက်လည်း ကျောင်းသားမိဘများက မကျေမနပ် ဖြစ်နေကြသည်။

၂၀၀၇ ခုနှစ် ကျောင်းဖွင့်ရာသီတုန်းကလည်း နိုင်ငံတော်က မည့်သည့်စရိတ်မှ မကောက်ရန် အမိန့်များ ထုတ်ထားသော်လည်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့က ကျောင်းသားသစ်တဦးလျှင် စာရေးခုံအတွက် ငွေကျပ် (၃၀,၀၀၀) ကောက်ခံခြင်းကို အထက်အာဏာပိုင်များထံ တိုင်ကြားခဲ့သော်လည်း တစုံတရာ အရေးယူခဲ့ခြင်း မရှိကြောင်း အဆိုပါ ကျောင်းသားမိဘက ဆက်ပြောသည်။

“အဲဒီအချိန်က ကျောင်းကော်မတီဥက္ကဌ ဦးအေးကိုကိုက အရင် (မ.ယ.က) ရုံးဝန်ထမ်းဟောင်း၊ ဘဏ္ဍာရေးမှူး ဦးသောင်းထွန်းက (မ.ယ.က) ဥက္ကဌ ဦးညွန့်ဟန်နှင့် ပတ်သက်တဲ့သူ၊ အတွင်းရေးမှူး ဦးမင်းဇော်က စသုံးလုံးရုံးကို အဝင်အထွက်ရှိတယ်၊ စာရင်းစစ် ဦးသန်းမြတ်စိုးက အရင်ပြောင်းရွှေ့သွားတဲ့ (ခ.ယ.က) ဥက္ကဌ ဦးကြည်ဝင်းရဲ့ ညီဖြစ်နေတော့ ဘယ်သူမှ အရေးယူတာမလုပ်ခဲ့ဘူး” ဟု ပြောသည်။

ယခုကဲ့သို့ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၏ လုပ်ရပ်နှင့်ပတ်သက်၍ မူဆယ်မြို့ခံ ကျောင်းသားမိဘများက တစုံတရာ အရေးယူဆောင်ရွက် ပေးစေလိုကြောင်း ၎င်းက ဆက်လက်ပြောသည်။

No comments: